အွန်လိုင်းမီဒီယာကနေ
ပုံနှိပ်မီဒီယာအဖြစ် မြင်ရတော့မယ့် မိုးမခ
ခင်လေးမြင့်၊ အလင်းတန်းဂျာနယ်၊
ဒီဇင်ဘာ ဒုတိယပတ်၊ ဒီဇင်ဘာ ၁၉၊ ၂၀၁၃
ပြည်ပရောက်
မြန်မာများ၊ တိုင်းရင်းသားများ စာရေးစရာနေရာတနေရာအဖြစ် မိုးမခအွန်လိုင်းမီဒီယာက တည်ရှိနေခဲ့တာ
ဖြစ်ပါတယ်။ မိုးမခအွန်လိုင်းမီဒီယာမှာ သုတ၊ ရသ၊ နိုင်ငံရေးအတွေးအမြင်များ ပါဝင်ပြီး
၂၀၀၃ ခုနှစ်ကစလို့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ စေတနာနဲ့ ၀ိုင်းဝန်းရေးပေးကြတာဖြစ်ပြီး
ဆရာတင်မိုး၊ မောင်စွမ်းရည်၊ အောင်ဗလ (ကြေးမုံဦးသောင်း)၊ မာမာအေး၊ ၀င်းဖေ၊ မောင်သာရ
စတဲ့ စာရေးဆရာ၊ ဆရာမများ ပါဝင်ရေးသားလေ့ရှိပါတယ်။ အွန်လိုင်းပရိသတ်သီးသန့် ရှိပေမယ့်
မြန်မာပြည်က မြန်မာစာဖတ်ပရိသတ်များ သီးသန့်ရှိတာကြောင့်ရယ်၊ အွန်လိုင်းပရိသတ်များ ပိုအားရှိအောင်
စိတ်ကူးနဲ့ မိုးမခကို လစဉ်မဂ္ဂဇင်းအဖြစ် ထုတ်ဖို့ စီစဉ်ထားပါတယ်။
‘ပြည်တွင်းမှာရှိနေတဲ့
စာပေလောကသားတွေ၊ ပြည်ပမှာရှိတဲ့ စာပေလောကသားတွေ တနေရာစီမှာ နေနေကြရတယ်။ အခြေအနေတရပ်ကြောင့်
ကျောချင်းကပ်ပြီး နေနေကြရတယ်။ မျက်နှာချင်းဆိုင်နေလို့ မရဘူး။ တယောက်နဲ့ တယောက် နှုတ်ဆက်လို့
မရဘူး။ တယောက်နဲ့ တယောက် နှုတ်ဆက်လို့ မရသော်လည်းဘဲ နှုတ်ဆက်လို့ ရသလောက် နှုတ်ဆက်တယ်၊
တွေ့ဆုံလို့ရသလောက် တွေ့ဆုံတယ်။ အများပြည်သူတွေကတော့ ဒီလူတွေကို ချစ်ခင်တယ်၊ ဆက်စပ်တယ်။
အမြဲတမ်းနွေးထွေးမှု ရှိနေတယ်ဆိုတာ သိတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေတရပ်က ခွင့်မပြုသေးတဲ့အတွက်
ဝေးနေကြရတယ်။ ဒါပေမယ့် ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ကပဲ ဖြစ်ဖြစ်၊ ၃၀ ကပဲ ဖြစ်ဖြစ်၊ ၄၀ ကပဲဖြစ်ဖြစ်
စာပေလောက၊ စာနယ်ဇင်းလောကမှာရှိတဲ့ လူကြီးတွေရော၊ လူငယ်တွေရောက အဲဒီလိုနည်းနဲ့ နေနေကြရတာ။
ဒီအချိန် ဒီအခါမှာ ကျနော်တို့တတွေလည်း ဒီနေရာကို လာပြီး ပုံနှိပ်လုပ်ငန်း လုပ်မယ်၊
စာစောင်လေးတွေ လုပ်ကြမယ်။ အခုအချိန်မှာ မျက်နှာချင်းဆိုင် တွေ့ပြီး နှုတ်ဆက်လို့ရပြီ၊
စကားပြောလို့ ရပြီ။ အခြားပူပန်သောကတွေ မရှိကြတော့ဘူး ဆိုတဲ့ အနေအထားတခုအနေနဲ့ ကျနော်တို့
ဒါလေးကို လာလုပ်ကြတာ၊ ဖြစ်တော့ မဖြစ်သေးဘူး” လို့ မိုးမခမီဒီယာ တည်ထောင်သူ မောင်ရစ်က
ဆိုပါတယ်။
မိုးမခလစဉ်မဂ္ဂဇင်းကို
၂၀၁၄ ဖေဖော်ဝါရီလမှာ ထွက်ဖို့ စီစဉ်ထားပါတယ်။ မိုးမခကို ခင်မောင်ထွေး၊ ဆောင်းလူ၊ မောင်ရစ်တို့က
ချင်းမိုင်၊ မဲဆောက်၊ ရန်ကုန်၊ အမေရိကတို့မှာ နေထိုင်ပြီး မဂ္ဂဇင်းထွက်ရှိရေး လုပ်ဆောင်သွားမှာ
ဖြစ်ပါတယ်။
‘စာရေးဆရာတွေအနေနဲ့ဆိုရင်
စင်ကာပူ၊ သြစတြေးလျ၊ အမေရိက၊ ဥရောပ၊ ထိုင်း၊ ဂျပန်၊ အဲဒီလိုနေရာမျိုးတွေမှာ ရှိနေတဲ့
ပြည်ပရောက် စာရေးဆရာတွေ၊ ၀ါသနာရှင်တွေ၊ ကဗျာသမားတွေ ကျနော်တို့ဆီမှာ ရှိတယ်။ သူတို့တွေအတွက်လည်း
ဒါလေးက ၀မ်းသာစရာပါပဲ။ အကယ်၍ သူတို့ရဲ့စာတွေကို ပုံနှိပ်စာလုံးနဲ့ မြင်မယ်ဆိုရင် ၀မ်းသာမှာပါ။
ဒါပေမယ့် ကျနော်တို့အွန်လိုင်းဆိုတာ တနေ့ကို စာမူ ၅ ပုဒ်ကနေ ၁၀ ပုဒ်အထိ တက်နေတာ။ အကုန်လုံးတော့
ပါမှာ မဟုတ်ဘူး။ သူတို့တွေအတွက် ရင်ခုန်စရာတခုကတော့ တလပြည့်လို့ မြန်မာပြည်ထဲမှာ မိုးမခပုံနှိပ်မဂ္ဂဇင်း
ထွက်လာရင် သူတို့စာလေးများ ပါမလားလို့ သူတို့ ပြန်စောင့်ကြည့်ရမယ့် သဘောမျိုး ဖြစ်သွားပြီ။
စာတော့ ရေးနေတယ်၊ သတင်းတွေတော့ ပို့နေတယ်။ ဒါပေမယ့် သူတို့စာတွေ ပါသလား၊ မပါလား ဆိုတာကို
အွန်လိုင်းရဲ့ ပြသနာကြောင့် ပြည်တွင်းမှာ ဘယ်သူမှ မသိရဘူး။ ကဗျာဆရာက ကဗျာတပုဒ်ပို့ထားရင်
ပါလားလို့ စာနဲ့ လှမ်းမေးတယ်၊ ပါတယ်ဆို ကျေနပ်သွားတယ်။ ဘယ်မှလဲ သွားမကြည့်ဘူး။ သူတို့တင်ထားတာပဲလေဆိုပြီး
ဖြစ်နေတာ။ အဲဒီလိုမျိုး ဆက်စပ်ပြတ်တောက်မှုမျိုးတွေ ရှိနေရာကနေ အကယ်၍ အွန်လိုင်းကနေ
ပုံနှိပ်ဆိုရင် ကျနော်တို့က ဒါလေးကို အမှတ်တရပေးလို့ရတယ်။ လက်ဆုပ်လက်ကိုင်ကြည့်ပြီး
ဝမ်းသာလို့ရတယ်။ အဲဒီခံစားမှုကို အွန်လိုင်းပရိသတ်တွေကိုရော၊ အွန်လိုင်းက စာရေးသူကိုရော
ကျနော် ပြန်ပေးနိုင်မယ်” လို့ မောင်ရစ်က မိုးမခနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
မိုးမခမဂ္ဂဇင်းမှာ
ကဗျာ၊ ၀တ္တု၊ ဆောင်းပါး စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းက စာရေးဆရာများရဲ့ အသံများနဲ့
ပြည်ပမှ စာရေးဆရာများရဲ့ အသံများ ပြန်လည်ချိတ်ဆက်မိတယ်ဆိုတဲ့ သဘောထား ပါမှာ ဖြစ်သလို၊
ပြည်တွင်းကရေးတဲ့ စာမူများကတော့ အသစ်များ ဖြစ်မှာ ဖြစ်ပါတယ်။
မောင်ရစ်ဆိုတဲ့
ကလောင်နာမည်တခု မြန်မာပြည်တွင်းမှာ ရှိခဲ့ပါတယ်။ မိုးမခအွန်လိုင်းမီဒီယာကို လုပ်ဆောင်နေတဲ့
မောင်ရစ်က ကလောင်နာမည်နဲ့ ပတ်သက်ပြီး “အရင်တုန်းက ရုပ်ရှင်တေးကဗျာမှာ ဝေဖန်ရေးတို့၊
အင်တာဗျူးတို့ရေးတဲ့ စာရေးဆရာ မောင်ရစ်ကလောင် နာမည်တခု ရှိခဲ့တယ်။ ကျနော့်အနေနဲ့ ၁၉၈၄
ခုနှစ် အာရ်အိုင်တီကျောင်း စတက်ကတည်းက မောင်ရစ်ဆိုတဲ့ ကလောင်နာမည် ယူခဲ့တယ်။ အရေးအခင်းတွေ
နောက်ပိုင်း စာပြန်ရေးတဲ့အခါကျတော့ ‘အတွေးအမြင်’မှာ ရေးတယ်။ အဲဒီမှာလည်း မောင်ရစ်ဆိုတဲ့
နာမည် ပြန်ရေးတယ် …” လို့ ဆိုပါသေးတယ်။
(ခင်လေးမြင့်၊
အလင်းတန်းဂျာနယ်၊ ဒီဇင်ဘာ ဒုတိယပတ်ထုတ်က ကူးယူဖော်ပြသည်)
