ပြည်သူတွေအတွက် တိကျသောလုပ်ငန်းစဉ်
တူမောင်ညို ။ ၂၀၁၄
ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်
“ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်မပေးရင် ပြည်သူတွေ ဘာလုပ်သင့်သလဲ”
ဒေါ်အောင်ဆန်းစုကြည်က
တိကျတဲ့အဖြေပေးမသွားပါဘူး။
၂၅ ဇန်နဝါရီ၊ ရှမ်းပြည်နယ်
(တောင်ပိုင်း) ခရီးစဉ်၊ နမ့်စန်မြို့က ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို
ပြည်သူ တစ်ဦးက မေးတဲ့မေးခွန်းဖြစ်ပါတယ်။
ဘယ်အတိုင်းအတာအထိပြင်ပေးမယ်/ပြင်မပေးဘူးဆိုတာတိတိကျကျဘယ်သူမှမသိနိုင်ပါဘူး။
ဘယ်အတိုင်းအတာအထိပြင်ဆင်ပေးမလဲဆိုတဲ့ကိစ္စဟာ
ကြံ့ဖွံ့ပါတီ၊ကြံ့ဖွံ့အစိုးရနဲ့စစ်တပ်ရဲ့လက်ထဲမှာရှိနေတဲ့ကိစ္စဖြစ်ပါတယ်။ သူတို့ (ကြံ့ဖွံပါတီ/ကြံ့ဖွံ့အစိုးရ/စစ်တပ်)
ဆုံးဖြတ်၊ သတ်မှတ်ပေးတဲ့ ဘောင်အတွင်းကသာ ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။
အကယ်၍ သူတို့ပြင်ဆင်ပေးမယ့် အချက်တွေဟာ ဒီချုပ်က
ပြင်ဆင်ပေးဖို့တင်ပြတောင်း ဆိုထားတဲ့အချက်တွေမပါဝင်ဘူးဆို ရင် ပြည်သူတွေဘာလုပ်သင့်သလဲ
ဆိုတဲ့မေးခွန်းကို နမ့်စန်မြို့က ပြည်သူတစ်ဦးမေးခဲ့တာပါ။ မေးသင့်မေးထိုက်တဲ့မေးခွန်းဖြစ်ပါတယ်။
“ကျွန်မတို့ ပြည်သူလူထုက
မပြင်နိုင်ရမှာလဲ ပြင်ကိုပြင်နိုင်ရမယ်” ဆိုတာက သန္နိဋ္ဌာန်သဘောဖြစ်ပါတယ်။ “တစ်နေ့တစ်လံ
ပုဂံ ဘယ်ရောက်” ဆိုတာလိုမျိုးဖြစ်ပါတယ်။ နမ့်စန်မြို့က ပြည်သူတစ်ဦးသိလိုမေးလိုတာက
ဘယ်လိုလုပ်ငန်းစဉ်မျိုးနဲ့ ပြင်ဆင်နိုင်အောင် ဘာတွေလုပ်သင့်သလဲဆိုတဲ့ “တိကျတဲ့လုပ်ငန်းစဉ်”
ကို သိလို၍ မေးခြင်းဖြစ်ပါတယ်။
ဒီမေးခွန်းက မြန်မာပြည်သူတစ်ရပ်လုံးက သိချင်နေတဲ့
မေးခွန်းလည်းဖြစ်ပါလိမ့်မယ်။ ဒီချုပ်ပါတီဝင်တွေလည်းသိချင်ကြမှာပါ။ လမ်းစဉ်တို့လုပ်ငန်းစဉ်တို့ဆိုတာကလည်း
ဒေါ်အောင်ဆန်းစုကြည် နှုတ်ကပြောထွက်လာမှာမို့ ဒေါ်အောင်ဆန်းစုကြည် ဘာပြောမလဲ၊ ဘယ်လို(လေသံနဲ့)ပြောမလဲဆိုတာ
စောင့်ကြည့်နားထောင်အကဲခပ်နေကြရတဲ့အနေအထားဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
ပြည်ပနိုင်ငံခရီးစဉ်တွေမှာပြောတဲ့“လေသံ”နဲ့ ပြည်တွင်းခရီးစဉ်တွေမှာပြောတဲ့ “လေသံ” တွေ
ရဲ့ ဒီဂရီ အနိမ့်အမြင့်က ကွဲပြားတတ်သေးတာမို့ ဘယ်လေသံနဲ့ ဘယ်သဘောထားကို အတည်ယူရမလဲဆိုတာ“ရွှေနဲ့ယိုးမှားပန်းစကား”လို့
ဆိုရ လောက်အောင် ဝေခွဲရခက်လှပါတယ်။ ပြည်တွင်းခရီးစဉ်မှာလည်း ချင်းပြည်နယ်ခရီးစဉ်က
“လေသံ” နဲ့ ကရင်ပြည်နယ်ခရီးစဉ် “လေသံ” မတူသလို၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ခရီးစဉ်
“လေသံ” တွေဟာ တစ်နေရာနဲ့တစ်နေရာ အပျော့/အပြင်း ကွာခြားနေတတ်ပါတယ်။ ဘာကြောင့်ဒီလိုခြားနားနေရတာလဲလို့
လေ့လာစိစစ်မိပြန်တော့ သမ္မတဦးသိန်းစိန်၊ အမတ်ချုပ်ကြီး ဦးရွှေမန်း၊ ကာချုပ် ဗိုလ်မင်းအောင်
လှိုင်တို့ရဲ့တုန့်ပြန်မှုတွေနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတာကို တွေ့ရှိ၊ သတိပြုမိပါတယ်။
“သမ္မတ၊ အမတ်ချုပ်၊
ကာချုပ်” တို့လေသံ ပြောင်းသွားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့လေသံဟာ
(သူစိမ်းလျှင် ကိုယ်စိမ်း မှာပေါ့ဆိုသလို)ပြောင်းလဲသွားတတ်ပါတယ်။ခက်နေတာကဒေါ်အောင်ဆန်းစုကြည်အနေနဲ့အခြေခံဥပဒေပြင်ဆင်ရေးအတွက်ပြည်တွင်း
ခရီးစဉ်တွေဆက်လက်သွားနေရဦးမှာဖြစ်သလို၊ “သမ္မတ၊ အမတ်ချုပ်၊ ကာချုပ်” တို့ကလည်း သူတို့ပြောချင်တာပြောနေကြဦးမှာဆိုတော့
အကဲခပ်ရခက်ခက်ဆိုတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
တိကျတဲ့လုပ်ငန်းစဉ်တစ်ရပ် ရှိထားတယ်။ ပြည်သူများ၊
ပါတီဝင်များကလည်း အဲဒီ တိကျတဲ့လုပ်ငန်းစဉ်ကို သိရှိနားလည်း သဘောပေါက်ထားပြီးဖြစ်တယ်ဆိုရင်
“ချက်ဆိုရင် နားခွက်ကမီးတောက်” ဆိုသလို အကင်းပါးပြီး တီထွင်နိုင်စွမ်းရှိတဲ့ (ကုန်တင်ကားကို
ရွေ့လျားစင်မြင့်အဖြစ်ဖန်တီးပေးနိုင်တဲ့) လူမျိုးစုံ ပြည်သူများဟာခေါင်းဆောင်ပြတဲ့အရိပ်အကဲကို
ကောင်းကောင်းမြင်နိုင်သူတွေ ဖြစ်ပါ တယ်။
ဒါကြောင့် ယနေ့လိုအပ်နေတာက တိကျတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။
ဒါဟာ ပြည်သူတွေမေးနေကြတဲ့၊ ဒီချုပ်ပါတီဝင်တွေ လည်း သိလိုနေကြတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မပေးရင် ပြည်သူတွေ
ဘာလုပ်သင့်သလဲ” ဆိုတဲ့ မေးခွန်းရဲ့အဖြေပဲဖြစ်ပါတယ်။
ဒီအဖြေကို ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါးအခြားပေးနိုင်မယ့်သူမရှိပါဘူး။(
ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားတွေကို တဆင့်ပြန်ပြီးပြောပြသူနဲ့
ဘယ်ပြောဆိုချက်က “သဘောတရားအရပြောတာ” ဖြစ်ပြီး၊
ဘယ်ပြောဆိုချက်က ဖြင့် “အိုင်ဒီယာသဘောပြောတာ” စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရှင်းပြနိုင်သူသာဖြစ်ပါတယ်)
“၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”
ဆိုတဲ့လုပ်ငန်းစဉ်ဆိုတာ ကြီးကျယ်တဲ့ လုပ်ငန်းစဉ်ကြီးဖြစ်ပါတယ်။ ဒီချုပ်ပါတီက ချမှတ်
ထားတဲ့ တိကျတဲ့လုပ်ငန်း ၃ ရပ်အနက်တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။
ပြည်တွင်းမှာ
ဒေါ်အောင်ဆန်းစုကြည်သွားလာနေတဲ့ခရီးစဉ်တွေမှာ “အထစ်အငေါ့”တွေ တစ်ခုမဟုတ်တစ်ခု၊ တစ်နေရာ
မဟုတ်တစ်နေရာကြုံရတတ်ပါတယ်။ နေပြည်တော်မှာ ဟောပြောဖို့အတွက် နေပြည်တော် ကောင်စီကတားမြစ်လို့၊
ခွင့်ပြုချက် ရှောရှော ရှူရှူ မပေးလို့၊ ကသိကအောင့်ဖြစ်ရတာ၊ ချင်းပြည်နယ်မှာကြုံရတဲ့
တည်းခိုခန်းကိစ္စ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မီးပုံးပျံ ကွင်းမှာဟောပြောခွင့်စစ်တပ်က ခွင့်မပြုတာ၊
နမ့်စန်လေယာဉ်ကွင်းမှာ ဆင်းသက်ခွင့်မရတာ စတဲ့ “အထစ်ငေါ့”တွေဟာ အခြေခံ ဥပဒေပြင်ဆင်ရေး
ဆိုတဲ့လုပ်ငန်းစဉ်ကြီးနှိုင်းယှဉ် လိုက်ရင် မဖြစ်စလောက်ကိစ္စလေးတွေ၊ ပမွှားကိစ္စလေးတွေပါလို့
ပြောရင်ရနိုင်ပါလိမ့် မယ်။
ဒါပေမယ့် ဒီလိုဘာမဟုတ်တဲ့၊ ပမွှားကိစ္စလေးတွေမှာတောင်
ထစ်ငေါ့နေတာမို့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကြီးမှာ ချောမွေ့ လွယ်ကူဖို့ဆိုတာ ကံယုံပြီး
ဆူးပုံနင်းကြည့်ရမယ့် ကိစ္စမျိုးဖြစ်ပါတယ်။
ခရီးစဉ်တွေမှာ လက်တွေ့ကြုံတွေ့နေရတဲ့
“ထစ်ငေါ့မှု”တွေဟာ ပြည်နယ်အာဏာပိုင်/ဒေသအာဏာပိုင်တွေရဲ့ သခင့်အလိုကျ အာဏာပါဝါပြမှုမဟုတ်ဘဲ၊
ကြံ့ဖွံ့အစိုးရနဲ့စစ်တပ်ရဲ့တိုက်ရိုက်အမိန့်ပေးမှုကြောင့် ဖြစ်ပေါ်လာရတဲ့ “အထက်ကလာတဲ့
ထစ်ငေါ့မှု” တွေ ဖြစ်တယ်ဆိုတာ ဒီချုပ် ခေါင်းဆောင်များသိရှိသလို၊ ပြည်သူများကနားလည်သဘောပေါက်ကြပါတယ်။
ပြည်တွင်းပြည်ပ မီဒီယာတွေက ကြံ့ဖွံ့ပါတီနဲ့ ဒီချုပ်ပါတီအကြား၊
အစိုးရနဲ့ ဒီချုပ်ပါတီအကြား၊ စစ်တပ်နဲ့ဒီချုပ်ပါတီအကြား၊ သမ္မတဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်အကြား၊ အမတ်ချုပ်ဦးရွှေမန်းနဲ့ဒေါ်အောင်ဆန်းစုကြည်အကြား၊
ကာချုပ်ဗိုလ်မင်းအောင်လှိုင် နဲ့ဒေါ်အောင်ဆန်းစုကြည် အကြားတမင်သွေးကွဲအောင် သပ်ရှိုသွေးခွဲနေတဲ့
မုသာဝါဒရေးသားချက်တွေ၊ လှုံ့ဆော်ဘေးတီးမှုတွေကြောင့် ပေါ်ပေါက်လာရတဲ့ “ထစ်ငေါ့ မှု” တွေ
မဟုတ်ပါဘူး။
အခုလည်း “ပုဒ်မ ၅၉
(စ) ဖျက်သိမ်းရေးဆန္ဒပြပွဲ” တွေ ပေါ်ပေါက်ခဲ့သလို။
“ပုဒ်မ ၅၉ (စ) ဆက်လက်တည်ရှိရေး ထောက်ခံ
ဆန္ဒပြပွဲ”တွေကို ကြံ့ဖွံ့ပါတီနဲ့ သူ့ရဲ့လက်အောက်ခံ/သြဇာခံပါတီအစုအဖွဲ့နဲ့လူပုဂ္ဂိုလ်တချို့က
လာမယ့်ဖေဖေါ်ဝါရီလ ထဲမှာပြုလုပ်ကြလိမ့် မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်/ကြားသိနေကြရပါတယ်။
ဒါကြောင့် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်မပေးရင် ပြည်သူတွေ ဘာလုပ်သင့်သလဲ” ဆိုတဲ့ မေးခွန်းအတွက်ရှင်းလင်းတဲ့ အဖြေဖြစ်တဲ့
တိကျတဲ့လုပ်ငန်းစဉ်ချမှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဒီချုပ်ပါတီမှာ တာဝန်ရှိပါတယ်။
ပြည်သူလူထုအင်အားဆိုတာ တိကျတဲ့လုပ်ငန်းစဉ်နဲ့စုစည်းပေးနိုင်မှသာ ရင်ဆိုင်ရမယ့် ဘယ်လိုအခက်အခဲအတားအဆီးတွေကိုမဆို
အောင်အောင်မြင်မြင်ကျော်ဖြတ် နိုင်တဲ့ထုထည်စွမ်းပကားဖြစ်လာမှာပါ။ ဒီလိုစွမ်းပကားမျိုးနဲ့သာ
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ယခုလက်ရှိ
လွှတ်တော်ပြင်ပမှာ ဒေါ်အောင်ဆန်းစုကြည် လှည့်လည်ဟောပြောစည်းရုံးနေရတာဟာ လွှတ်တော်တွင်းတိုက်
ပွဲ အတွက်အားဖြည့်နေတာပါ။
“၂၀၀၈ အခြေခံဥပဒေကိုပြင်သည်ဖြစ်စေ၊
မပြင်သည်ဖြစ်စေ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ကို - ဝင်မယ်၊ ပုဒ်မ၅၉ (စ) ပြင်မ ပေးလဲဝင်မှာပါ”ဆိုတဲ့
ဒီချုပ်ပြောခွင့်ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း မှတဆင့်ပြောခဲ့တဲ့ပြောစကား၊ ရပ်တည်ချက်အတိုင်းဆိုရင်တော့
တိကျတဲ့ လုပ်ငန်းစဉ်ချ မှတ်ပေးစရာမလိုအပ်ပါဘူး။
“ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ရှိရင်တချို့တွေကကျွန်မကိုမေးပါတယ်။တပ်မတော်က
မပြောင်းရင် ဘယ့်နှယ့်လုပ်မလဲလို့ မေးကြတာရှိတယ်။ ဘာလုပ်မလဲဆိုတော့ ကျွန်မလူထုအင်အားနဲ့
ပြင်မယ်။ ကျွန်မလူထုအားကို အားကိုးပါတယ်”
ဟု ဆိုလျှင် တိကျသောလုပ်ငန်းစဉ်တစ်ရပ် မုချလိုအပ်ပါတယ်။
Photo – NLD Chairperson facebook, 26th
January, 2014, Taung Gyi
