နိုင်ငံရေးကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ လူများ၊ အဖွဲ့အစည်းများ
မောင်ရစ်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
အမေရိကန်ဟောလိဝုဒ် ရုပ်ရှင်တွေထဲမှာ
Conspiracy Theory (နိုင်ငံတော်ကို သစ္စာဖောက်ခြင်း) ဆိုတာကို ဇာတ်လမ်းလုပ် ရိုက်လေ့ရှိပါတယ်။
အစိုးရတွေနောက်မှာ တိုင်းပြည်နိုင်ငံရေးကို ကြိုးကိုင်ချယ်လှယ်နေတဲ့ အဖွဲ့တွေ၊
သြဇာကြီးတဲ့ လူတွေ ရှိတယ်ဆိုတဲ့အကြောင်းပေါ့။ ပြီးတော့ အစိုးရတွေထဲက လူတချို့ဟာ အာဏာကို
အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတယ်၊ လူတွေကို ချယ်လှယ်တယ်ပေါ့။ ဒါမျိုးတွေကို
စိတ်ကူးယဉ်ဇာတ်လမ်းတွေ လုပ်ရိုက်ကြတယ်။ ရွေးကောက်ပွဲနဲ့ပဲ တက်တက်၊ တပါတီ အာဏာရှင်စနစ်နဲ့ပဲ
အစိုးရလုပ်လုပ် နောက်ကွယ်ကနေ တိုင်းပြည်ကြမ္မာကို ဖန်တီးနေသူတွေ အဖွဲ့တွေ ရှိတဲ့အကြောင်းကိုလည်း
အပြင်လောကမှာ ပရိသတ်တွေက အလွတ်သဘော ခန့်မှန်းပြောဆိုလေ့ရှိကြပါတယ် ။
၂၀၁၃ ခုနှစ်မှာ အက်ဒ၀ဒ်စနိုးဒန် ဆိုတဲ့
ကွန်ပျုတာကျွမ်းကျင်သူတယောက် အမေရိကန်ပြည်ထောင်စုကနေ ထွက်ပြေးတိမ်းရှောင်လာပြီး အစိုးရနဲ့
အပေါင်းအပါအဖွဲ့အစည်းတွေရဲ့ လျို့ဝှက်ချက်တွေ၊ သူလျိုလုပ်နေတဲ့ သက်သေအထောက်အထားတွေကို
ဗြိတိန်က Guardian သတင်းစာသမားတွေနဲ့အတူ ဖော်ထုတ် ဖွင့်ချလိုက်တဲ့ဆီမှာ တကမ္ဘာလုံးက
စာဖတ်သူတွေဟာ အစိုးရတွေ ထောက်လှမ်းရေးအဖွဲ့အစည်းတွေက နောက်ကွယ်မှာ ပြည်တွင်းပြည်ပရှိ
ခေါင်းဆောင်တွေကိုက အစ၊ သာမန်ပြည်သူတွေအဆုံး လျို့ဝှက်ထောက်လှမ်း စောင့်ကြည့်မှုတွေ
အမှန်တကယ်ကို လုပ်ဆောင်နေတယ်ဆိုတာ သိရှိကုန်ကြရပါတော့တယ်။
အစကတော့ သာမန်အားဖြင့် တရုတ်၊ ရုရှား၊
မြောက်ကိုရီးယားလို အာဏာရှင်အစိုးရတွေ၊ ပေါ်လစ်ဗြူရိုတွေကသာ သူတို့ပြည်သူတွေနဲ့
တိုင်းတပါးကို လျို့ဝှက်ထောက်လှမ်းတယ်၊ စောင့်ကြည့်တယ် ဒါမျိုး ထင်မြင်ချက် စွဲကြတာပါ၊
အခုကျတော့ ဘယ်တိုင်းပြည်ကမဆို အာဏာတွေ သြဇာတွေရှိတဲ့ အစိုးရတွေ အဖွဲ့အစည်းတွေဟာ
လူတွေရဲ့ အတွင်းအရေးမှန်သမျှကို လျို့ဝှက်ထောက်လှမ်း စုဆောင်းနေတယ်၊ စောင့်ကြည့်နေတယ်ဆိုတာ
ဗူးပေါ်သလို ပေါ်ကုန်ကြပါတော့တယ်။
စစချင်းမှာက အင်တာနက် အီးမေးတွေကို စောင့်ကြည့်တယ်လို့
သိကြရတာ။ နောက်တော့ တယ်လီဖုံးလိုင်းတွေလည်း ခိုးနားထောင်နေတာပဲ တဲ့။ ပြီးတော့ လူတွေရဲ့
နေ့တဓူဝ လုပ်ဆောင်မှုတွေကို အချက်အလက်စုပြီး စောင့်ကြည့်နေတယ်ဆိုတာမျိုး သတင်းက
ကျယ်ပြန့်လာတယ်။ နောက်ဆုံးတော့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့က လူတွေ အင်တာနက်ဂိမ်းတွေ၊
ကွန်ပျူတာဂိမ်းတွေ ကစားတဲ့ အပြုအမူတွေကိုတောင် စောင့်ကြည့် အကဲဖြတ်နေတယ် ဆိုပါလား။
သူတို့ကတော့ နိုင်ငံတော်လုံခြုံရေးတို့ အကြမ်းဖက်မှုတို့ ကာကွယ်ရေးတို့ အကြောင်းပြမှာပေါ့။
နောက်တဖန် မိုဘိုင်ဖုံးတွေက အချက်အလက် စီးဆင်းနေမှုတွေကို အစိုးရတွေက စောင့်ကြည့်နေတယ်၊
ဝေဖန် သုံးသပ် စိစစ်နေတယ် ဖြစ်လာပါတယ်။ ဒါကြောင့် အပြစ်မဲ့တဲ့ သာမန်ပြည်သူတွေဟာ ဖော်ကောင်
စနိုးဒန်ရဲ့ ကျေးဇူးကြောင့် ကိုယ့်အစိုးရတွေရဲ့ သရုပ်သဏ္ဍန်ကို အမှန်အတိုင်း သိရှိခွင့်
ရကြပါတယ်။
ဒါကြောင့် ၂၀၁၃ ခုနှစ်ရဲ့ People of
the Year (Time Magazine) မှာ စနိုးဒန်ကို ၂၀၁၃ တနှစ်တာ၏ ပုဂ္ဂိုလ်ထူး အမှတ် ၂ အဖြစ်
သတ်မှတ်လိုက်ပါတယ်။ နံပါတ်တစ်ကတော့ သူတို့ ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီးပါ။
ထားပါတော့။
နိုဝင်ဘာလထဲမှာ
Guardian သတင်းစာက နောက်ထပ် ဖော်ကောင်လုပ်မှုတခု ထွက်ပေါ်လာပါတယ်။ အမေရိကန်ပြည်ထောင်စုက
ထိပ်တန်း စီးပွားရေးကော်ပိုရေးရှင်းကြီး ၂၀၀ ကျော်ဟာ သူတို့ပြည်တွင်းက ရွေးကောက်တင်မြှောက်ခြင်းခံထား ရတဲ့
အမတ်တွေ၊ ကိုယ်စားလှယ်တွေ၊ ပြည်နယ်၊ မြို့နယ် ခေါင်းဆောင်ပေါင်း ၁၈၀၀ ကျော်နဲ့ ပေါင်းပြီးတော့
သူတို့စိတ်တိုင်းကျ ဥပဒေတွေ နည်းဥပဒေတွေ၊ နိုင်ငံရေး မူဝါဒတွေ ချမှတ်တယ်၊ အကောင်အထည်
ဖော်နေကြတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အဲသည်လိုမျိုးကို တရားဝင်အဖွဲ့ကို ဖွဲ့ပြီးတော့
လုပ်နေတာပါတဲ့။ အမည်ကတော့ - ALEC – American Legislative Exchange Council = အမေရိကန်ဥပဒေပြုမှု
ဖလှယ်ရေး ကောင်စီ လို့ မြန်မာပြုရမယ် ထင်ပါတယ်။
အဲသည်အဖွဲ့ဟာ တရားဝင် မှတ်ပုံတင်ထားတဲ့
အမေရိကန်ပြည်ထောင်စုက အကျိုးအမြတ်မရှာတဲ့ non profit (501(C)3) အဖွဲ့ပါ။ သူတို့က စီးပွားရေးကော်ပိုရေးရှင်းကြီး တွေ၊
သြဇာကြီတဲ့ လူပုဂ္ဂိုလ်ကြီးတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံထားရတဲ့ အမတ်တွေ၊
ပြည်နယ် မြို့ရွာတွေက ရွေးကောက်ခံ ခေါင်းဆောင်တွေကို အသင်းဝင်အဖြစ် ဖိတ်ခေါ် စုဆောင်းပါတယ်။
ပြီးတော့ ဥပဒေပိုင်းဆိုင်ရာ အကြံဥာဏ်များ ဖလှယ်ဆွေးနွေးကြရေး ခေါင်းစဉ်နဲ့ တွေ့ဆုံပွဲတွေ၊
ဆွေးနွေးပွဲတွေ လုပ်ပေးပါတယ်။ သဘောကတော့ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေကို
ချိန်းပေးတဲ့အလုပ်၊ အောင်သွယ်တော်အလုပ်ပေါ့။
ဒါပေမယ့် ဒီလိုမျိုး တွေ့ဆုံပွဲတွေ၊
ဆွေးနွေးအကြံဖလှယ်ပွဲတွေနဲ့ ရပ်သွားတာမဟုတ်ဘဲ အဲသည်အဖွဲ့ကြီးကနေ သူတို့ဖြစ်စေချင်တဲ့
သူတို့ဖော်ဆောင်ချင်တဲ့ စံပြဥပဒေကြမ်းတွေကို အဆင်သင့် ရေးဆွဲ တင်ပြတာတွေ၊ ဒါတွေကို
အသက်ဝင် အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်တာတွေကိုပါ လုပ်လာပါတော့တယ်။ သူတို့တတွေက
ရှေးရိုးစွဲတဲ့ နိုင်ငံရေးအတွေးအမြင်တွေကို အားပေးတဲ့ လူတန်းစားဖြစ်ပြီး စီးပွားရေးသမားတွေရဲ့
အခွင့်အရေးကို ကာကွယ်ပေးတဲ့ ပေါ်လစီ ချမှတ်ထားတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။ သည်တော့ သူတို့ချမှတ်ချင်တဲ့
ဥပဒေတွေ နည်းဥပဒေတွေဆိုတာ သူတို့ရဲ့ ရှေးရိုးစွဲ အတွေးအခေါ်တွေ သဘောတရားတွေကို ပြည်သူတွေကြားထဲ
လိုက်နာအောင် ဆောင်ရွက်ကြတဲ့ သဘောပါပဲ။
ဒီလို ဖော်ဆောင်တာဟာ ဆွေးနွေးပွဲတွေ၊
ဝါဒဖြန့်ချိရေး လုပ်ငန်းတွေ၊ ကြော်ငြာတွေ၊ စည်းရုံးလှုံဆော်တာတွေနဲ့ အကောင်အထည်ဖော်တာဆိုရင်
တရားဝင်ပါတယ်။ နိုင်ငံရေးဆိုတာ ဒီလိုပဲ စကားဝိုင်းတွေ ဆွေးနွေးပွဲတွေ လှုံဆော်မှုတွေကနေ
သွားကြရတာကိုး။ သို့သော် ဂါဒီးယန်းသတင်းစာက ဖော်ထုတ်ရရှိတဲ့ သတင်းအရဆိုရင် အဲသည်အဖွဲ့ကြီးဟာ
သူတို့ လျို့ဝှက်အစည်းအဝေးတွေကနေ ဥပဒေတခုခုကို အကောင်အထည်ဖော်မယ်လို့ စုပေါင်းမဲခွဲ
ဆုံးဖြတ်ချက်တခု ရပြီ ဆိုရင် ဒါကို သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ၊ နယ်မြေတွေမှာ မဖြစ်ဖြစ်အောင်
အကောင်အထည်ဖော်ဖို့ စီးပွားရေးသမားတွေနဲ့အတူ နိုင်ငံရေးသမားတွေက သဘောတူကြ၊ ကတိပြုကြ၊
ဆောင်ရွက်ကြရပါတယ် တဲ့။ ငွေအားတွေ သြဇာ အာဏာအားတွေ နိုင်ငံရေးဖိအားတွေ အားစိုက် ဖော်ဆောင်ကြပါတော့
သတဲ့။
ဒါဆိုရင်တော့ ပြည်သူတွေရဲ့ ကံကြမ္မာ၊
တိုင်းပြည်ရဲ့ ကံကြမ္မာကို စီးပွားရေးသမား ၂၀၀ ကျော်နဲ့ နိုင်ငံရေးခေါင်းဆောင် ၁၈၀၀
က သူတို့စိတ်တိုင်းကျ နောက်ကွယ်ကနေ ကြိုးကိုင်ဆောင်ရွက်နေကြတဲ့အြ ဖစ်
(Conspiracy Theory - နိုင်ငံတော်သစ္စာဖောက်မှု) ဖြစ်မနေဘူးလား ခင်ဗျား။
သူတို့ ဦးစားပေး ဖော်ဆောင်တဲ့ ပေါ်လစီတွေက
ဘာလဲ။ တိုးတက်တဲ့အမြင်ရှိတဲ့ ဒီမိုကရက်သမ္မတ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊
ငွေကြေးလုပ်ငန်းများ ကြည့်ကြပ်မှု၊ အခွန်အခများ တိုးမြှင့်မှု နဲ့ လူဝင်မှုဥပဒေ ပြုပြင်ရေး
စတဲ့ ဆောင်ရွက်မှုတွေကို ဆန့်ကျင်ပိတ်ဆို့ တားဆီး ကန့်သတ်ရေးဟာ သူတို့ရဲ့ အဓိကရည်မှန်းချက်ပဲလို့
တိုတိုပြောရမှာ ဖြစ်ပါတယ်။ သာမန်ရိုးကျစွမ်အင်ကုမ္မဏီကြီး တွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို
မလိုလားပါဘူး။ အလုပ်သမားတွေ လခ လုပ်စာ တိုးတက်ရရှိရေးကိုလည်း သူတို့က ဆန့်ကျင်ကြပါတယ်။
အများပြည်သူပညာရေးအတွက် ဘဏ္ဍာရေးကို သူတို့က မသုံးချင်ပါဘူး။ ပုဂ္ဂလိကပညာရေးကိုပဲ
အားပေးလိုကြပါတယ်။
အဲသည်အတွက် ထင်ရှားတဲ့ ဥပမာကတော့ အိုဘားမားရဲ့
ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ပြည်နယ်တွေမှာ အကောင်အထည်မဖော်နိုင်အောင် ပြည်နယ်အဆင့်
နိုင်ငံရေးကန့်သတ်မှုတွေ ဆောင်ရွက်နိုင်ခဲ့ကြတဲ့အတွက် ပြည်နယ်ပေါင်း ၂၀ ကျော်က ပြည်နယ်ဝန်ကြီးချုပ်တွေက
အိုဘားမားကျန်းမာရေးဥပဒေကို ကန့်သတ်တဲ့ နည်းဥပဒေတွေ ချမှတ်နိုင်ခဲ့ကြတယ်လို့ ဂါဒီးယန်းသတင်းစာက
ဖွင့်ချထားပါတယ်။
ALEC ရဲ့ နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်မှုတခုကတော့
အမေရိကန်ရှေးရိုးစွဲတွေရဲ့ လက်နက်ကိုင်ဆောင်ခွင့် အရှည်တည်တန့်ရေးဖြစ်ပါတယ်။ အမေရိကန်မှာ
လက်နက်ကိုင်အကြမ်းဖက်မှုတွေ များလွန်းလို့ ကလေးသူငယ်တွေ သေကြေပျက်စီးနေတာကို ဥပဒေအရ
ထိန်းသိမ်းဖို့ ဆောင်ရွက်နေတာကို သူတို့က ဆန့်ကျင်ပါတယ်။ သူတို့က လူတိုင်းလက်နက်ကိုင်ခွင့်
ရှိတယ်၊ အဲသည်လက်နက်ကိုင်ခွင့်ကို ဘယ်နည်းနဲ့မှ အစိုးရက ကန့်သတ်လို့ မရဘူးလို့
ကြွေးကြော်ပါတယ်။ လက်ရှိအစိုးရက လက်နက်ကိုင်ဆောင်ခွင့်မှာ စိတ်ကျန်းမာသူများ၊ ရာဇ၀တ်မှု
ပြစ်မှုကင်းသူများသာလျင် ကိုင်ဆောင်ခွင့်ပေးဖို့ ဆောင်ရွက်ချင်တာကိုလည်း သူတို့က
ခေါင်းမာ ငြင်းဆန်နေကြပါတယ်။ သူတို့ နောက်ကွယ်ကနေ နယ်မြေအလိုက် ဥပဒေတွေ နည်းဥပဒေတွေ
လိုက်ထူထောင်ကြလို့ လက်နက်ဥပဒေဟာ ခုထိကို မအောင်မြင်သေးပါဘူး။
ALEC က ဘယ်လိုမျိုး ဥပဒေတွေ ပေါ်လစီတွေ
အကောင်အထည်ဖော်ကြတာလဲဆိုတော့ … သူတို့အဖွဲ့အစည်း သူတို့ဖော်ဆောင်ချင်တဲ့ ဥပဒေတွေကို
မဲနဲ့ ဆုံးဖြတ်လိုက်ပြီဆိုရင် ဥပဒေပြုသမားတွေက သူတို့နယ်မြေတွေမှာ အဲသည်ဥပဒေကြမ်းတွေကို
အဆိုတင်ပြီးတော့ အတည်ပြုနိုင်အောင် ကြိုးစားကြပါတယ်။ အဲသည် ဥပဒေကြမ်းတင်နိုင်အောင်၊
အနိုင်ရအောင် အသင်းဝင် စီးပွားရေးကုမ္မဏီတွေက နောက်ကနေ အားပေးကူညီ ထောက်ပံ့ကြပါတယ်။
သည်လိုမျိုးနဲ့ သူတို့အဖွဲ့ကြီးက စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဥပဒေကြမ်းတွေကို ကျေးရွာ၊
မြို့နယ်၊ ခရိုင်၊ ပြည်နယ်ကနေ ဗဟိုပြည်ထောင်စုအဆင့်အထိ အတည်ပြုနိုင်အောင် အကောင်အထည်ဖော်နိုင်အောင်
လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲသည်ထဲမှာ ပါတဲ့ လူသိများတဲ့ ကုမ္မဏီကြီးတွေက
ဘာတွေလဲ။ အတည်မပြုနိုင်တဲ့ အဆိုအရကတော့ ကိုကာကိုလာ၊ ပက်စီ၊ မက်ဒေါ်နယ်၊ ဝေါမတ်၊
အမေဇုံ၊ ဂျီအီး စသည်တို့လည်း ပါတယ်လို့ ဆိုပါတယ်။ ALEC ရဲ့ အလုပ်ကို တိုတိုပြောရရင် Lobbying လုပ်တယ်လို့
ဆိုပါတယ်။ နိုင်ငံရေးအတွက် သိမ်းသွင်းစည်းရုံးတယ်ပေါ့။ တကယ်တန်းမှာ 501(C)3 Non
Profit အဖွဲ့က ဥပဒေပြုရေး ရွေးကောက်ပွဲနိုင်ရေး
စတဲ့ နိုင်ငံရေး လှုံဆော်စည်းရုံးမှု လုပ်ခွင့်မရှိပါဘူး။ လုပ်ချင်ရင် အခြား ဥပဒေနဲ့
မှတ်ပုံတင်ရပါတယ်။ အဲသည်လို နိုင်ငံရေးပါတီမထောင်ဘဲ နိုင်ငံရေးလှုံဆော်မှုလုပ်တဲ့
အဖွဲ့တွေကို 501(C)4 အဖြစ် လက်တလုံးခြား မှတ်ပုံတင်လို့ရတယ် ဆိုပါတယ်။ ဘာကွာခြားသလဲဆိုတော့
(C)3 က အလှူငွေတွေက အခွန်ကင်းလွတ်ပါတယ်။ တခြားမှတ်ပုံတင်ရင်တော့ အဖွဲ့အစည်းဝင်ငွေကို
အခွန်ပေးရပါတယ်။
နိဂုံးချုပ်ရရင်တော့ ဒီမိုကရေစီနိုင်ငံအဖြစ်
နှစ်ပေါင်း ၂၀၀ ကျော်တဲ့ အမေရိကန်ပြည်မှာ ဥပဒေတွေ၊ အခြေခံဥပဒေတွေ ဘယ်လိုပဲ ထောင်မတ်ထား
ထောင်မတ်ထား၊ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ကိုယ်ကျိုးကြည့်သမားတွေ၊ ကိုယ့်အရေးကိုယ်လုပ်ဆောင်ချ င်သူတွေ
အားလုံးဟာ သူတို့နည်း သူတို့ဟန်၊ သူတို့အစုအဖွဲ့တွေနဲ့၊ သူတို့ ရည်မှန်းချက်တွေ
အကောင်အထည်ဖော်တဲ့နေရာမှာ နည်းမျိုးစုံ သုံးကြတယ်။ ဥပဒေတွင်း ဥပဒေပြင်သာမက နိုင်ငံရေးကို
နောက်ကွယ်ကနေ နည်းမျိုးစုံနဲ့ ကြိုးကိုင် ချယ်လှယ်နေကြတာကတော့ ထင်ရှားပါတယ်။
မြန်မာပြည်ကဲ့သို့ ယခုအချိန်မှ နိုင်ငံရေးစင်မြင့်ပေါ်တက်
လှုပ်ရှားမှု ဖော်ဆောင်မှုတွေ အပြောင်းအလဲတွေ ဖြစ်ထွန်းလာကစမှာ စင်ပေါ်ကကော စင်အောက်ကပါ
ရုန်းကန်လှုပ်ရှားမှုတွေ ပရိသတ်က မြင်တွေ့နေရတာလည်းရှိ သတိမမူမိတာတွေလည်း ရှိနိုင်ပါတယ်။
နောက်တချက်ကတော့ နောက်ကွယ်က ကြိုးကိုင် ချယ်လှယ်နေတာတွေကို မမြင် မသိ မကြားမိကြဘဲ
ရှေ့က ဇာတ်ကောင်တွေ ကပြအသုံးတော်ခံနေတာနောက် ကောက်ကောက်ပါပြီး နတ်ကရာ ကြည့်မောမဖြစ်မိအောင်
ဆင်ခြင်သိကြဖို့လည်း လိုအပ်လိမ့်မယ် ထင်ပါတယ်။ မီဒီယာတွေက စုံထောက်လုပ်ပြီး ဖော်ထုတ်နိုင်မယ်ဆို
ကောင်းတာပေါ့။
(အတွေးအမြင်မဂ္ဂဇင်း၊ ရန်ကုန်၊ ၂၀၁၄ ဇန်န၀ါရီလတွင် ဖော်ပြခဲ့ပြီး ပြန်လည်ဖော်ပြသည်)
