ဟန်သစ်နိုင် - ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်(ဝါးခယ်မ) နောက်ဆုံးခရီး



ဟန်သစ်နိုင် - ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်(ဝါးခယ်မ) နောက်ဆုံးခရီး

စက်တင်ဘာ ၃၀၊ ၂၀၁၄
မြန်မာပြည်၏ နိုင်ငံရေးလှုပ်ရှားမှု ခေတ်အဆက်ဆက်တွင် တက်ကြွစွာဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်မှုပေးခဲ့သော ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင် (၀ါးခယ်မ) သည် စက်တင်ဘာ ၂၇ နေ့က ည ၁၁နာရီကျော် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ စက်တင်ဘာ ၂၉ တွင် ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ညနေ ၅နာရီခန့်က မီးသဂြိုဟ်ခဲ့သည်။ နိုင်ငံရေးသမားများနှင့် မိတ်ဆွေအပေါင်းအသင်းများ စုံလင်စွာလာရောက်ခဲ့သည်။
 
သခင်သိန်းမောင်ကို ၁၉၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင်မွေးဖွားခဲ့ပြီး အဘဦးမောင်နှင့် အမိဒေါ်မိကလေးတို့မှ ဝါးခယ်မမြို့တွင်မွေးဖွားခဲ့ပြီး ဝါးခယ်မအမျိုးသားကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၃၀၀ပြည့်အရေးတော်ပုံတွင် ရှေ့တန်းကပါဝင်ခဲ့ပြီး ၁၉၃၈ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့ အတွင်းဝန်ရုံးကိုဝိုင်းစဉ်က ဦးကြည်မောင်၊ ဦးအေးငွေ၊ ဦးဌေးမြိုင်(ဒဂုန်တာရာ)တို့နဲ့အတူ သပိတ်တားရားတွင် ပါဝင်ခဲ့သည်။ ၁၉၄၈ခုနှစ် မတ်လ ၂၈ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုခဲ့ရပြီးနောက်ပိုင်းတွင် သခင်သိန်းမောင်သည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သာယာဝတီထောင်နှင့် အင်းစိန်ထောင်တို့တွင် ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ 
  
၁၉၈၈ လူထုအရေးတော်ပုံအပြီးတွင် တို့ဗမာအစည်းရုံးဝင်သခင်တယောက်နေဖြင့် လေထီးဦးအုန်းမောင်၊ သခင်အုန်းမြင့်တို့နှင့်အတူ ဒီမိုကရေစီတိုက်ပွဲတွင် ပါဝင်ခဲ့ပြီး ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ 
၂၀၁၂ခုနှစ်တွင်ဖွဲ့စည်းခဲ့သည့် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ပြန်လည်ဖွဲ့စည်းသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန် ထိန်းသိမ်းရေးကော်မတီနှင့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းတို့တွင်လည်း နာယကအဖြစ် နောက်ဆုံးအချိန်ထိ တာဝန်ယူခဲ့သည်။ 
သခင်သိန်းမောင်သည် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်တော်လှန်ရေးတို့တွင် ပါဝင်ခဲ့ပြီး၊ ၁၉၄၈ခုနှစ် လွတ်လပ်ရေး ကြေညာပြီးနောက် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီတိုက်ပွဲများတွင်လည်း မကွယ်လွန်မီနောက်ဆုံးအချိန်ထိ တက်ကြွစွာဖြင့် ပြည်သူလူထု၏ သမိုင်းတာဝန်ကို ကျေပွန်စွားထမ်းဆောင်ခဲ့သူဖြစ်သည်။