ဆောင်းဖြူ - နောက်ဆုံးခရီး


ဆောင်းဖြူ - နောက်ဆုံးခရီး
မိုးမခ။ စက်တင်ဘာ ၁၂၊ ၂၀၁၅

သူတို့တတွေ ငြိမ်သက်တိတ်ဆိတ်စွာ လျှောက်လှမ်းနေကြသည်။  မျက်နှာသွင်ပြင်တို့က မရွှင်မလက်၊ ခြေလှမ်းတို့က နှေးကွေးလေးလံ။  သူတို့ကား မမြဲသော တရားကို နှလုံးပိုက်ပြီး တယောက်သောသူ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နေကြခြင်းပါပေ။

သူတို့အုပ်စုက များများစားစားတော့ မဟုတ်ပါ။   ဖိုးလမင်း၊ ကိုရင်တိမ်ညို၊ မောင်မောင်ကြယ်၊  ပိုးစုန်းကြူး နှင့် သွားလေသူ၏ အမျိုးအဆွေအချို့တို့ဖြစ်ကြသည်။

ကျွန်တော်က ခရီးအမြဲသွားနေသူဆိုတော့ သူနာမကျန်းဖြစ်နေတာကို မသိလိုက်ဘူးဗျာ။  တနေ့ကမှ ကိုဖိုးလ ပြောပြလို့သိရတာ။  ဒါတောင် အသက်မမီလိုက်ပါဘူး၊ ကိုရင်တိမ်ညိုက ၀မ်းနည်းမှု စွန်းထင်းသော အသံဖြင့်ပြောတော့ မောင်မောင်ကြယ်က မျက်တောင် လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ခေါင်းညိတ်၏။ 

“သူလည်း မနိုင်ဝန်ထမ်းရပါ များလွန်းတော့ ဒဏ်ပိသွားတာပေါ့ဗျာ..”။

“အအိပ်အနေလည်း နည်းရှာသကိုး..”။

“အိပ်ရာထဲလဲနေတဲ့ အချိန်တုန်းက အလုပ်တွေတော်တော်ပျက်တယ်နော်..”။

“ဘာပဲဖြစ်ဖြစ် အသက်ရှင် ကျန်းမာစဉ်ကာလမှာ သူ့တာဝန်ကိုတော့ ကျေပွန်အောင်ထမ်းခဲ့ရှာသားပဲ…”။

သူတို့အားလုံး တယောက် တပေါက် ပြောကြရင်း တစပြင်ဆီကို ရောက်သွားကြသည်။  ထို့နောက် အဆင်သင့် တူးထားသော မြေကျင်းထဲသို့ သွားလေသူကို ချလိုက်သည်နှင့် အမျိုးအဆွေတို့၏ ငိုမြည်သံက စူးစူးရှရှ ထွက်ပေါ်လာသည်။

ဖိုးလမင်းက တယောက်သော သူ၏လက်ကို အသာကိုင်ပြီး…

“မငိုပါနဲ့ကွာ၊ သူ့ရဲ့ကျန်ခဲ့တဲ့ တာဝန်တွေကို ငါတို့တတွေ တတ်နိုင်သမျှ ထမ်းဆောင်ပါ့မယ်။  ငါလည်း ခွင့် ခဏ ခဏ မယူတော့ပါဘူး..” ဟု ပြောလိုက်သည်။

မောင်မောင်ကြယ်က ကိုရင်တိမ်ညိုနားကပ်ပြီး

“ခင်ဗျားကလည်း ကိုကြီးဖိုးလကို သိပ်အနှောင့်အယှက်မပေးပါနဲ့ဗျာ၊  သူ့အလုပ်သူ ဖြောင့်ဖြောင့်တန်းတန်းလုပ်ပါစေ..” ဟု တိုးတိုးလေးကပ် ပြောနေ၏။ 

ထိုစဉ် အနားရှိသစ်ပင်ပေါ်မှ ညဇီးကွက်ကြီးတကောင် အိပ်မှုန်စုံမွှားဖြင့်ထလာပြီး

“အိုး…!! မပြန်လမ်းကို တစ်ယောက်တော့မြန်းသွားရှာပြီ။ ဘာရောဂါတုံးကွဲ့…”။

“အားပြတ်ပြီး ဆုံးသွားရှာတာပါဗျာ…”။

“အိုး..! ဖြစ်မှဖြစ်ရလေ ကျွတ် ကျွတ်…” ။

မြေဖို့ပြီးကြသောအခါ မှတ်တိုင်ကို မြေပုံပေါ်မှာစိုက်ထူလိုက်ကြသည်။ ဇီးကွက်ကြီးက မျက်လုံး
အသာပွတ်ပြီး သွားလေသူ၏ အမည်ကို စူးစမ်းကြည့်လိုက်တော့ -

ဦးလျှပ်စစ်
အသက် ( # # ) နှစ်

ဟု ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။

အားကိုးရာမဲ့သွားရှာပြီဖြစ်သော ၄၀၊ ၆၀ ၀ပ်နှင့် ၂ ပေ ၊ ၄ ပေ မီးချောင်းတို့ကား တသိမ့်သိမ့်ရှိုက်ငိုလျက် ကျန်ခဲ့ကြလေသည်။

ဆောင်းဖြူ 

(မီးတွေပြတ်ပြီး အမှောင်ဖုံးခဲ့တဲ့ ကာလတွေတုန်းက ရေးဖြစ်ခဲ့တဲ့ စာတပုဒ်ပါ။)

××××××××××××

မိုးမခတွင် ဖော်ပြထားသည့် ဆောင်းဖြူ၏ စာ/ကဗျာများ --

၁) အဲဒီသတင်းတွေကို ကျော်လိုက်

) ၁၉ လမ်:

၃) ရန်ကုန်ဟာ မလုံခြုံတော့ဘူး

၎) စိုးရိမ်ရေမှတ် ဗမာပြည်

၅) နှလုံးသားထဲက အလင်းစက်များ

၆) ရန်ကုန်

၇) ၀န်ကြီးများရုံးတစ်နေရာ

၈) တံခါးများ

၉) မြေစာပင်ရဲ့တေး

၁၀) အစ်ကို

၁၁) မေတ္တာစာ