လင်းသက်ငြိမ် - မြို့ကလေးသို့ နှုတ်ဆက်ခြင်း

Photo - Aung Htet

လင်းသက်ငြိမ် - မြို့ကလေးသို့ နှုတ်ဆက်ခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၆


စာမေးပွဲ အောင်တယ်ဆိုလို့
လိုက်လိုက် ဖမ်းခဲ့ဖူးတဲ့
ငယ်ငယ်က ကုက္ကိုရွက်ကလေးတွေလို
ငွေစကြေးစတွေကို လိုက်ဖမ်းဖို့
ဒုတိယမ္ပိ ကျွန်တော် ထွက်ခွာရပြန်ပါပြီ

မြို့ကလေးရေ
ငါ ကျဆုံးခဲ့ရတဲ့မြို့လို့ မွေးရပ်မြေကို
ကျေး မစွပ်ချင်ဘူး
အောင်မြင်စွာ ဆုတ်ခွာခြင်းလို့လည်း
ရင်နာနာနဲ့ မပြောချင်ဘူး
မနက်ဖြန်မှာ ပျော်ရွှင်မှုတွေ ရောက်လာမှာလား
အောင်မြင်မှုကို
ကြယ်သီးစုံ တတ် ဝတ်နိုင်မှာလား
အဖေက ပြောတယ် အိမ်အတွက်မပူနဲ့တဲ့
အမေက မှာတယ် လိမ္မာပါတဲ့
ဘုရားခန်းရှေ့မှာ ရှိခိုးချ
သီဝေ့နေတဲ့ မျက်ရည်စတွေကို
ခေါင်းမော့ပြီး သိမ်းရ
ပုထုဇဉ်တွေ အတွက်သံယောဇဉ်ဟာ
ပူလောင်လွန်းလှပါတယ် ဘုရား...။
ဆံပင်ရှည်ရှည်နဲ့
မျှော်လင့်ချက် ရှည်ရှည်နဲ့
ခရီးဆောင်အိတ်ကို ဆွဲရင်း
ပင်လယ်အကြောင်း မသိသေးသူ
အသစ်စက်စက် သင်္ဘောသားလို
ယုံကြည်ချက်ကို
ခါးပတ်လို တင်းတင်းပတ်
တစ်ခါမှ မရှုံးဖူးသေးတဲ့
စစ်သူကြီးလို ခေါင်းကိုမတ်မတ်ထား
ဒဏ်ရာတွေ အကြောင်း
လွမ်းလောက်အောင်
ပြောမပြတော့ပါဘူး မြို့ကလေးရယ်
အေးချမ်းတဲ့ အမေ့အိမ်ကလေးက အထွက်
လမ်းမဟာ နေရောင်တွေ ထိုးကျလို့
ဖုန်တွေ တထောင်းထောင်း ထလို့
စမ်းချောင်းတွေ ရှိ မရှိ
မသေချာတဲ့ ခရီးကို
အကောင်းမြင်ဝါဒ လက်ကိုင်ထားပြီး
ကျွန်တော် ထွက်လာခဲ့ပြီ။
အောင်မြင်မှုပန်းကုံးကို
လည်မှာ မဆွဲလာနိုင်ခဲ့ရင်တောင်
ရှုံးနိမ့်မှုတွေနဲ့တော့ ခြေမချတော့ဘူးလို့
စိတ်ကူးကို
ကျောက်ဆူးချခဲ့ပြီးပြီ မြို့ကလေးရေ
ဘဝဆိုတာ ဖြစ်ချင်တာတွေနဲ့ ဖြစ်နိုင်တာတွေနဲ့
လက်ဆွဲနူတ်ဆက်ဖို့
ခက်တယ်မဟုတ်လား...။
မြို့က လူတွေနဲ့ ရွေ့လျားလို့
မြို့က ယာဉ်တွေနဲ့ စည်ကားလို့
ဆိုင်ခန်း ငှါးရန်ရှိသည် ဆိုတဲ့
ဆိုင်းဘုတ်ကလေး ချိတ်ထားတဲ့
မဉ္ဇူရီ နေရာဟောင်းလေးရေ
လူသံတွေ ရှုပ်ပွနေတဲ့
အားမာန်ကဖေး ရေ
ချစ်သူ ခင်သူ သူငယ်ချင်းတို့ရေ
၉ (က) လမ်းရေ
မြကံသာ ရပ်ကွက်ကလေးရေ
ကောလင်းမြို့ရေ
ငါ ပြန်လာခဲ့ပါ့မယ်
ငါ ပြန်လာခဲ့ပါ့မယ်
ငါ တကယ် ပြန်လာခဲ့ပါ့မယ် ...။ ။
၁၉.၄.၂၀၁၄