ပြန်လည်စတင်တဲ့ ပြည်နယ်၊ တိုင်း လွှတ်တော်အများစု ပင်နီရောင်လွှမ်းခြုံ


ပြန်လည်စတင်တဲ့ ပြည်နယ်၊ တိုင်း လွှတ်တော်အများစု ပင်နီရောင်လွှမ်းခြုံ
ထက်ခေါင်လင်း၊ ဖြိုးသီဟချို၊ အိချယ်ရီအောင်/Myanmar Now (မိုးမခ)၊ ဖေဖော်ဝါရီ ၉၊ ၂၀၁၆

ရန်ကုန် နှင့် ပုသိမ် (Myanmar Now) - ၂ဝ၁၅ ရွေးကောက်ပွဲကနေ ရွေးချယ်ခံရသူများ ပါဝင် တက်ရောက်တဲ့ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော် ၁၄ ခုကို တနင်္လာနေ့မှာ ပြန်လည်စတင်ပြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ ရွေးချယ်ခဲ့ကြပါတယ်။

လွှတ်တော်အများအပြားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေကို လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအဖြစ် ခန့်အပ်နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်တွေအတွက် အသာစီးရခဲ့တဲ့
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီတို့ကလည်း ရှမ်း၊ ရခိုင်ပြည်နယ်တို့မှာ သူတို့ပါတီကိုယ်စားလှယ်တွေ လွှတ်တော်ဥက္ကဋ္ဌနေရာ ရရှိအောင် တနင်္လာနေ့မှာ စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။

တခြားလွှတ်တော်အများစုလိုပဲ ပြန်လည်စတင်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို ဝင်ရောက်လာကြတဲ့ အရပ်ဘက်ကိုယ်စားလှယ် အများအပြားဟာ ပင်နီအင်္ကျီတွေ ဝတ်ဆင်ထားကြတဲ့အတွက် လွှတ်တော်သစ်က အသွင်ဆန်း၊ အမြင်ဆန်းနေပါတယ်၊ အဖြူရောင်တိုက်ပုံ ဝတ်ထားတဲ့သူကို ၄ ဦးသာ တွေ့ရပါတယ်။

 
ရန်ကုန်လွှတ်တော်

လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကနေ တက်လာတဲ့ NLD ကိုယ်စားလှယ် ဦးတင်မောင်ထွန်းကို ရွေးချယ်မှု မပြုခင် လွှတ်တော်အစည်းအဝေးကို သဘာပတိအဖြစ် ကြီးကြပ်ရသူကတော့ NLD ကိုယ်စားလှယ် လူငယ်တစ်ဦးဖြစ်တဲ့ ဒေါ်မိုးမိုးစုကြည်ပါပဲ။ ပါတီတွေကြားထဲမှာ NLD က အမျိုးသမီးတွေကို နေရာအပေးဆုံးပါတီ ဖြစ်နေပါတယ်။

တခြားလွှတ်တော်တွေလိုပဲ ရန်ကုန်လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက တပ်မတော်က စေလွှတ်လိုက်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပင်နီရောင်လွှမ်းတဲ့လွှတ်တော်မှာ ဒုတိယ အင်အားအကောင်းဆုံးကတော့ စစ်ယူနီဖောင်းဝတ် ကိုယ်စားလှယ်များပါပဲ။

တပ်မတော်သားအမတ်များထဲမှာ အနည်းစုကပဲ သတင်းသမားတွေရဲ့ မေးခွန်းကို အနည်းငယ် တုန့်ပြန်တာ တွေ့ရပါတယ်။ အဲဒီ အနည်းစုထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ စစ်အရာရှိလည်း ပါဝင်နေပါတယ်။ သူက ဒီလွှတ်တော်အတွက် တာဝန်ကျတဲ့ စစ်အရာရှိများထဲမှာ ရာထူးအမြင့်ဆုံးပါ။

"အခုက ပထမနေ့ပဲလေ။ ဘာမှတော့ ပြောလို့ မရသေးဘူး" လို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းရဲ့ သားမက်ဖြစ်တဲ့ ဗိုလ်မှူးချုပ် သိန်းနိုင်က Myanmar Now ကို မှတ်ချက် ခပ်တိုတို ပေးပါတယ်။

အမည်မဖော်လိုသူ ဗိုလ်မှူးတစ်ဦးကတော့ လွှတ်တော်ထဲ ဘာတွေ ဆွေးနွေး၊ ပြောဆိုရမယ် ဆိုတာတွေကို အထက်က ညွှန်ကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

"ကျွန်တော်တို့က တပ်မတော်သားဆိုတော့ တပ်မတော်ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ကြရမှာပေါ့" လို့ အဲဒီ ဗိုလ်မှူးက Myanmar Now ကို ခပ်ပြတ်ပြတ် ပြောပါတယ်။

ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူး ကျော်ဇင်ဦးကတော့ NLD ပါတီကြီးစိုးမယ့် လွှတ်တော်များနဲ့ လာမယ့်အစိုးရသစ်က အပြောင်းအလဲ ကြီးကြီးမားမား ဖောင်ဆောင်နိုင်မယ်လို့ ကြိုတင်မျှော်လင့်မထားသူပါ။

"ပြည်သူလူထုကလည်း ပူးပေါင်းဆောင်ရွက်မှ ကောင်းလာမှာပါ။ ဘယ်ပါတီတက်လာမှ ကောင်းမယ် ဆိုတာမျိုးကတော့ မဟုတ်ပါဘူး" လို့ ဗိုလ်မှူး ကျော်ဇင်ဦးက သုံးသပ်ပါတယ်။

ရန်ကုန်တိုင်းဒေသရဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာဇော်အေးမောင်ကတော့ NLD အစိုးရသစ်အပေါ် မျှော်လင့်ချက်ထားနေပါတယ်။

“ပြီးခဲ့တဲ့ တိုင်းဒေသကြီး အစိုးရသက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေကိုတောင် အပြည့်အဝ မလုပ်နိုင်ခဲ့ဘူး၊ ဒီသက်တမ်းမှာတော့ အရင်ကထက် ပိုမို လုပ်လာနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်” လို့ ရခိုင်အမျိုးသားပါတီရဲ့ တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာဇော်အေးမောင်က ဆိုပါတယ်။

ကိုကိုးကျွန်းမဲဆန္ဒနယ်က လာတဲ့ ပြည်ခိုင်ဖြိုးအမတ် ဦးတင်ဝင်းကလည်း "လုပ်ပိုင်ခွင့်" ကိစ္စ အရေးကြီးတယ်လို့ ပြောပါတယ်။

“ကျွန်တော် အရင်အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်တုန်းကလည်း တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ပိုပေးရေးကိစ္စကို ပြောဖူးပါတယ်။ လူတိုင်းမှာ အလုပ်ရှိနေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းက လမ်းစပေါ်လာမှာပါ” လို့ ဦးတင်ဝင်းက ဆိုပါတယ်။

 
ဧရာဝတီလွှတ်တော်

ဦးသိန်းစိန်အစိုးရလက်ထက်မှာ လွှတ်တော်အများအပြားက စာနယ်ဇင်းသမားတွေအတွက် နေရာပေးဖို့ အဆင်သင့် မဖြစ်သေးတာ တွေ့ရပါတယ်။ အသွင်ကူးပြောင်းမှု ၅ နှစ်တာ ကာလအတွင်းမှာ စာနယ်ဇင်းသမားတွေကို ဝင်ခွင့်ပိတ်ထားတဲ့ လွှတ်တော်တချို့ ရှိနေပါတယ်။ သတင်းသမားတွေနဲ့ ရင်းနှီးတဲ့လွှတ်တော်များထဲမှာတော့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်လည်း ပါဝင်ပါတယ်။

နေရာထိုင်ခင်း ကျယ်ဝန်းခြင်း မရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တနင်္လာနေ့က ပြန်လည် အစပြုရာမှာ ပင်နီရောင်ဖုံးလွှမ်းနေတာ တွေ့ရပါတယ်။ ကျန်တာကတော့ တပ်မတော်သားကိုယ်စားလှယ်များနဲ့ တိုက်ပုံဖြူဝတ်ဆင်သူ တစ်ဦးစ နှစ်ဦးစသာ ရှိတဲ့အတွက် ရန်ကုန်လွှတ်တော်နဲ့ ကိုယ်စားလှယ်အချိုးအစား အတူတူလောက်ပါပဲ။


လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်မှု မပြုခင် လွှတ်တော် အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်သူက ဒီဒေသရဲ့ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ နိုင်ငံရေးသတင်းရပ်ကွက်တချို့က ထင်ကြေးပေးနေကြတဲ့ ကျုံပျော်မဲဆန္ဒနယ်က မန်းဂျော်နီ ဖြစ်ပါတယ်။ သူက ယခင်စစ်အစိုးရ ကျင်းပပေးခဲ့ပြီး ရလဒ် မျက်ကွယ်ပြုခံရတဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့သူတစ်ဦးပါ။


ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် တင်မြှောက်ခံရသူက NLD ကိုယ်စားလှယ် ဦးအောင်ကျော်ခိုင်ပါ။ NLD ကလည်း အပြောင်းအလဲ ဖော်ဆောင်မယ်၊ မြန်မာပြည်ရဲ့ အရေးပါတဲ့ အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေသူတွေကလည်း အပြောင်းအလဲကို ငြင်းပယ်မဟုတ်ဘူးလို့ ယုံကြည်တဲ့အကြောင်း သူက ပြောပြပါတယ်။

"သူတို့လည်း ပြုပြင်ပြောင်းလဲရေးကို လိုလားနေကြပါပြီ။ တပ်မတော်သားတွေအနေနဲ့ရော၊ တပ်မတော်မိသားစုတွေ အနေနဲ့ရော၊ တပ်မတော် အင်အားအရရော နိုင်ငံတကာ အဆင့်မီ ဖြစ်ချင်နေကြပြီလို့ ထင်ပါတယ်" လို့ ဥက္ကဋ္ဌသစ်က ပြောလိုက်ပါတယ်။ ။