မောင်မိုးသူ - ပြည်သူ့မျက်နှာကို ကြည့်ပါ

မောင်မိုးသူ - ပြည်သူ့မျက်နှာကို ကြည့်ပါ
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆

ကုမုဒြာသတင်းဂျာနယ်ပါ မောင်မိုးသူဆောင်းပါးဖြစ်ပါသည်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြို ကမ်းပြိုနိုင်သွားပြီ ဖြစ်ပါတယ်။ အခြေခံဥပဒေအရ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် တကယ်တော့ ၇၅ ရာခိုင်နှုန်း ရွေးကောက်ပွဲလို့ ဆိုရမှာ ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ကိုယ်စားလှယ်က ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ၂၅ ရာခိုင်နှုန်း ပါနေပြီးသားကိုး။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ အနိုင်ရပြီးတာနဲ့ သမ္မတကြီးဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းတို့နဲ့ တွေ့ ဆုံခွင့်တောင်းပါတယ်။ သူရဦးရွှေမန်းနဲ့ ပထမဆုံးတွေ့ပါတယ်။ နောက် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံကြ ပါတယ်။ သမ္မတကြီးက လွှတ်တော်နဲ့ အုပ်ချုပ်ရေးကိုခေါ်ကာ အာဏာလွှဲပေးမယ်လို့ တရားဝင်ပြောသလို ကာကွယ်ရေး ဦးစီးချုပ်ကလည်း အဆင်ပြေချောမွေ့တဲ့ လွှဲပြောင်းမှုဖြစ်အောင် ကူညီဆောင်ရွက်မယ်လို့ ဆိုပါတယ်။

သည်လို သည်လိုနဲ့ လွှတ်တော် အဟောင်းနဲ့ အသစ်ပူးတွဲထိုင်ကြပြီးတဲ့နောက် လွှတ်တော်သစ်လည်း စတင်ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ လေးဦးကိုလည်း ရွေးချယ်တင်မြှောက်လိုက်ကြပြီး ဖြစ်ပါတယ်။ လိုအပ်တဲ့ ကော် မတီများလည်း ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးများက မတ်လ ၁၇ ရက်နေ့မှာ ဒုသမ္မတများနဲ့ တင်မြှောက်ကြဖို့ ဆုံးဖြတ်ကြေညာထားပါတယ်။

သည်အတောအတွင်းမှာ ၅၉(စ) ပြင်မလား။ ဆိုင်းငံ့မလားဆိုတဲ့ စကားတွေ၊ အခြေခံဥပဒေကို မပြင်နိုင်ပါဘူးဆိုပြီး ပြော လာတဲ့ စကားတွေ စကားတွေ ရှိနေပါတယ်။ အဲသည် အဲသည်စကားတွေဟာ ရွေးကောက်ပွဲအနိုင်ရပါတီဥက္ကဋ္ဌနဲ့ ကာကွယ် ရေးဦးစီးချုပ်တို့ဆီက ပြောလာ ထွက်လာတဲ့ စကားတွေ မဟုတ်ပါဘူး။ လူမှုကွန်ရက်ပေါ်မှာ တခြားတခြားသော ပုဂ္ဂိုလ် များက ပြောနေကြတာ ဖြစ်ပါတယ်။

တကယ်ဖြစ်ရပ်အမှန်က အနိုင်ရပါတီကိုပြီးခဲ့တဲ့ အစိုးရ (သမ္မတ) က တာဝန်လွှဲပေးရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အနိုင်ရပါတီ အစိုးရကလည်း ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များပိုင်ရှင် ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ညှိလည်း ညှိနှိုင်းနေကြတယ်လို့ ကြားသိရပါတယ်။

အရေးကြီးတာကတော့ ပြည်သူ့မျက်နှာကို ကြည့်ကြဖို့ပါပဲ။ပုဂ္ဂိုလ်စွဲတွေ၊ပါတီစွဲတွေ၊ လူမျိုးစုအစွဲတွေ အသာထားပြီး တိုင်း ပြည်ကြီးတခုလုံး နာလန်ထူကြီးပွားတိုးတက်ဖို့အတွက် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ငါးနှစ်တာသက်တမ်းမှာ စီမံကိန်းတွေ အများကြီးချမှတ်ပြီး ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိ ပါဘူး။

အထူးသဖြင့် ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကြီးကိုလည်း စရုံပဲ စပေးခဲ့တာပဲ ရှိပါသေးတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးပြီး တချို့တဝက်နဲ့ လက်မှတ်မထိုးရတာ တချို့တဝက် ရှိနေဆဲ ဖြစ်ပါတယ်။ အားလုံး စားပွဲတဝိုင်းတည်းမှာ ထိုင်ကြပြီး သူ့ဆန္ဒ၊ သူ့အလို ပြောဆိုညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အားလုံးပါးစပ်က ပြောပြော နေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်မြောက်အောင် လက်တွေ့လက်တွဲပြီး လုပ်ကြရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ စိတ်မချမ်းမြေ့စရာတွေကောင်းလောက်အောင် တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် စစ်ရှောင်ဒုက္ခသည်များ မြို့တွေမှာ စခန်းတွေမှာ ရောက်ရှိနေတာတွေ မြင်နေရပါတယ်။ ဒါတွေဟာ တကယ်စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရမှ ဖြစ်နိုင်မှာပါ။

မြန်မာနိုင်ငံရဲ့ သယံဇာတများ ထုတ်ယူဖို့ စာချုပ်ချုပ်ထားတာတွေ ၊လိုင်စင်ချပေးထားတာတွေရဲ့ ပြဿနာတွေကလည်း အများကြီးရှိပါတယ်။

တစ်ချိန်တည်းမှာ လယ်သိမ်း၊ ယာသိမ်းပြဿနာတွေ ရှိနေသလို သည်နှစ်က အဆိုးရွားဆုံး အယ်လ်နီညိုရာသီဥတုနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။ အယ်လ်နီညိုရာသီဥတုဆိုရင် မိုးမရွာဘူး။ ရေရှားမယ်။ ရေကို ဘယ်လို စုဆောင်းထားကြမလဲဆိုတာ ပြဿနာပါ။ ယခုပဲ ဆန်ဈေးက မကြုံစဖူးတက်နေပြီ။ စပါးပေါ်ဖို့ ၊ဆန်ပေါ်ဖို့က အများကြီး လိုသေး။ မိုးမရ ရေမရရင် စပါးစိုက်ရာမှာ နှစ်တိုစပါးစိုက်ကြဖို့ ဆော်ဩထားတာလည်း ရှိရဲ့။ အရန်ဆန်များ စုဆောင်းဝယ်ယူထားဖို့ လှုံ့ဆော်နေကြတာလည်း ရှိရဲ့။ ရှိတဲ့ဆန်ကို နိုင်ငံခြားကို မတင်ပို့ဘဲ ပြည်တွင်းစားသုံးဖို့ လုပ် ဆောင်ဖို့ အကြံပေးထားတာရှိသလို လိုအပ်ရင် နိုင်ငံခြားက ဆန်များတင်သွင်းဖို့လည်း စီစဉ်ထားကြဖို့ လိုကြောင်း တင်ပြ တာတွေလည်း ရှိပါတယ်။ ဘာပဲပြောပြော ပြဿနာ ပြဿနာတွေက သောင်းခြောက်ထောင် ဖြစ်ပါတယ်။ အဲသည် အဲသည် ပြဿနာတွေကို ဖြေရှင်းဖို့ ရွေးကောက်ပွဲ အနိုင်ရပါတီ ၊အစိုးရနဲ့ တပ်မတော်တို့ ညှိနှိုင်းပြီး အဖြေရှာကြရမှာ ဖြစ်ပါတယ်။

အဓိကလိုအပ်ချက်ကတော့ ပြည်သူမျက်နှာကို ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။

ပြည်သူ့မျက်နှာကို ကြည့်ကြဖို့နှင့် ဘကြီးမိုးပါ။