လင်းသက်ငြိမ် - သတ္တု​ရောင်​မှတ်စု


လင်းသက်ငြိမ် - သတ္တု​ရောင်​မှတ်စု
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
 
လိုချင်​သည်​ဖြစ်​​စေ မလိုချင်​သည်​ဖြစ်​​စေ မနက်​ခင်းဟာ ကိုယ့်​ဆီ​ရောက်​လာခဲ့ပြီ။ အိမ်​ထဲက​နေ အမှိုက်​ထုပ်​တစ်​ထုပ်​လို လမ်းထဲလွင့်ကျလာတဲ့ကိုယ်​ဟာ ​ဖော်​​ဝေးရဲ့ကဗျာကို ပြန်​ပြန်​သတိရ​နေမိတယ်​။ မ​နေ့က ဘာမှမဟုတ်​ခဲ့တဲ့သူဟာ ဒီ​နေ့ လည်း ဘာမှမဟုတ်​သလိုပါပဲ။ လူ​တွေကပ်​ထားတဲ့တံဆိပ်​ဟာ လူ​တွေကို လိမ္မာ​စေတယ်​၊ မိုက်​မဲ​စေတယ်၊ ရိုးသား​စေတယ်​၊​ကောက်​ကျစ်​​စေတယ်​။ တစ်​ခါ ​တစ်​ခါ​တော့ မီးခိုး​ငွေ့လို ကိုယ်​လွင့်​သွားချင်​မိတယ်​။ အောင်​မြင်​ခြင်း မ​အောင်​မြင်​ခြင်း​တွေ ကို ကိုယ်​သိပ်​နားမလည်​သလိုပဲ။ ဒါ​ပေမယ့်​ ကိုယ်​မကျဆုံးချင်​ဘူး။

ချစ်​သူရဲ့လက်​ထဲမှာ မကျဆုံးချင်​ဘူး။
အ​မေ့ရဲ့လက်​ထဲမှာ မကျဆုံးချင်​ဘူး။

ကိုယ့်​ထက်​အသိဉာဏ်​နိမ့်​ကျတဲ့သူ​တွေရဲ့လက်​ထဲမှာ မကျဆုံးချင်​ဘူး။ ​သွေးနဲ့ သားနဲ့ တည်ဆောက်​ထားတဲ့ကိုယ်​ဟာ ကား​သော့ကို ညာဘက်လက်နဲ့ ဟန်​ပါပါလှည့်​ပြီး ဘယ်​ဘက်​လက်​က အ​ကောင်းစားမျက်​မှန်​တစ်​လက်​ကိုင်​ပြီး လက်​ဖက်​ရည်​ ဆိုင်​ထဲဘယ်​သူ့ကိုမှ ငဲ့​စောင်းမကြည့်​ပဲ ထိုင်​ချင်​ခဲ့ဖူးတယ်​။ ပိုက်​ဆံ​တောင်းလာတဲ့က​လေး​တွေလာရင်​ ၂၀၀ တန်​တစ်​ရွက်​​လောက်​ထည့်​ပြီး​ ဆေး​ပေါ့လိပ်ကို​ အေး​အေး​ဆေး​ဆေး ဆက်​ဖွာချင်​ခဲ့ဖူးတာ​ပေါ့။

အခု​တော့ ကိုယ့်​အိတ်​ထဲက၂၀၀ ဟာ ကိုယ့်​လက်​ဖက်​ရည်​ဖိုးပါပဲ က​လေးရယ်​။ ဘုရားသခင်​က လူကိုဖန်​ဆင်းပြီးတော့ ကိုယ်​ ဟာကိုယ့်​ခန္ဓာအတွက်​ စားနပ်​ရိက္ခာကို ဆက်​လက်​ဖန်​ဆင်းရတယ်​။ နေစရာထိုင်​စရာကို ဖန်​ဆင်းရတယ်​။ အသက်​မပါ​ပေမယ့်​ လှလှပပပြုံးတတ်​​အောင်​ သင်​ယူရတယ်​။ ဘဝဟာ သင်​ယူရခြင်း​တွေနဲ့ ဖွဲ့စည်းထားတဲ့ ပင့်​ကူအိမ်​ပါပဲ။

ကိုယ့်​ကိုယ်​ကိုကာကွယ်​ဖို့သင်​ယူရတယ်​။
သူများ​တွေကိုကာကွယ်​ဖို့သင်​ယူရတယ်​။

အကြမ်းဖက်​မှု​တွေဟာ ကာကွယ်​ခြင်း​တွေရဲ့​ ဘေးထွက်​ဆိုးကျိုးပဲ ကိုယ်​သင်​ယူ​နေရတဲ့အရာ​တွေထဲမှာ ကိုယ်​​ရောက်​​နေတဲ့​နေရာမှာ ​နေတတ်​ထိုင်​တတ်​​အောင်​ သင်​ယူရတဲ့အလုပ်​က အဆိုးရွားဆုံးသင်​ယူရခြင်း​​ပေါ့။

ခွေးချင်း​ကိုက်​တာ​တောင်​ ကိုယ့်​​ခွေးကိုအနိုင်​ရ​စေချင်​တဲ့ လူ့စိတ်​သ​ဘောထားအတိုင်း ကိုယ်​ဟာကိုယ့်​ကိုယ်​ကို အမြဲတမ်း  ဇာတ်​လိုက်​လို့ထင်မြင်မိေ​အာင် သင်​ယူခဲ့ပြီးပြီ။ ခန္ဓာကိုယ်​ကို အပြည့်​​ပေးပြီး စိတ်​ကိုတစ်​ဝက်​တိတိ​ပေးအပ်​ရတဲ့ အသက်​​မွေးမှုကို ဆက်​လက်​သင်​ယူ​နေရဆဲပဲ။

ဒဏ်ရာရ​​နေတဲ့ အတိတ်​၊ မသန်​စွမ်း​တဲ့အနာဂါတ် ဘာဖြစ်​ဖြစ်​ ကိုယ်​ဟာ ​နေ​ပျော်​​အောင်​သင်​ယူ​နေတုန်းပါပဲ ကမ္ဘာကြီး။   ငြိမ်းချမ်း​ရေးကို မခူးဆွတ်​ရ​သေးတဲ့ လူအချင်းချင်းနှိမ့်​ချဆက်​ဆံ၊ လုယက်​သတ်​ဖြတ်​​နေကြတာ ​မေတ္တာတရားကို သင်​ကြားဖို့​မေ့​လျော့​နေလို့လား။ အလုပ်​ထဲရောက်​တဲ့ အခါကိုယ့်​အ​ကြောင်း ကိုယ်​ခဏ​မေ့ထား။ ထမင်းစားနားတဲ့အခါ ကိုယ့်​ အ​ကြောင်း ကိုယ်​ခဏ​မေ့ထား။ ည​နေပိုင်းအလုပ်​သိမ်းတဲ့အခါ ကိုယ့်​အ​ကြောင်းကိုယ်​ ခဏ​မေ့ထား။ လူ​တွေဟာ ကိုယ်​​ဖော်တဲ့အဆိပ် ကိုယ်​​မျို​နေကြတာလား။ ဆော့ခရိတ္တိဟာ အမှန်​တရားဘက်​က​ အဆိပ်​တစ်​ခွက်​နဲ့ မားမားရပ်​ခဲ့တယ်​။

လင်းသက်​ငြိမ်