သာထက်အောင် - “ကျွန်တော်ဖျားတဲ့နေ့”



သာထက်အောင် - “ကျွန်တော်ဖျားတဲ့နေ့”
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆

၂၀၁၅ နှစ်ကုန်ပိုင်း ၂ ပတ်နဲ့ ၂၀၁၆ နှစ်ဆန်းပိုင်း ၂ ပတ်- စုစုပေါင်း ၄ပတ်တိတိ ရွှေပြည်ကြီးက မြို့တော်ဟောင်း ရန်ကုန်မှာ အချိန်ကုန်ခဲ့ပါတယ်။

ပြန်လာတော့ ဆစ်ဒနီက သူငယ်ချင်းတွေက "ဘယ်လိုလဲ ပျော်ခဲ့ရဲ့လား" လို့မေးကြပါတယ်။ နိုင်ငံခြားရုပ်ရှင် တွေထဲက သရုပ်ဆောင်တွေလုပ်လေ့ရှိသလို ပုခုံးနှစ်ဖက်တွန့်ပြပြီး ဘာအဓိပ္ပာယ်ဆောင်မှန်းမသိနိုင်တဲ့ “ဒီလိုပါပဲဗျာ” ဆိုတဲ့ မရေမရာအဖြေကြီးပဲ ခပ်လွယ်လွယ်ပေးနိုင်ပါ တယ်။ နည်းနည်းစပ်စပ်စုစု နိုင်တဲ့ ပုဂ္ဂိုလ်များနဲ့တွေ့ရင်တော့ “အေးဗျာ ရောက်ကတည်းက ချောင်းဆိုးတာ ပြန်တဲ့အထိ ဘာဆေးသောက်သောက် မပျောက်ဘူး၊ ပြန်ခါနီးဝမ်းလျောတယ်။ ဒါကြောင့် ပုဂံသွားမယ်၊ အင်းလေးသွားမယ်ဆိုတဲ့အစီအစဉ်တွေလည်း လက်လျော့လိုက်ရတယ်။"

ချောင်းဆိုးတယ်ဆိုတာ ကျွန်တော်ကိုယ်ခံအားညံ့လို့၊ ၀မ်းသွားတယ်ဆိုတာ အဆင်မသင့်လို့၊ အစားအသောက်မဆင်ခြင်လို့၊ ဒီလိုပဲ ကိုယ့်ကိုယ်ကို ပဲ အပြစ်တင်ပါတယ်။ ပတ်ဝန်းကျင် လေထုညစ်ညမ်းလို့ မြောင်းပုပ်အနံ့အသက်တွေဆိုးလို့ ဆေးလိပ်ကို လူတွေ မဆင်မခြင် သောက်ကြလို့၊ အစားအသောက် အကိုင်အတွယ် အခင်းအကျင်း ညစ်ပတ်လို့၊ ကားတွေက ထွက်တဲ့ ကာဘွန်တွေများလွန်းလို့ ဆိုတဲ့အကြောင်းပြချက်တွေဟာ ကျွန်တော့်ကျန်းမာရေးနဲ့ တိုက်ရိုက် သက်ဆိုင်သလား၊ မသက်ဆိုင်သလား ကျွန်တော်မသိပါ။

ကျွန်တော် သိသလောက်ပြောရရင်ယာဉ်ကြောပိတ်ဆို့မှု၊ ကားလမ်းကြပ်မှုနဲ့ ပတ်သက်လို့ ကတော့ ကမ္ဘာမှာ ရန်ကုန်လောက် ဗရမ်းဗတာ နိုင်တဲ့မြို့တော် ရှိမယ်မထင်ပါဘူး။ တိုးတက်ဖွံ့ဖြိုးပြီးဖြစ်တဲ့ မြို့တော်တွေ၊ တိုကျို၊ ကျိုတို၊ ရှန်ဟိုင်း၊ ဘီဂျင်း၊ လော့စ်အင်ဂျလိစ်၊ ဆန်ဖရန်စစ္စကို မြို့တွေနဲ့ယှဉ်ရင် ကျွန်တော် မတရားရာ ကျပါလိမ့်မယ်။ စစ်ဒဏ်၊ ကွန်မြူနစ်ဒဏ်တွေ လှလှပပ ကြီးခံခဲ့ရတဲ့ တချိန်ကမြောက် ဗီယက်နမ်လို့ခေါ်တဲ့မြို့တော် ဟနွိုင်း၊ ဆင်းရဲတွင်းက မလွတ်နိုင်သေးတဲ့ အန်ကောဝပ်နဲ့ ထင်ရှားတဲ့ ဆီရမ်ရိဒ်၊ ဇီးရွက်လောက်ရှိတဲ့ အင်ဒိုနီးရှားက ကျွန်းသေးသေးလေး ဘာလီ၊ သွားကြည့်ကြစမ်းပါ။ ကျွန်တော်တို့ ရန်ကုန်လို စည်းမရှိ၊ ကမ်းမရှိ ဖြစ်ချင်သလိုဖြစ်နေတဲ့ အကွပ်မဲ့ကြမ်းလားဆိုတာ။

ဒါကြောင့် ရန်ကုန်မှာ နေခဲ့တဲ့ ၄ ပတ်အတွင်း ရေးဖော်ရေးဖက်တွေ မိတ်ဟောင်းဆွေဟောင်း အတော်များများနဲ့ မတွေ့ခဲ့ရပါဘူး။ တချို့လည်း ဖုန်းနဲ့ပဲ အလွမ်းဖြေကြရပါတယ်။ “ကားပင်လယ်ကြီး ကာဆီးနေတော့” သူကလည်းကိုယ့်ဆီလာဖို့မလွယ်၊ ကိုယ်ကလည်းသူ့ဆီသွားရမှာ ဒီ Traffic ပြဿနာကြီး ကြောက်ပြီး မသွားချင်။ နီးလျက်နဲ့ဝေးကြရပါတယ်။ တကယ်တော့ ရန်ကုန်ဆိုတာ ကျဉ်းကျဉ်းလေးပါ။ လူ့ဗာလာနံတွေ အုပ်ချုပ်တဲ့ တိုင်းပြည်ဆိုတော့ မြို့အကျယ်အ၀န်းနဲ့ လက်ရှိလူဦးရေ၊ လမ်းအကျယ်အ၀န်းနဲ့ လက်ရှိ ကားအရေအတွက်၊ ဖြန့်ဖြူးနိုင်တဲ့ ရေ၊မီး၊လျှပ်စစ် ဘာတစ်ခုမှ အစီအမံ အမျှော်အမြင် မရှိလေတော့၊ အခုလိုမြို့နဲ့ လူဦးရေ မဆံ့မပြဲကြီးဖြစ်လာမှ၊ ဂုံးကျော်တံတားတွေဆောက်၊ ပိုက်ဆံမပေးနိုင်တဲ့ လမ်းဘေးဈေးသည်တွေနှင်…. အင်း…. တိုင်းပြည်ကတော့ ရှက်ဖွယ်လိလိ ဖြစ်နေပါပြီ။ ပျော်ချင်ရင် ကိုယ့်ဖာသာ ကလိထိုးနေပေတော့။

နောက်တက်မယ့် NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့ ကို ပြဿနာပေါင်း သိန်းခြောက်သောင်း (သောင်းခြောက်ထောင်မဟုတ်) ထားခဲ့ပြီး ဆင်းသွားမယ့် ကြံ့ဖွံ့ အစိုးရနဲ့ သူ့အဖွဲ့ ကတော့ ဆယ်သက် စားမကုန်တဲ့ အထုပ်ကြီးပိုက်ပြီး ပျော်ရာမှာ၊ နောက်ဆုံးထွက်သက်အထိ မသထာရေစာများနဲ့ စည်းစိမ်ခံစားကြမယ်ဆိုတာ အများအသိဖြစ်ပါတယ်။ “ဖအေဗိုလ်ချုပ်၊ သားခရိုနီ၊ မြေး ဂိမ်းကစား၊ ဘိန်းသမား” ဆိုတဲ့ဖြစ်စဉ် ၀ဲသြဃထဲကလွတ်ဖို့ ပြည်သူတွေက ညာလက်သန်း မင်အပေခံပြီး ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် ငပုတ် အဖမ်းခံရာက လွတ်လာတဲ့ လမင်းကြီးလို လင်းလင်း ကျင်းကျင်းမရှိသေးပဲ ငပုတ်အရိပ်မည်းကြီးက လကို စွန်းထင်းဆဲပဲဖြစ်ပါတယ်။ စစ်အစိုးရ လက်အောက်မှာ “ငြိမ်ဝပ်ပိပြား” ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြည်သူတွေတကယ်ပဲ ငြိမ်ဝပ်ပိပြားခဲ့ရတယ်။ စစ်အရေခြုံ ခေါင်းပေါင်းအစိုးရ လက်ထက်မှာလည်း သူတို့ မငြိုငြင်အောင် စစ်တပ်ရဲ့မျက်နှာရိပ် မျက်နှာကဲ ကြည့်ပြီး အတိုက်အခံတွေ ရှင်သန်ခံရတယ်။ ဟော… ခုလို ပြည်သူတွေက တခဲနက်ကြီး မဲတွေပုံအော ပေးလို့ NLD ပါတီ အနိုင်တော့ ရခဲ့ပါရဲ့။ “ရင်ကြားစေ့ရေး” ဆိုတဲ့ အင်မတန် နားဝင်ချိုစရာ ကောင်းတဲ့ ခေါင်းလောင်းသံလေးပေးပြီး စစ်တပ်ကို ‘ချော့’ ပေါင်းနေရတဲ့ဘ၀၊ ထားပါတော့။

ရန်ကုန်က ပြန်ရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ ဆုံနေကျ သူငယ်ချင်းတွေ ၀ိုင်းဖြစ်ပါ တယ်။ အဲဒီထဲက တစ်ယောက်က ကြံ့ဖွံ့ အစိုးရရှုံးတာနဲ့ ပတ်သက်ပြီး ရှုံးမှာပေါ့ဗျ၊ ဒါလောက်ညံ့တဲ့ အစိုးရ၊ ရှုံးတာနည်းတောင် နည်းသေးတယ်တဲ့။ တကယ်တော့ သူ့ကောက်ချက်ဟာ ကြံ့ဖွံ့အစိုးရအတွက် မလုံလောက်သေး ပါဘူး။ ကျွန်တော်သာ ကောက်ချက်ချရရင် အင်မတန်ညံ့ တဲ့အစိုးရလို့ပြောမှာမဟုတ်ဘဲ “အင်မတန် ကောက်ကျစ်ယုတ်မာတဲ့အစိုးရ” လို့ပဲပြောရမှာပါ။ ဘယ်လို ကောက်ကျစ်ခဲ့တယ် ဆိုတာ ပြည်သူ တွေသိပါတယ်။

အစိုးရ တရပ် ညံ့တယ်။ တချို့အစိုးရတွေက သိပ်တော်တယ်ဆိုတာ ကမ္ဘာမှာရှိပါတယ်။ အစိုးရတရပ် ညံ့ရုံလောက်နဲ့တော့ ကမ္ဘာ့အဆင်းရဲဆုံး ကျင်းထဲ ဒုတ်ဒုတ်ထိရောက်ပြီး တစ်နိုင်ငံလုံး ပြောင်သလင်းခါစရာ အကြောင်းမရှိပါဘူး။ တော်တဲ့အစိုးရဦးဆောင်ရင် တိုင်းပြည်တိုးတက်မယ်။ ပြည်သူတွေ ၀၀လင်လင် ပျော်ပျော်ရွှင်ရွှင်ရှိမယ်။ ခပ်ညံ့ညံ့ အစိုးရတက်ရင်တော့ တိုင်းပြည်မတိုးတက်ပဲ တန့်နေမယ်။ ဆုတ်ယုတ်ကောင်း ဆုတ်ယုတ်မယ်။ မသကာပြည်သူက လက်မခံရင် နှုတ်ထွက်ပေးရမယ်။

အဲ ကောက်ကျစ်ယုတ်မာ ပက်စက်-ကိုယ့်အကျိုးလောက်သာသိတဲ့ အဟိတ်တိရစ္ဆာန် အစိုးရ မျိုးအောက် ရောက်ပြီဆိုရင်တော့ အဲဒီနိုင်ငံ၊ အဲဒီလူမျိုးရဲ့အနာဂတ်ဟာ စဉ်းစားရဲစရာ မရှိပါဘူး။ ဒါကြောင့် တိုင်းတပါးက ကိုယ့်ပြည်တွင်း သယံဇာတကို နို့ဆီခွက်တလုံးစာတောင်မချန်ပဲ ကားကြီးကားငယ် အသွယ်သွယ်နဲ့ နေ့မီးညမီး ဆက်သယ်နေတာ မမြင်ချင်ယောင်ဆောင်နေတယ်။ နေ့ခင်းကြောင်တောင် ခိုးဆိုးလုယက်၊ မလုံမခြုံ ဘ၀ရောက်အောင် တရားဥပဒေက မစိုးမိုး၊ နိုင်ငံအကျိုး စွမ်းဆောင် နိုင်လို့ဆိုပြီး ကျီးဘုတ်မြှောက်၊ ဘုတ်ကြီးမြှောက်တဲ့အနေနဲ့ ဆုတံဆိပ်တွေပေးပြီး ကမ္ဘာကို မျက်နှာ ပြောင် တိုက်လိုတိုက်။ စစ်အုပ်စုမှာ နံပါတ်သုံးနေရာက ပုဂ္ဂိုလ်ကြီးက NLD ခေါင်းဆောင်တွေနဲ့ ပလူးပြတာကို ယုံတဲ့လူတွေကယုံ။

ရွှေပြည်ကြီးကပြန်လာပြီး နောက်နေ့ ကျွန်တော်ဖျားပါတယ်။