ဇော်အောင်(မုံရွာ) - အစိုးရသစ် ရင်ဆိုင်ရမည့် ဗန်းထဲက ဇီးသီးများ

Photo - Irrawaddy
ဇော်အောင်(မုံရွာ) - အစိုးရသစ် ရင်ဆိုင်ရမည့် ဗန်းထဲက ဇီးသီးများ 
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆

အစိုးရသစ်ရင်ဆိုင်ရမည့် ပရိုဂျက်ကြီးများစွာ (ဇီးသီးဗန်းများ) မကြာမီရောက်လာတော့မည်၊

လွှတ်တော်အသစ် ခေါ်ယူတဲ့ ဖေဖေါ်ဝါရီ (၁)ရက်မှာ ကုက္ကိုင်းခုံးကျော်တံတားကို ဖွင့်လှစ်လိုက်တဲ့အတွက် ကားကျပ်နေတဲ့ ရန်ကုန်မြို့သားများအတွက် ဝမ်းသာစရာသတင်းပါပဲ။ နောက်တစ်နေ့မှာပဲ အဲဒီနေရာမှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့ သတင်းရပါတယ်။ ခုံးကျော် တံတားများ အမြန်ဆုံး ဆောက်လုပ်ခြင်းကြောင့် ကားကြပ်မှုများ အဆင်ပြေသလိုဖြစ်ပေမဲ့ မလိုလားအပ်ပဲ နိုင်ငံဘဏ္ဍာငွေ အမြောက်အများကို ဆင်းရဲတဲ့မြန်မာပြည် လက်ရှိအခြေအနေမှာ သုံးစွဲနေခြင်းကို ဆင်ခြင်ဖို့ဖြစ်ပါတယ်။

ရန်ကုန်မြိ့မှာ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ခုံးကျော်တံတား ၇ စင်း တည်ဆောက်နေပါတယ်။ လက်ရှိ အသုံးပြုလျက်ရှိသည့် လှည်းတန်းတံတား အတွက် ကျပ် ၁၄.၄၈၇ ဘီလီယံ၊ ဘုရင့်နောင်တံတား ၂ စင်း ကျပ် ၂၆.၆၆ ဘီလီယံ၊ မြေနီကုန်း တံတား ကျပ် ၁၅.၉၇၁ ဘီလီယံ၊ ရွှေဂုံတိုင် တံတား ၁၇.၄၄၁ ဘီလီယံနှင့် ဆောက်လုပ်ဆဲဖြစ်သည့် ၈မိုင် တံတားအတွက် ကျပ် ၂၅.၈ဘီလီယံ၊ တာမွေ တံတားကျပ် ၂၂.၅ ဘီလီယံ၊ ကုက္ကိုင်းတံတား ကျပ် ၁၃.၉၇ ဘီလီယံဖြင့် အသီးသီး သုံးစွဲထားကြောင်း သိရသည်။

ယခင် စစ်အာဏာရှင်စနစ်ထက် ပိုမိုပွင့်လင်းစွာ ကုန်ကျငွေများကို ဖေါ်ပြထားပါတယ်။ ဟိုက်ဝေးလမ်း၊ လမ်းတံတား၊ ခုံးကျော်တံတား၊ မြစ်ကူးတံတား ကုန်ကျစရိတ်များမှာ နိုင်ငံခြားကုမ္ပဏီများ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတဲ့အတွက် ပြည်တွင်း ခရိုနီကုမ္ပဏီများက အဆမတန်ဈေးနှုန်းများနဲ့ ယခင်က ဖေါင်းပွ ကုန်ကျစရိတ်များစွာ ဆီးသီဗန်းမှောက်ခဲ့ကြပေမဲ့ ယခုခေတ်မှာတော့ ပုဂ္ဂလိက ကုမ္ပဏီများ အရင်လို မလုပ်နိုင်တော့ပါ။ မြေနီကုန်းတံတား၊ ရွှေဂုံတိုင် တံတားနှင့် ကုက္ကိုင်းတံတား(ဆောက်လုပ်ဆဲ) တို့ကို Capital Development ကုမ္ပဏီ၊ ဘုရင့်နောင်တံတား စီမံကိန်းကို FMI ကုမ္ပဏီ၊ လှည်းတန်းတံတားနှင့် တာမွေ(ဆောက်လုပ်ဆဲ) တံတား စီမံကိန်းတို့ကို ရွှေတောင်ကုမ္ပဏီနှင့် ၈မိုင် ခုံးကျော်တံတား စီမံကိန်းကို Crown Advanced ဆောက်လုပ်ရေး ကုမ္ပဏီတို့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်ပါတယ်။

တကယ်တော့ လမ်းတံတားဌာ၊ ဆည်မြောင်းဌာန၊ မြူနီစပယ်ဌာန တွေမှာ ပရိုဂျက်ကြီးတွေ အမြောက်အများရှိပါတယ်။ အဂတိမလိုက်စားတဲ့ အသက်၃၀အောက် တတ်သိပညာရှင်များစွာ လိုအပ်လျှက်ရှိပါတယ်။

ကားကြပ်တဲ့ ပြသနာအတွက် ရေတိုစီမံကိန်းအဖြစ် ခုံးကျော်တံတားစနစ် သာမက ဘတ်စကားစနစ်၊ တက္ကစီစနစ်၊ ကိုယ်ပိုင်ကားစနစ်၊ လမ်းဘေးဈေးသည်စနစ်၊ မြို့ပတ်ရထားစနစ် များကိုလည်း ပြုပြင်ရပါမယ်။ မြို့ကြီးတိုင်းမှာရှိတဲ့ မြေပေါ်၊ မြေအောက် လမ်းများကို ရေရှည်စီမံကိန်းအဖြစ် စဉ်းစားမယ်လို့ မျှော်လင့်ပါတယ်။

ဆောက်လုပ်ခ ၅၀% ပိုမိုကုန်ကျနေခြင်း
ကုန်ကျစရိတ် ဥပမာ တစ်ခု တင်ပြလိုပါတယ်။ ခုံးကျော်တံတား ဆောက်ခြင်းကုန်ကျစရိတ်ကို အင်တာနက်မှာရှာရင် အမေရိကန် FDOD ဖလော်ရီဒါ ဆောက်လုပ်ရေးကုမ္ပဏီရဲ့ အမြင့်မားဆုံးကုန်ကျစရိတ်အရ ကုက္ကိုင်းခုံးကျော်တံတားအတွက် တစ်စတုရန်းပေကို ဒေါ်လာ၂၀၀ နှုန်းတွက်ချက်ရင် ကျပ် ၁၀ ဘီလျံ လောက်ပဲ ကုန်ကျမှာဖြစ်ပေမဲ့ လက်ရှိသုံးစွဲခွင့်ငွေကတော့ ၁၃.၉၇ဘီလျံ လို့ရေးထားပါတယ်။ အပိုကုန်ကျငွေတွေနဲ့ပေါင်းရင် နောက်ထပ် ၂၀%လောက် ပိုကုန်မှာဖြစ်ပါတယ်။ အရေးပေါ် အမြန်တည်ဆောက်ရတဲ့အတွက် ၅၀% မက ပိုပြီးကုန်ကျပါတယ်။ ခုံးကျော်တံတား အရည်အသွေးကိုတော့ စစ်ဆေးမဲ့သူ မရှိဖြစ်နေပါတယ်။

ကုက္ကိုင်းခုံးကျော်တံတားက ကန်ဒေါ်လာနဲ့တွက်ရင် US$10 million လောက်ပဲ ကျသင့်တယ်ဆိုတော့ နိုင်ငံ ပရိုဂျက်ကြီးတွေနဲ့ ယှဉ်ကြည့်ရင် ဘာမှမပြောပလောက်ပါဘူး။ လက်ရှိ ရန်ကုန်ကားကြပ်ခြင်းကို ခုံးကျော်တံတား အမြန်ဆောက်နည်းနဲ့ ဖြေရှင်းပြီး ဘဏ္ဍာငွေများစွာ သုံးစွဲနေပါတယ်။ ပြေလည်သွားရင် ကောင်းပေမဲ့ တခြားနည်းလမ်းများ ရေရှည်အတွက် ရှာဖွေနေကြပါတယ်။ မြန်မာပြည်အစိုးရလူကြီးအချို့ အဂတိလိုက်စားမှုကြောင့် မြန်မာပြည်မှာ လုပ်ငန်းလုပ်ရတာ ဈေးအရမ်းကြီးနေခြင်း ဖြစ်ပါတယ်။

http://www.dot.state.fl.us/planning/policy/costs/Bridges.pdf

အနာဂါတ် နိုင်ငံခြားကုမ္ပဏီများ၏တင်ဒါ
ကန်ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ပရိုဂျက်များစွာ မြန်မာအစိုးရအတွက် တည်ဆောက်နေဆဲ၊ တည်ဆောက်လာလတ္တံ အခြေအနေများစွာ ရှိပါတယ်။

ပြည်တွင်းကုမ္ပဏီများက ပွင့်လင်းမြင်သားမှုမရှိတဲ့ တင်ဒါစနစ်နဲ့သုံးစွဲလာတာ ကြာပီဖြစ်ပါတယ်။ အစိုးရဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားလုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ ဆည်မြောင်း၊ ကွန်ပြူတာအီလက်ထရွှန်းနစ်စက်ကရိယာများ ၊ ပညာရေး-ကျန်းမာရေး သုတေသနပစ္စည်းကရိယာများ၊ ...စတဲ့ နိုင်ငံပိုင် ဝန်ကြီးဌာနအသီးသီးက သုံးစွဲနေကြတာ စာရင်းစစ်အဖွဲ့တွေ့ရှိချက်က ကမောက်ကမဖြစ်နေပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန် အစိုးရက ပြည်ပစာရင်းစစ်အဖွဲ့များ ၂၀၁၆ အထိ လာရောက်ဖို့ မဖြစ်နိုင်သေးကြောင်း အစောကြီးကတည်းက ပြောရှာပါတယ်။

ပုဂ္ဂလိက စက်ရုံနဲ့ကုန်ထုတ်လုပ်ငန်းကို Zero Factory ပရိုဂျက်နဲ့လုပ်ဆောင်နေပြီး၊ အစိုးရက အခွန်ကောက်ရုံပဲ လုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ပုဂ္ဂလိက လုံးဝမလုပ်ချင်တဲ့ စက်ရုံကြီးပေါင်းများစွာ ရှိပါတယ်။ ဒေါ်လာ ဘီလျံချီတဲ့ မြင်းခြံ သံမဏိစက်ရုံစီမံကိန်းလို စက်ရုံမျိုးတွေ အဟောင်းဈေးနဲ့ပဲ ပုဂ္ဂလိကကို ရောင်းထုတ်ရုံပဲ ရှိပါတော့တယ်။ လုံးဝရပ်နေတဲ့ သာပေါင်းပျော့ဖတ်စက်ရုံ၊ ပုသိမ်မှန်စက်ရုံ တွေလို အမြောက်အများရှိနေပါသေးတယ်။ အဟောင်းဈေးနဲ့ပဲ ရောင်းချဖို့ ယခင် စက်မှုဝန်ကြီး ကွယ်လွန်သူ ဦးအောင်သောင်း ရှိရင်တော့ စက်မလည်ပဲနဲ့ အမြက်ထွက်အောင် လုပ်နိုင်မလားမသိပါ။ ဒီစက်ရုံများက ဝန်ထမ်းပညာတတ်တွေကို အသုံးချဖို့လဲ ရှိပါတယ်။

နောက်နောင် အစိုးရ ပရိုဂျက် တင်ဒါများကို စီစစ်ဖို့ ပရိုဂျက်စီမံခန့်ခွဲရေးနိုင်ငံခြားကုမ္ပဏီ၊ ပြည်တွင်းကုမ္ပဏီ များနဲ့ အကြီးစားစက်မှုလုပ်ငန်း ပရိုဂျက်များကုန်ကျငွေများကို စီစစ်ရပါတော့မယ်။ မြန်မာပြည်အစိုးရက ဆက်သွယ်ရေး အော်ပရေတာ ၂ခု (တယ်လီနော နဲ့ အော်ရီဒူး) ကိုရွေးချယ်ခဲ့တဲ့ အတွေ့အကြုံ ရှိပါတယ်။ ဒါမျိုး တင်ဒါရွေးချယ်ရေးအဖွဲ့က စနစ်တကျ နိုင်ငံဘဏ္ဍာများ သုံးဖို့ ၊ ဒေါက်တာအောင်ထွန်းသက် ဖွဲ့စည်းနေတဲ့ မြန်မာပြည်မှာ MDI Myanmar Development Institute အနေနဲ့ အလွယ်တကူ လုပ်နိုင်မယ် ဖြစ်ပါတယ်။

အင်န်အယ်ဒီနဲ့တပ်မတော် ညွန့်ပေါင်းအစိုးရရဲ့ စီးပွားရေးပေါ်လစီ နံပါတ်(၁) ကတော့ အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေးများ ရပ်ဆိုင်းပါမည်။ အခွန်ရှောင်မှုများကို နှိမ်နင်းပြီး အခွန်အခများ အပြည့်အဝရအောင် ဆောင်ရွက်သွားပါမယ်။ ဝန်ကြီးဌာနများရဲ့ မလိုအပ်တဲ့အသုံးစရိတ်များကို လျှော့ချသွားပြီး၊ ပြည်သူ့ အတွက်လိုအပ်တဲ့ လူမှုကိစ္စများအတွက် အသုံးချသွားဖို့ ဖြစ်ပါတယ်။

အထူးသဖြင့် လျှပ်စစ်၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး ပရိုဂျက်များမှာ တရုပ်ချေးငွေများရဲ့ အတိုးနှုန်းမြင့်မားစွာ ယူထားခြင်းအတွက်လည်း ညှိနှိုင်းဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် လျှပ်စစ်ဝန်ကြီးဌာနအဖို့ ဘယ်တော့မှ အမြတ်စွန်းရမှာမဟုတ်ပါ။ တရုပ် လျှပ်စစ်ဓါတ်အားထုတ်စက်တွေကို အကုန်ဖျက်သိမ်းပြီး ဂျာမဏီ၊ ဂျပန် ချေးငွေနဲ့ မဟာလျှပ်စစ်ဓါတ်အားထုတ် စက်တွေ ပြန်တည်ရမှာဖြစ်ပါတယ်။ အခု လက်ရှိ တရုပ် လျှပ်စစ်ဓါတ်အားစက်တွေ ပြင်ဆင် ထိန်းသိမ်းစရိတ်က အလွန်အကုန်ကျများလွန်းလို့ မြင်းခြံသံမဏီစက်ရုံ (အီတလီနိုင်ငံလုပ်စက်ရုံ) လိုပဲ အလဟသ ဘဏ္ဍာငွေတွေ ဖြုန်းတီးနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ခုနှစ် မုံရွာမြို့မှာ ပြောခဲ့တာကို အခုထိ မှတ်မိနေပါတယ်။ ဒီမိုကရေစီ ရဖို့ထက် ရပြီးသား ဒီမိုကရေစီကို ထိန်းသိမ်းဖို့က ပိုပြီး ခက်ခဲလှပါတယ်လို့ ပြောပါတယ်။ အလာတူပါပဲ နည်းပညာနဲ့စက်ရုံများကို ဝယ်တာက ပိုက်ဆံချေးပြီး ဝယ်လို့ရပါတယ်။ ဒါပေမဲ့ တကယ်အကျိုးရှိမှာလား၊ အနှစ်၂၀ ပြုပြင်ထိန်းသိမ်းရေး က ဘယ်လိုလဲ ဆိုတာ ရေရှည်စိမံကိန်းနဲ့ စဉ်းစား ရင်းနှီးမြှတ်နှံရမှာ ဖြစ်ပါတယ်။ အစိုးရသက်တမ်းက (၅)နှစ်ဆိုတော့ ငါ့လက်ထက်မှာ ကောင်းနေရင်ပီးရော ဆိုပြီး လုပ်စားနေတဲ့ နိုင်ငံရေးသမား၊ တကမ္ဘာလုံးက ဝိသမစိးပွားရေးသမားတွေ အလွန်မြောက်များစွာ မြန်မာပြည်ထဲ ရောက်နေပါတယ်။

ဘုရားမလို့ပဲ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ခေါင်းဆောင်ခွင့် ရထားပါပီ။ မေတ္တာနဲ့ မြန်များလူထု တိုးတက်ရေးအတွက် လုပ်စရာတွေ အမြောက်အများရှိနေပါတယ်။

 အစိုးရသစ်အတွက် နိုင်ငံတော်စီမံကိန်းများ

အခုအစိုးရသစ်အတွက် စီးပွားရေးတိုးတက်ဖို့ နှစ်ရှည်စီမံကိန်းနဲ့ ချေးငွေများစွာ ရရှိဖို့ အလားအလာကောင်းပါတယ်။ နိုင်ငံခြား ပရိုဂျက်များကို မြန်မာပြည်အတွက် တင်သွင်းလာရာမှာ နိုင်ငံခြားမှာ မသုံးတော့တဲ့ နည်းစနစ်နဲ့စက်များကို ဈေးကြီးစွာနဲ့ ညာပြီး ရောင်းချမဲ့အလားအလာ တွေရှိပါတယ်။ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်၊ အိုင်အမ်အက်ဖ် ချေးငွေ ဆိုပြီး ရတိုင်း ယူလို့မရပါ။ ချေးငွေတိုင်းမှာ အကန့်အသတ်တွေ ရှိပါတယ်။ ဒီစက်ပစ္စည်းကိုမှ ဝယ်ရမယ်ဆိုတဲ့ စာချုပ်များရှိပါတယ်။ စက်ပစ္စည်းကို လေ့လာသုံးသပ်ဖို့ နှစ်ရှည်အသုံးပြုနိုင်ဖို့ နည်းပညာနဲ့ ပညာရှင်မွေးထုတ်ရေး စီမံကိန်းများကိုလည်း လေ့လာရမယ်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံပိုင် ပရိုဂျက်ကြီးတွေ (ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင်) MDI Myanmar Development Institute လို အဖွဲ့အစည်းတွေနဲ့ စီမံခန့်ခွဲရပါမယ်။ အဓိကတော့ တတ်ကျွမ်းတဲ့ အစိုးရဘက်သား ပညာရှင်များရှိဖို့ပါ။ ဝန်ကြီးဌာနတိုင်း ဥပမာ ငွေကြေးများစွာသုံးစွဲမဲ့ လျှပ်စစ်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဝန်ကြီးဌာနတွေမှာ တင်ဒါတွေ စနစ်တကျ စီစစ်မဲ့အဖွဲ့ အရေးတကြီးလိုအပ်နေပါတယ်။ အဂတိလိုက်စားလို့ အရေးယူခြင်းထက် အဂတိ မလိုက်စားနိုင်အောင် ငွေကြေးကုန်ကျစရိတ်ကို ပွင့်လင်းမြင်သာစွာ တင်ဒါလုပ်နိုင်ဖို့ လိုပါတယ်။

FDOD ဖလော်ရီဒါ ဆောက်လုပ်ရေးကုမ္ပဏီ လိုပဲ စက်ရုံဆောက်လုပ်ရေး၊ ဓါတ်အားပေး၊ ဆက်သွယ်ရေး ကမ္ဘာ့ ကုမ္ပဏီများစွာ တင်ဒါတောင်းခံနိုင်ပါတယ်။ အခက်အခဲကတော့ တင်ဒါ ဘယ်လိုတောင်းရမလဲ၊ ဘယ်လို စီစစ်ရွေးချယ်ရမလဲ ဆိုတာ နားလည် အတွေ့အကြုံရှိတဲ့ မြန်မာပညာရှင်များစွာ လိုပါတယ်။

ပြည်တွင်း ကုမ္ပဏီများက တင်ဒါ ၅၀% လောက် ပိုပြီးတင်ပြတာထက် ပိုဆိုးတဲ့ နိုင်ငံခြားကုမ္ပဏီများစွာ မကြာခင်ရောက်လာတော့မယ် ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရခေတ်မှာ ဌာနဆိုင်ရာများက တောင်းရမ်းခြင်း၊ စည်းကမ်းတင်းကြပ်ခြင်းတွေကြောင့် နိုင်ငံခြား ကုန်ထုတ်လုပ်ငန်းများ အထူးသဖြင့် ထိုင်းနိုင်ငံရင်းနှီးမြှတ်နှံမှုတွေ မလာနိုင်သေးပါဘူး။ အခု အင်န်အယ်ဒီနဲ့တပ်မတော် ညွန့်ပေါင်းအစိုးရလက်ထက်မှာ စစ်မှန်တဲ့ရင်းနှီးမြှတ်နှံမှုတွေ ရောက်လာပါမယ်။ ကုမ္ပဏီ ဆိုတာ စီးပွားရေးလာလုပ်တဲ့အတွက် မြန်မာအစိုးရ ပညာရှင်များက အဂတိမလိုက်စားပေမဲ့ ပညာမကျွမ်းကျင်ဘူးဆိုရင် နိုင်ငံတကာမသုံးတဲ့ စက်ပစ္စည်းတွေကို ဈေးကြီးကြီးနဲ့ ရောင်းချနိုင်ပါတယ်။

နိုင်ငံခြားကုမ္ပဏီများနဲ့မြန်မာနိုင်ငံသားများ ဖက်စပ်လုပ်ကိုင်တဲ့ စာချုပ်များ တရားမျှတရေးအတွက် လုပ်ကိုင်ပေးဖို့ ရှေ့နေနဲ့အဖွဲ့အစည်းတရပ် လိုအပ်ပါတယ်။ ဆင်းရဲသားလူထုကိုလဲ ငွေ၊အာဏာ ဥပဒေနဲ့အနိုင်ကျင့်သလို မလုပ်ဖို့လဲ လိုပါတယ်။ ဥပမာ ကုမ္ပဏီများက ငွေ၊ အာဏာနဲ့ဥပဒေ လက်တလုံးခြားလုပ်ပြီး လယ်ယာမြေတွေ သိမ်းယူနေလို့ ကန့်ကွက်တဲ့ပြသနာများ၊ တယ်လီနော၊ အော်ရီဒူးတို့ ရပ်ရွာလူကြီး၊ တတ်သိပညာရှင်များကို ဖိတ်ခေါ်မတင်ပြပဲနဲ့ ရပ်ရွာသဘောမတူပဲ တာဝါတိုင်များစိုက်ထူလို့ ကန့်ကွက်မှုများ၊ နောက်ဆုံး မြို့မငြိမ်း မိသားစုရဲ့ တူးပို့ တံဆိပ်ကို ငွေ၊အာဏာ အလွဲသုံးပြီး ဘီယာတံဆိပ်အဖြစ် သုံးနေတာမျိုး ငွေ၊ အာဏာသုံးပြီး ဆင်းရဲနွမ်းပါးတဲ့ လူထုကို အနိုင်ကျင့်မှုတွေ နည်းပါးစေဖို့ မီဒီယာနည်းထက်၊ အစိုးရကိုယ်တိုင်က ဥပဒေနဲ့ လူထုကို အကာကွယ်ပေးရမှာဖြစ်ပါတယ်။

ဗီယက်နမ်၊ တရုပ်၊ မလေးရှား စတဲ့ နိုင်ငံများနဲ့ စင်ကာပူလိုနိုင်ငံမှာတောင် အစိုးရကို လိမ်ညာပြီး တန်ဖိုးကြီး စက်ပစ္စည်းတွေ ရောင်းချတာမျိုး ရှိပါတယ်။ အစိုးရကလဲ ရှုံးနေတဲ့ လုပ်ငန်းကို အစိုးရငွေ (ပြည်သူလူထုစုဆောင်းငွေတွေ) ထပ်ထည့်ပြီး လိမ်လက်စနဲ့ ဆက်လိမ်ရပါတယ်။ ဥပမာ .. CSM, REC, POSH ..စတဲ့ ကုမ္ပဏီများ ပြည်သူလူထုထံက စတော့ရှယ်ရှာ လက်တလုံးခြားလှည့်ရောင်းပြီး ရံပုံငွေရှာတဲ့နည်း တနည်းအားဖြင့် IPO Listing လုပ်နည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီနည်းလမ်းနဲ့ မြန်မာလူထုဆီက အရင်းနှီးတွေကို အသစ်ဖွင့်မဲ့ စတော့ရှယ်ယာဈေးကွက်မှာ လုပ်စားဖို့ ချောင်းနေတဲ့ ဝိသမလောဘသမားတွေ ရှိနေပါတယ်။ (စကားချပ်)

အဂတိကင်းရှင်းရေး
တိုးတက့်နိုင်ငံများမှာ အဂတိ နည်းပါးပါတယ်။ အဂတိနည်းပါးတဲ့နိုင်ငံကို နိုင်ငံခြားရင်းနှီးမြှတ်နှံမှု မြောက်များစွာ ဝင်လာလေ့ရှိပါတယ်။ စင်ကာပူနိုင်ငံ စတင်အုပ်ချုပ်သည့် ခေါင်းဆောင်ကြီး လီကွမ်းယူက အဂတိလိုက်စားမှုကို ဘယ်ကဲ့သို့ တိုက်ဖျက်ခဲ့ကြောင်း အာဏာရှင်ဆန်ဆန် လုပ်ဆောင်ရပါတယ်။ စင်ကာပူနိုင်ငံ ထူးတောင်တဲ့ ခရီးစဉ်မှာ အဂတိလိုက်စားမှုကြောင့် အစိုးရအရာရှိကြီးများကို အရေးယူ အလုပ်ထုတ် ထောင်ချ လုပ်ခဲ့ရပါတယ်။ အင်န်အယ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောစကားများနဲ့လက်တွေ့အကောင်ထည်ဖေါ်နိုင်ဖို့ အထူးမျှော်လင့်ပါတယ်။

အဂတိကင်းရှင်းရေး ဆိုတာကို အဓိပ္ပါယ်ဖွင့်ရရင် အုပ်ချုပ်သူခေါင်းဆောင်များက ဘုရားမကြိုက်တာတွေ မလုပ်ဖို့ဖြစ်ပါတယ်။ လူတွေ မွဲတေငတ်မွတ် မတရားခံနေရတာများစွာ ဘယ်ဘုရားမှ မကြိုက်ပါဘူး။ အခွန်နင်းကန်ကောက်ပီး အုပ်ချုပ်သူတွေပဲ ဇိမ်ခံသုံးစွဲနေခြင်း၊ ပြီးတော့ အစိုးရခေါင်းဆောင်များကို လာဘ်ပေးသူ ခရိုနီ၊ ဝိသမလောဘသမားများနဲ့ ကင်းရှင်းဖို့ အစိုးရခေါင်းဆောင်ကအစ ကြောက်နေရမဲ့ အဂတိတိုက်ဖျက်ရေးအဖွဲ့အစည်း လိုပါတယ်။ ဝိသမလောဘသမားများက မြန်မာပြည်ရဲ့ အိမ်ခြံမြေ လယ်ယာ တောတောင်တွေကို အစိုးရအရာရှိတွေနဲ့ ခွဲဝေသိမ်းပိုက်ခြင်းက အိမ်ခြံမြေဈေး ကမ္ဘာ့ ဈေးအကြီးဆုံး ဖြစ်သွားရတာလဲ အဂတိ၊ ဝိသမ လုပ်ရပ်ပါပဲ။ မြေယာမြောက်များစွာရှိတဲ့ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးကြီးမှုကို ဖြေရှင်းလို့ရပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအဆင့် တန်ဖိုးနည်းအိမ်ယာများစွာ ပေါ်လာပီ ဖြစ်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံမှာတော့ အတိုက်ခံခေါင်းဆောင် Kim Dae-jung (1998-2003) ရွေးကောက်ပွဲနိုင်ပီး သမ္မတကြီး အသက် ၇၀ ကျော်မှာ နိုင်ငံတော်သမ္မတဖြစ်လာခဲ့ပါတယ်။ သူ့လက်ထက်မှာ နိုင်ငံရေး၊ လူမှုရေး၊ အိုလံပစ်၊ ကမ္ဘာ့ဖလာဘောပွဲ စသဖြင့် များစွာလုပ်ပေးခဲ့ပါတယ်။ အကြီးများဆုံးလုပ်ရပ်ကတော့ အစိုးရကိုယ်တိုင် အင်တာနက်ဝက်ဆိုက်တစ်ခုကို တည်ဆောက်ပြီး လပ်စားမှုတွေကို ပွင့်လင်းစွာ တိုင်ကြား၊ မှတ်လောက်အောင် အရေးယူ၊ မှတ်တမ်းတင်ထားနိုင်ခြင်း ဖြစ်ပါတယ်။ လာဘ်စားမှု လုပ်တဲ့လူကို အချက်အလက်တိကျစွာနဲ့ တိုင်ကြားခြင်းများကို မြန်မာပြည်လက်ရှိဖေ့ဘုတ်လို နောက်တလကြာတဲ့အခါ ပြန်ရှာလို့မရ ဖြစ်မသွားတော့ပါဘူး။ လာဘ်စားသူကို ပွင့်လင်းစွာ မှတ်တမ်းတင်ထားလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာပြည်အစိုးရသစ်မှာလဲ အသစ်ဖွဲ့စည်းမဲ့ အဂတိတိုက်ဖျက်ရေးအဖွဲ့က တောင်ကိုးရီးယား နမူနာယူပြီး ဒါမျိုး အစိုးရဝက်ဆိုဒ်တစ်ခု လုပ်နိုင်မှာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ခေတ်မှာ အကြီးတန်းအစိုးရ အရာရှိကြီးများစွာ တောင်ကိုးရီးယားကို ကောင်းတာတွေနမူနာယူဖို့ လေ့လာရေးလွှတ်ပီး ဖြစ်ပါတယ်။

 Ref: http://www.8iacc.org/papers/yjkim.html

အရှေ့တောင်အာရှမှ အင်ဒိုနီးရှား အရပ်သားသမ္မတဖြစ်သူ ဂျိုကိုဝီရန်ဒို အာဏာရရှိလာပြီး ၂နှစ်ကြာတဲ့အခါ တိုးတက်မှု သိပ်မရှိလို့ ဆိုကြပါတယ်။ အစိုးရအဖွဲ့အပေါ် သမ္မတ ဂျိုကိုဝီရန်ဒို သြဇာသိပ်မရှိတာလဲ တစ်ကြောင်းဖြစ်မှာပါ။ မြန်မာပြည်ကတော့ အစိုးရအဖွဲ့ကို ပြည်သူထောက်ခံတဲ့ အင်အယ်ဒီပါတီက သြဇာကြီးလှတဲ့အတွက် ထူးခြားတဲ့ အဂတိတိုက်ဖျက်ရေးများ မြင်တွေ့လာရမှာဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော် စီမံကိန်းများအတွက် ပရိုဂျတ်၊ ဘတ်ဂျတ်လေ့လာ သုံးသပ်၊ ဆုံးဖြတ်ဖို့ မြန်မာပညာရှင်များသာ အကောင်းဆုံးဖြစ်ပါတယ်။ လူငယ်သွေးသစ်များစွာနဲ့ MDI Myanmar Development Institute အမြန်ဆုံး အောင်မြင်ပါစေ။