ဇင်လင်း - ဆင်းရဲမွဲတေမှု လျော့ချရေး မအောင်မြင်ခဲ့တာ ဘာကြောင့်လဲ

 
ဇင်လင်း - ဆင်းရဲမွဲတေမှု လျော့ချရေး မအောင်မြင်ခဲ့တာ ဘာကြောင့်လဲ 
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာ မိတ်အဖွဲ့ Myanmar Alliance for Transparency and Accountability – MATA က ဇန်န၀ါရီ ၂၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။  သတင်းစာရှင်းပွဲမှာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဒေါ်လာ ဘီလီယံချီ ဝင်ငွေရတဲ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတချို့က ဝင်ငွေ ၅၀ ရာခိုင်နှုန်းကျော်ဟာ နိုင်ငံတော်ဘတ်ဂျက်ထဲ ၀င်ရောက်မလာဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကနေ ပြည်ပကို ရောင်းချနေတဲ့ သဘာဝသယံဇာတတွေထဲက နံပါတ်တစ် ဝင်ငွေရလုပ်ငန်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ရ တဲ့ဝင်ငွေ တစ်ဝက်ကျော်ဟာ နိုင်ငံတော်ဘတ်ဂျက်ထဲကိုဝင်မလာဘဲ ပျောက်နေပြီး အဲဒီငွေတွေကို ဝန်ကြီးဌာန စာရင်းခေါင်း စဉ်တစ်ခုနဲ့ ပြထားတာ တွေ့ရှိရတယ်လို့ MATA အဖွဲ့က ဒေါ်မိုးမိုးထွန်းက ဘီဘီစီကိုပြောကြောင်း သိရပါတယ်။

နိုင်ငံပိုင်လုပ်ငန်းအားလုံးမှာ အစိုးရဘတ်ဂျက်ထဲ လွှဲမပေးဘဲ သီးသန့်ရန်ပုံငွေအဖြစ် စုဆောင်းထားတဲ့ငွေတွေ ရှိနေပြီး၊ အဲဒီ ငွေတွေဟာ ၀န်ကြီးဌာနအသီးသီးကို အစိုးရထက် ပိုမိုအားကောင်းလာစေတဲ့ အခြေအနေ ဖြစ်ပေါ်နေတာကြောင့်၊ အကျင့် ပျက် လာဘ်စားမှုတွေ ပိုမိုမြင့်တက် လာစေနိုင်တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် National Resource Governance Institute - NGRI ရဲ့ Gilded Gatekeepers: Myanmar's State-Owned oil and Mining Enterprises အစီရင်ခံစာ မိတ်ဆက်ပွဲမှာ NGRI မှ ဒါရိုက်တာ Mr.Patrick Heller က ပြောကြားကြောင်း အလဲဗင်းမီဒီယာသတင်းအရ သိရတယ်။

ဇန်န၀ါရီ ၂၀ ရက်နေ့ NGRI ရဲ့ အစီရင်ခံစာ မိတ်ဆက်ပွဲမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းနှင့် အမှတ် ၁၊ ၂၊ ၃ သတ္တုတွင်းလုပ်ငန်း စသည့်နိုင်ငံပိုင် လုပ်ငန်းကြီးတွေ အနေနဲ့ နိုင်ငံတော် ဘတ်ဂျက်ထဲ ထည့်သွင်းဖော်ပြမှုမရှိတဲ့ သီးသန့်ရန်ပုံငွေ စုဆောင်းထားမှုဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်ခုတည်းမှာပင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ (ကျပ် ၁ ဒသမ ၅ ထရီလျံ) အထိ စုဆောင်းထားခဲ့ကြောင်း၊  အလားတူ နိုင်ငံတော် ပုံမှန်ဘတ်ဂျက်ထဲ မရောက်ရှိတဲ့ ၀န်ကြီးဌာနတွေရဲ့ သီးခြားငွေစာရင်းတွေမှာ ဒေါ်လာ သန်းရာချီ ရှိနေနိုင်ပြီး၊ အချို့ငွေစာရင်းတွေထဲမှာ ဒေါ် လာဘီလျံချီ ရှိနေနိုင်တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် NGRI  အစီရင်ခံစာမှာ  ဖော်ပြထားပါတယ်။ အဲဒီ အစီရင်ခံစာဟာ မြန်မာနိုင်ငံ EITI အစီရင်ခံစာအပေါ် အခြေခံရေးသားထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“EITI လုပ်ငန်းစဉ်တွေ စလုပ်ခါစကတော့ အစိုးရဘက်က ပူးပေါင်းပါဝင်မှုက တော်တော်လေးကို အားနည်းခဲ့တယ်။ နောက် ပိုင်း တဖြည်းဖြည်းနဲ့ ပူးပေါင်းပါဝင်လာခဲ့တယ်။ အားကောင်းလာတယ်။ တည်ဆဲဥပဒေကိုလိုက်နာခြင်းမရှိတဲ့ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်မှုတွေလုပ်တာတွေ ရှိလာတယ်။ ဒါပေမဲ့ ‘ဦးပိုင်’ မပါဘူး။ ကျန်တဲ့ တခြားကုမ္ပဏီတွေကိုတော့ အရေးယူ ပါတယ်။ လက်ပံတောင်းကိစ္စတို့ ဖားကန့်ကိစ္စတို့ ဒါတွေကိုကြည့်ရင် သိနိုင်ပါတယ်။ ပြီးတော့ ကျောက်မျက်တူးဖော်မှုပေါ့။ ဒါကလည်းအစိုးရအနေနဲ့ ဘာမှအမြတ်အစွန်းရတာမဟုတ်ဘူး”  လို့ MATA အဖွဲ့မှ ဦးနိုင်လင်းထွဋ်က ပြောကြောင်း ပေါ်ပြူ လာသတင်းမှာ ဖေါ်ပြတာ တွေ့ရတယ်။

ဒီအခြေအနေတွေကိုကြည့်ရင် တိုင်းရင်းသားအားလုံးနဲ့တကွ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မျှဝေခံစားသင့်တဲ့ နိုင်ငံ့ သယံ ဇာတတွေကို နှစ်ပေါင်းများစွာ အလွဲသုံးစားလုပ်နေခဲ့ကြတာ ပေါ်လွင်ပါတယ်။ အခုတော့ ၂၀၁၅ ရွေးကောက်ပွဲရလဒ် ကြောင့် ဒီလိုအလွဲသုံးစားလုပ်နေတဲ့ ကိစ္စတွေကို အစိုးရသစ်က ဖြေရှင်းဖို့ကြိုးစားမှာ မလွဲဘူးလို့ ယုံကြည်ပါတယ်။ NGRI အစီရင်ခံစာပါ ဖော်ပြချက်တွေနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများဟာ NGRI တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ မီဒီယာသတင်းကတဆင့် သိရပါတယ်။ NGRI ၏ တွေ့ရှိချက်အရ နိုင်ငံ့ဘတ်ဂျက်ထဲ ရောက်မလာတဲ့ ၀န်ကြီးဌာနတွေရဲ့ သီးခြားရန်ပုံငွေတွေကို ဘယ်လိုသိမ်းဆည်းပြီး ဘယ်သူတွေက ထိန်းချုပ်ထားတယ် ဆို တာ ဖေါ်ထုတ်သိရှိနိုင်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအပေါ် ကျရောက်နေပြီ ဖြစ်ပါတယ်။

NGRI အစီရင်ခံစာအရ အစိုးရပိုင်စီးပွားရေးလုပ်ငန်းတွေဟာ တစ်နိုင်ငံလုံးအခွန်ငွေစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းအထိ အခွန် ဆောင်ထားကြပေမဲ့ ပြန်လည်ထုတ်ယူသုံးစွဲတာဟာ ၁၅ ရာခိုင်နှုန်းအထိရှိနေတယ်လို့ NRGI အဖွဲ့ခေါင်းဆောင် စီးပွားရေးရာ ဥပဒေကျွမ်းကျင်ပညာရှင် Patrick Heller ကထောက်ပြပါတယ်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းမဟုတ်တဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီဟာ အစိုးရပိုင်လုပ်ငန်းတွေလို သီးသန့်အခွင့်အရေးတွေရနေတယ်လို့လည်း Patrick Heller ဆိုပါတယ်။

နိုင်​ငံ​တ​ကာ​မှာ ​ဖြစ်​ပေါ်နေ​တဲ့ ​အ​ကျင့်​ပျက် ​ခြ​စားမှုတွေ​ကို ​စောင့်​ကြည့်​လေ့​လာနေ​တဲ့ Transparency International ​​အ​ဖွဲ့ ​ရဲ့ ၂၀၁၅ ခုနှစ် ​ထုတ်​ပြန်​ချက်အ​ရ ​မြန်​မာ​နိုင်​ငံဟာ ​နိုင်​ငံ​ပေါင်း ၁၆၇ ​နိုင်​ငံ ထဲ​မှာ ​အ​ဆင့် ၁၄၇ ​ရှိ​နေ​ပါ​တယ်။ ​ဒိန်း​မတ် ​နိုင်​ငံက ​အ​ကျင့်​ပျက်​မှု ​အ​ကင်း​စင်​ဆုံး ​အ​ဆင့် ၁ ​အဖြစ် ​အ​မှတ် ၁၀၀ ​မှာ ၉၁ ​မှတ် ရရှိပြီး၊ ဖင်းလန်က အမှတ် ၉၀ အဆင့် ၂၊ ဆွီဒင်က ၈၉ မှတ် အဆင့် ၃ ရရှိပါတယ်။ ​မြန်​မာ က​တော့ ၂၂ ​မှတ် ​ပဲ ​ရရှိ ပါတယ်။ ချဒ်နိုင်ငံနဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ တို့နဲ့အဆင့်တူ ဖြစ်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်တဲ့အတွက် ယခင်လက လွှတ်တော်အတွင်း ဆွေးနွေးချက်တစ်ခုကို ကိုးကားလိုပါတယ်။ ပုလဲ မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ လွှတ်တော်အတွင်း ဆွေးနွေးတင်ပြချက်တစ်ရပ်မှာ စံပယ် တောင်၊ ကြေးစင်တောင် စီမံကိန်း၊ လက်ပံတောင်းတောင် စီမံကိန်းတွေရဲ့ စီမံကိန်းထုတ်လုပ်မှု သက်တမ်းဟာ ၆ နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ယနေ့အချိန်အထိ တရားဝင်သတင်းထုတ်ပြန်မှု မရှိသေးဘူးလို့ ဆိုပါတယ်။ နေ့စဉ်နဲ့အမျှ နီကယ် တန်ချိန် ရာချီထုတ်လုပ်နေပေမယ့်၊ အဲဒီစီမံကိန်းတွေကနေ နိုင်ငံတော်အတွက် အကျိုးအမြတ် ရာခိုင်နှုန်းဘယ်ရွေ့ဘယ်မျှ ရရှိကြောင်း မသိရှိရဘူးလို့ ဆိုပါတယ်။ ဒီစီမံကိန်းတွေကြောင့် ဒေသခံတွေရဲ့လယ်ယာမြေတွေ အတင်းအဓမ္မသိမ်းယူခံခဲ့ရ ပြီး လျော်ကြေးကိစ္စနဲ့ မြေယာပြဿနာတွေ ရှင်းဖို့ကျန်နေဆဲဖြစ်တယ်။ ဒီ့အပြင် တရုတ်နိုင်ငံ CNICO ကုမ္ပဏီက နှစ် ၃၀ လုပ်ပိုင်ခွင့်ရထားတဲ့ တကောင်းတောင် နီကယ်တူးဖေါ်မှုစီမံကိန်းဟာ ထီးချိုင့်ခရိုင် မောင်းကုန်းဒေသမှာရှိပြီး အကြီးဆုံး သတ္ထုတူးဖေါ်မှုစီမံကိန်းလို သိရပါတယ်။ အဲဒီစီမံကိန်းကြောင့်လည်း သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘ၀ပတ်ဝန်းကျင်တွေ ဆိုးဆိုးရွားရွားထိခိုက်နစ်နာနေကြောင်းလည်း ဒေါ်ခင်စန်းလှိုင်ရဲ့ တင်ပြချက်မှာ ပါရှိပါတယ်။ ဒီမျှမက ဖားကန့်ဒေသ ကျောက် စိမ်းတူးဖေါ်ရေးလုပ်ငန်းဟာလည်း နစ်နာမှုတွေရှိတဲ့အတွက် သတ္ထုတွင်းဝန်ကြီးဌာနအနေနဲ့ သေသေချာချာ ပြန်လည် စိစစ်သုံးသပ်သင့်ကြောင်း ဒေါ်ခင်စန်းလှိုင်က ထောက်ပြထားပါတယ်။

ဆက်လက်ပြီး အေရှားဝေါ ကုမ္ပဏီက နေပြည်တော်လေဆိပ်ဆောက်လုပ်ရေးမှာ အရှုံးပေါ်လို့ဆိုပြီး၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနနဲ့ အစိုးရကိုပြန်အပ်ခဲ့တယ်လို့ဆိုပါတယ်။ ကြွေးမြီတွေကို နိုင်ငံတော်က ပေးဆပ်ရမယ့် သဘောဖြစ်ပါတယ်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ တရုတ်နိုင်ငံက ချေးငွေယူထားငွေအတွက် အတိုး ငွေ ၉၈၁. ၁၁၂ မီလျံကျပ်၊ မန္တလေးနိုင်ငံတကာ လေဆိပ်စီမံကိန်းအတွက် ထိုင်းနိုင်ငံမှ ချေးငွေအတွက် အတိုးပေးရန် ၁,၀၅၈.၅၀၆ မီလျံကျပ်၊ ဟံသာဝတီ နိုင်ငံတကာ လေဆိပ်စီမံကိန်းအတွက် အကြံပေးစရိတ် ဒေါ်လာ ၁၅၀, ၀၀၀ အစရှိတဲ့ အကြွေးတွေကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဘတ်ဂျက်ထဲက ပေးရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ စီမံကိန်း အဆင့် ၁ နဲ့ ၂ တို့ အတွက် စုစုပေါင်း အကြံပေးစရိတ်က ဒေါ်လာ ၃၀၅, ၀၀၀ ဖြစ်နေတဲ့အတွက် ပြန်လည်စိစစ်ရမယ့် ကိစ္စတွေ ဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်က လွှတ်တော်မှာ ဆွေးနွေးတင်ပြသွားပါတယ်။

ဒေါ်ခင်စန်းလှိုင်ရဲ့ တင်ပြဆွေးနွေးချက်ထဲမှာ သမ၀ါယမ၀န်ကြီးဌာနကလည်း ပို့ကုန်/သွင်းကုန် အရှုံးအမြတ်စာရင်း ရှင်းတမ်းမှာ ကျပ်သန်းပေါင်း ၅၆.၆၀၅ သန်း အရှုံးပြထားတယ်လို့ဆိုပါတယ်။ သတ္ထုတွင်းဝန်ကြီးဌာနဟာလည်း ၀န်ကြီး ဌာနအားလုံးအနက် နှစ်စဉ် အကြွေးပေးဆပ်ရမှု စရိတ် (Debt Servicing Cost) အမြင့်ဆုံးဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ထောက်ပြပါတယ်။ တရုတ်နိုင်ငံ China Exim Bank မှ ချေးငွေတွေအတွက် ယခုဘဏ္ဍာနှစ်မှာ အတိုးပေးရမှာက ကျပ်ငွေ သန်းပေါင်း ၁၆, ၈၂၁ ဖြစ်ကြောင်း သိရပါတယ်။ China Exim Bank ချေးငွေတွေဟာ လယ်သမားတွေကို ကာလတို ချေးငွေ အနေနဲ့ ထုတ်ချေးခဲ့တယ်လိုဆိုပါတယ်။ ဒါပေမယ့် လက်တွေ့မှာ လယ်သမားတွေအတွက်ရော နိုင်ငံတော် အတွက်ပါ  အကျိုးဖြစ်ထွန်းမှု မရှိဘဲ နိုင်ငံခြားချေးငွေ ပိုမိုမြင့်မားခဲ့တာပဲ အဖတ်တင်တယ်လို့ဆိုပါတယ်။ ဒီ့အပြင် ShinHan Bank & Daelong Co.Ltd. ထံကလည်း ဒေါ်လာ ၈၅ သန်းကို သမ၀ါယမ၀န်ကြီးဌာနက ချေးယူထားပြီး စီမံကိန်းကို ရှင်းပြဖို့လိုသေးကြောင်း  ဒေါ်ခင်စန်းလှိုင် မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် သမ၀ါယမ ၀န်ကြီးဌာန ဆက်လက်ရှိသင့်/မရှိသင့် စဉ်းစားသင့်ကြောင်းလည်း ဒေါ်ခင်စန်းလှိုင်က တင်ပြခဲ့တာ တွေ့ရပါတယ်။

အစိုးရ ၅ နှစ်သက်တမ်း (၂၀၁၂-၂၀၁၆) အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေနဲ့ ပတ်သက်လို့ အောင်မြင်မှုတွေနဲ့ စိန်ခေါ်မှုတွေကို ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဇန္န၀ါရီလ ၂၈ ရက်နေ့ က  ရှင်းလင်းတင်ပြစဉ်မှာ - “လူ့အခွင့်အရေးကော်မရှင်ဟာလည်း သက်ဝင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ မှာ လည်း လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းထားသလို တစ်ဘက်ကလည်း လွတ်လပ်တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်နေတာ တွေ့နိုင်ပါတယ်။ International Transparency Initiative အရ ၂၀၁၀ ခုနှစ်မှာ Anti-Corruption Index ၁၈၃ ကနေ ယခု ၂၀၁၅ ခုနှစ်မှာ ၁၄၆ ဖြစ်ခဲ့တာ ကို ကြည့်ခြင်း အားဖြင့် ပိုမိုကောင်းမွန်တဲ့ဘက်ကို ရွေ့လာတာ တွေ့နိုင်ပါတယ်။ ကာလကြာရှည် သံချေးတက်နေတဲ့ အလေ့အကျင့်တွေကို ပြုပြင်တဲ့ နေရာမှာ ချက်ချင်းတော့ ကျွန်တော်ဖြစ်ချင်သလို မဖြစ်နိုင်ခဲ့တာ တွေ့ရပါတယ်။” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အခုလို ပြောဆိုချက်ကို ထောက်ရှုရင် သူ့အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှု ကင်းစင်ခြင်း မရှိသေးတာကို ၀န်ခံလိုက်တဲ့ သဘောပါပဲ။ သူ့အစိုးရအဖွဲ့ထဲက သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအနေနဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု/တာဝန်ခံမှု မရှိတာကတော့ သက်သေ အခိုင်အလုံ တွေ့ရှိထားတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အထူးသဖြင့် မြေယာသိမ်းယူမှုနဲ့ မြေယာစီမံခန့်ခွဲမှု၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ စက်မှုဇုံတည်ဆောက်ရေးစီမံကိန်းတွေမှာ လွှတ်တော်က မသိရှိလိုက်ရဘဲ ကိစ္စပြီးမှ သိရတာမျိုးဖြစ်ပါတယ်။ တရုတ်နိုင်ငံ China Exim Bank မှ ချေးငွေကို အတိုးကြီးနဲ့ချေးယူခဲ့ပြီး ဒီငွေတွေကို လယ်သမားတွေ လက်ထဲ မှန်မှန်ကန်ကန် ရောက်ရဲ့လားဆိုတာလည်း မြင်သာထင်သာ မရှိဘူးထင်ပါတယ်။

ကျောက်စိမ်းလုပ်ကွက်တွေမှာ ဘရမ်းဘတာတူးဖေါ်နေကြတဲ့ ကိစ္စမှာတောင် အစိုးရပိုင်းတာဝန်ရှိသူတွေက ၀ိသမလုပ် ငန်းရှင်တွေဘက်က ကာဆီး ကာဆီးလုပ်နေပုံတွေဟာ သာမန်နိုင်ငံသူ နိုင်ငံသားတွေအဖို့တော့ မခံချိ မခံသာဖြစ်စရာပါပဲ။ ဒီလို ကိစ္စတွေရဲ့နောက်ကွယ်မှာ ခြစားမှုတွေ ရှိနေမှာ သေချာတယ်လို့ထင်မြင်စရာဖြစ်ပါတယ်။ ထင်မြင်ကြတာကလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အစိုးရအရာရှိကြီးတွေ ဗိုလ်ချုပ်ကြီးတွေ ပိုင်ဆိုင်ရရှိထားတဲ့ တိုက်တာ ခြံမြေ နောက်ဆုံးပေါ်ကားအမျိုးမျိုး အစရှိတဲ့ စည်းစိမ်ဥစ္စာတွေကို သူတို့ အမှန်တကယ် ရရှိနေတဲ့ လစာငွေ လောက်နဲ့ မ၀ယ်နိုင်တာ သေချာနေလို့ပါပဲ။ ဒါပေမယ့် သာမန်ပြည်သူလူထု ၅၀% ကျော်က တစ်နေ့ကို ထမင်း တစ်နပ်တောင် အလွန်ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေရတာကြောင့်ဖြစ်ပါတယ်။

Transparency International ရဲ့ ဥက္ကဌ ပီတာ အီဂင် (Peter Eigen) က ဆင်းရဲမွဲတေမှုရဲ့ အဓိက အကြောင်း ရင်းဟာ အ​ကျင့်​ပျက် ​ခြ​စားမှုဖြစ်တယ်လို့ဆိုပါတယ်။ ဆင်းရဲမွဲတေမှုကို ကျော်လွန်နိုင်ဖို့ အ​ကျင့်​ပျက် ​ခြ​စားမှုကို တိုက် ဖျက်ရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံဟာ အခုအထိ Least Developed Country (LDC) အဖြစ်က မလွတ်မြောက်သေးပါဘူး။ ဒီ အခြေအနေကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရ မအောင်မြင်ခဲ့တဲ့ ဆင်းရဲမွဲတေမှု လျော့ချရေး စီမံကိန်းကို NLD အစိုးရသစ်က ဆက်လက်ဆောင်ရွက်ဖို့ ဖြစ်လာပါပြီ။ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းက  အ​ကျင့်​ပျက် ​ခြ​စားမှု (Corruption) ဖြစ်တယ်လို့ဆိုတဲ့အတိုင်း အစိုးရသစ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲမှာ လာဘ်ပေး လာဘ်ယူစနစ် တိုက်ဖျက်ရေးဟာ အခက်ခဲဆုံး စိန်ခေါ်မှု ဖြစ်ကောင်း ဖြစ်လာနိုင်ကြောင်းပါ။။။။။။။။