ပျော်တော်ဆက် သာဂိ - သမတကြီးထားခဲ့တဲ့ နောက်ဆုံးကျန်ရစ်သူကြီး (Designated Survivor)


 ပျော်တော်ဆက် သာဂိ - သမတကြီးထားခဲ့တဲ့ နောက်ဆုံးကျန်ရစ်သူကြီး (Designated Survivor)
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆

ကျန်ရစ်သူ ဆိုတာက အိမ်ထောင်စုတခုမှာ ဦးစီးခေါင်းဆောင် ကွယ်လွန်တဲ့အခါ ကျန်ရစ်တဲ့ မိသားစုတွေကို ဆိုလိုပါတယ်။ အမွေဆက်ခံဖို့၊ ပင်စင်လစာ ဆက်ယူနေဖို့၊ အိမ်ထောင့်တာဝန်တွေ ဆက်ထမ်းဆောင်ဖို့အတွက် အနောက်နိုင်ငံတွေကတော့ သေတမ်းစာမှာ Beneficiary ခံစားခွင့်ရရှိသူ၊ နောက်တမျိုးကတော့ designated survivor ကို သတ်မှတ်ထားခဲ့လေ့ရှိတယ်တဲ့။ 

အစိုးရခေါင်းဆောင်တွေမှာလည်း line of succession ဆိုတာ ရှိပါတယ်။ တိုင်းပြည်ခေါင်းဆောင် မတော်တဆ ကွယ်လွန်သော် ဆက်လက် အာဏာလွှဲပြောင်း အုပ်ချုပ်မည့်သူပေါ့။ အမေရိကန်မှာကတော့ သမ္မတ လွန်သော် ဒုသမတ၊ ပြီးတော့ လွှတ်တော်ဥက္ကဌ (ပြောရေးဆိုခွင့်ရှိသူလို့ သုံးပါတယ်)၊ အထက်လွှတ်တော်ခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ရှေ့နေချုပ် စသည်ဖြင့် အဆင့်ဆင့် အာဏာရယူနိုင်သော စာရင်းကို သတ်မှတ်ထားပါတယ်။ သည်လိုနဲ့ စာရင်းသတ်မှတ်ထားတဲ့အပြင် အကုန်လုံး မာလကီးယား သွားခဲ့သော် နောက်ဆုံး ကျန်ရစ်သူကြီး တဦး (Designated Survivor) ကိုပါ သတ်မှတ်ထားပါသေးသတဲ့။

ဥပမာ - သမတကြီးက လွှတ်တော် ၂ရပ်လုံး နဲ့ အစိုးရတဖွဲ့လုံး ရှေ့မှာ တိုင်းပြည်အရေး မိန့်ခွန်းခြွေတဲ့ အစီအစဉ် (state of the union) မှာ အကုန်လုံး မပြောကောင်း မဆိုကောင်းဖြစ်သွားခဲ့ရင် (နောက်ဆုံး ကျန်ရစ်သူ) က တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ရဖို့ ဖြစ်ပါတယ်။ state of the union အချိန်အပိုင်းအခြား အတွက်သာ "နောက်ဆုံးကျန်ရစ်သူ" ကို သတ်မှတ်တာ ဖြစ်ပါတယ်။ တခြားအချိန်တွေမှာတော့ အကုန်လုံး တနေရာတည်း တချိန်တည်း သေကုန်မှာ မဟုတ်ဖို့ များလေတော့ line of succession အတိုင်းပဲ အာဏာကို လွှဲယူလို့ ရတာကြောင့် အဲသည် (နောက်ဆုံးကျန်ရစ်သူ) ဆိုတာက မလိုအပ်လို့ အချိန်တိုင်းမှာ မထားရှိပါဘူး။

နောက်ဆုံးကျန်ရစ်သူဆိုတာ အမေရိကန်မြေမှာ မွေးသော၊ အသက် ၃၅ နှစ်ထက် ကြီးသော အစိုးရအဖွဲ့ဝင်၊ လွှတ်တော်အဖွဲ့ဝင် စသဖြင့် သမတကြီးက ရွေးချယ်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ သမ္မတရဲ့ အဆောင်အယောင်တွေအားလုံးကို အဲသည် သတ်မှတ်ထားတဲ့ ကာလ (အစိုးရနဲ့ လွှတ်တော် ခေါင်းဆောင်တွေ အားလုံး စုဝေးနေတဲ့ အခမ်းအနားအချိန်ကာလ အပိုင်းအခြား) အတွင်း လျို့ဝက် လုံခြုံပြီး နေပြည်တော်နဲ့ ဝေးကွာသော တနေရာမှာ အကုန်လုံး ခံစားခွင့်နဲ့ အစောင့်အရှောက်ပေးပြီး ထားရပါတယ်။ သူ့ထံမှာ နူကလီးယားဘောလုံး (Nuclear football) လို့ အာလုပ်ပြုတဲ့ နူလက်နက်တွေ ပစ်လွှတ်နိုင်တဲ့ ကိရိယာလည်း ပါရှိတယ်လို့ ဆိုပါတယ်။ နောက်ဆုံး အမေရိကန်အစိုးရနဲ့ ခေါင်းဆောင်တွေ အားလုံး သေဆုံးကုန်လို့ သူချည်းသာ ကျန်ရစ်ရင် သူကိုယ်တိုင်က တိုင်းပြည်ကို ဦးဆောင်ပြီး အုပ်ချုပ်ရ စစ်တိုက်ရတော့မှာမို့ အဲသည် ကိရိယာတွေ ဘာတွေ အဆင်သင့် ထားရှိပေးတယ်လို့ ဆိုပါတယ်။ အတော်ကို စေ့စေ့စပ်စပ်နဲ့ ကြံကြံဖန်ဖန် စီစဉ်ထားမှု ပါပဲ။

ဒါက အမေရိကန်နဲ့ ရုရှားတို့ သွေးအေးစစ်ပွဲကြီးအတွင်းမှာ စတင်ခဲ့တဲ့ အလေ့အကျင့်လို့ ဆိုပါတယ်။ အခုချိန်ထိလည်း လုပ်ဆောင်ဆဲဖြစ်ပါတယ်။ ၂၀၁၆ ဇန်န၀ါရီလက အိုဘားမားက လွှတ်တော်မိန့်ခွန်း ပြောတဲ့အချိန်မှာ သမတကြီးရဲ့ နောက်ဆုံးကျန်ရစ်သူက ပြည်ထဲရေးဝန်ကြီး ပါတဲ့ ခင်ဗျ။ အဲသည်လူက ၀ါရှင်တန်ဒီစီနဲ့ မနီးတဲ့ လုံခြုံတဲ့ဒေသမှာ သီးခြား သမ္မတအဆင့် အစောင့်အရှောက်နဲ့ စတင်းဘိုင် နေနေခဲ့ရပါသတဲ့။ 

အဲ ... လွှတ်တော်မိန့်ခွန်းပြီးသွားတာနဲ့ နောက်ဆုံးကျန်ရစ်သူ အဆင့်အတန်းကို ချက်ခြင်း ရုတ်သိမ်းပြီး ဈန်လျောလိုက်ပုံက တရားကျစရာလို့ ဆိုပါတယ်။ သမတကြီးတို့ အားလုံး ကိစ္စပြီးစီးသွားပြီဆိုတာနဲ့ ကျန်ရစ်သူကြီးဆီကနေ လုံခြုံရေးတွေက ဆုတ်ခွာသွားလိုက်တာများ အဲသည်လူမှာ အိမ်ပြန်ဖို့တောင် တက္ကစီ ငှားမရလို့ လမ်းလျောက်တောင် ပြန်ရတယ် ဆိုပဲ။ (ဒါလည်း ချဲ့ကားပြောတာ နေမှာပါ၊ မသကာ ဘတ်စကားလောက်တော့ စီးပြန်ချင် ပြန်မှာပေါ့)။

အော် ဒါနဲ့ပဲ ပြောချင်တာက မြန်မာပြည်မှာကော သမတကြီး သိန်းစိန်အတွက် နောက်ဆုံးကျန်ရစ်သူတွေ ဘာတွေများ သတ်မှတ်ထားတာ မရှိဘူးလား လို့ တွေးမိလို့ပါ။ အလွန်အရေးကြီးတဲ့ အာရှပစိဖိတ် ကုန်သွယ်ရေး စာချုပ်အတွက် ဆွေးနွေးပွဲကို အမေရိကန်က အာဆီယံခေါင်းဆောင်တွေ အားလုံး ဖိတ်ခေါ်လို့ သွားကြတဲ့အခါ မြန်မာသမတကြီး သိန်းစိန်က လိုက်မသွားဘူးတဲ့ဗျာ။ သူက ဒုသမတ ဦးဥာဏ်ထွန်းကို လွှတ်လိုက်ပါသတဲ့။ သမတကြီးထားခဲ့တဲ့ ကျန်ရစ်သူကြီးသာ ရှိမယ်ဆိုရင် သမတကြီးနဲ့ အစိုးရတဖွဲ့လုံး စိတ်ချလက်ချ အမေရိကားကို စိတ်ပြေလက်ပျောက် သွားလိုက်ကြသင့်ပါတယ်။ အာဏာ လွှဲဖို့က တလတောင် မရှိတော့ပါဘူး။ အခု လက စပြီး လွှတ်တော်အသစ် အသက်ဝင်ချိန်ကစလို့ သမတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ တင်းပြည့်ကြပ်ပြည့် အစိုးရမဟုတ်တော့ပါဘူး။ ကြားကာလ ခေတ္တအစိုးရ၊ ဧည့်အစိုးရ သာသာမျှသာ ဖြစ်ပါတော့တယ်။ အိမ်စောင့်အစိုးရ လို့တော့ ခေါ်လို့ မရဘူးပေါ့လေ။ ထိုင်စောင့် အစိုးရပေါ့ဗျာ။ လွှတ်တော်မှာလည်း သူ့ပါတီက ရှုံးပြီးပါပြီ။ အစိုးရသက်တမ်းကလည်း ကုန်ပါပြီ။ ဗိုလိုကတော့ lame duck president လို့ ခေါ်ကြပါတယ်။ သမတကြီး ဘွတ်ခ်ျ အိုဘားမားကို ရှုံးတော့ သူ့ကို lame duck president လို့ ခေါ်ကြတယ်။ နိုဝင်ဘာကနေ ဇန်န၀ါရီအထိ လအနည်းငယ်အတွင်း သမတဘွတ်ခ်ျဟာ ဘာမှ မယ်မယ်ရရ မလုပ်နိုင်ပါ။ ငုတ်တုတ်သမ္မတကြီးပေါ့။ မြန်မာလို အားပါးတရ ခေါ်မယ်ဆိုရင်တော့ ဘဲနာကြီးပေါ့ဗျာ။ ဘဲနာကြီး ဘွတ်ခ်ျ ... ဘဲနာကြီး သိန်းစိန် ပေါ့။ ဟုတ်တယ် မို့လား။

ဘဲနာကြီးက ကျန်ရစ်သူကြီးတယောက်ယောက်ထားခဲ့ပြီးတော့ ပြည်ပခရီး နိုင်ငံတော်အဆင့် စိတ်ပြေလက်ပြေ နောက်ဆုံးခရီးလောက်တော့ ထွက်ပြီး ခံစားသွားသင့်ပါသဗျာ။ ပြည်ပနိုင်ငံတွေကလည်း ဘဲနာကြီးကို ၀မ်းသာအားရ ကြိုဆိုပြီး အဆင်ပြေပြေ ချောချောမွေ့မွေ့ အာဏာလွှဲပြောင်းပေးစေဖို့ အစွမ်းကုန် ဧည့်ဝတ်ကျေ၊ ခြေဆုပ်လက်နယ် ပြုစုလိုက်ကြမှာပါ။ ဟဲ့ ... စိတ်ချမ်းသာအောင် ထားကြပါဟေ့။  တော်ကြာ စိတ်တွေက မတော်မတည့်ဖြစ်ပြီး ချွတ်ချော်ကုန်မှ မြန်မာပြည်သူတွေ စိတ်ဆင်းရဲကုန်ပါ့မယ်လို့ နိုင်ငံတကာလည်း စိုးရိမ်တကြီးနဲ့ ဖူးဖူးမှုတ်ထားမယ်ဆိုတာ သေချာပါတယ်။

အင်း ... ကျန်ရစ်သူကြီး မထားခဲ့တာလည်း ခပ်ကောင်းကောင်းပါပဲ။ သွားလေသူက စိတ်မပြောင်းဘဲ ကျန်ရစ်သူက စိတ်ပြောင်းပြီး "ငါဟဲ့ မင်းလောင်း ဖြစ်တော့ သကိုး" ဆိုပြီး မဆင်းတန်း သမတဇာတ်ခင်းနေမှဖြင့် တိုင်းပြည်ကြီး ကပ်ဆိုက်ကုန်ပါလိမ့်မယ်။ အို ဘာပဲဖြစ်ဖြစ် ယုံပါတယ်လေ။ မြန်မာပြည်က သူတို့အသိုင်းအ၀ိုင်းမှာ အမြဲတမ်း ကျန်ရစ်သူကြီးဆိုတာက တခြားလူမှ မဟုတ်တာ .... စစ်သူကြီးချုပ်ကြီးသာ ဖြစ်တော့သကိုး မဟုတ်လားဗျာ။