မောင်မောင်စိုး - တအန်း ပလောင် နှင့် TNLA - (အပိုင်း ၆)

12729208_556093947886862_7241226835016585606_n
မောင်မောင်စိုး - တအန်း ပလောင် နှင့် TNLA - (အပိုင်း ၆)
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
(က) TNLA နှင့် တပ်ပေါင်းစုအဖွဲ့များ
ပလောင်အဖွဲ့အနေနှင့်ယခင်အဖွဲ့ဟောင်းကာလကရော ယခုအဖွဲ့သစ်ကာလပါ KIA နှင့်ရင်းနှီးသော မဟာမိတ်အဖွဲ့များ ဖြစ်ကြသည်။ ထို့ပြင် ပလောင်အဖွဲ့အနေနှင့် မဒတအဖွဲ့ဝင်ဖြစ်ခဲ့သလို မဒတအကူအညီဖြင့်ပင် ယခုအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ ခြင်း ဖြစ်ပါသည်။ နောက်ပိုင်း UNFC ဖွဲ့သောအခါ UNFC အဖွဲ့ဝင်အဖြစ်ဆက်လက်ပါဝင်ခဲ့သည်။
ထို့ပြင် ၂၀၁၃ အောက်တိုဘာလ KIO ဌာနချုပ်ရှိရာ လိုင်ဇာတွင် ကျင်းပသော တိုင်းရင်းသားညီလာခံတွင် တိုင်းရင်းသားလက်နကိကိုင်အဖွဲ့များအားလုံး တပြည်လုံးအပစ်ခတ်ရပ်စဲရေးညှိနှိုင်းရန်အတွက် NCCT ကိုဖွဲ့စည်းရာတွင်လည်း ပါဝင်ခဲ့ သည်။
TNLA အနေနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုစည်းကျင်းပသော ပထမအကြိမ် လောခီးလာညီလာခံ လိုင်ဇာ ညီလာခံ တို့တွင်ပါဝင်ခဲ့သလို ယခုနှစ်တွင်း ကျင်းပသော ပန်ဆန်းညီလာခံတွင်လည်း အစိုးရဘက်က TNLA ပါ အဖွဲ့ ၃ ဖွဲ့ ကို တက်ရောက်ခွင့်မပြုရန် ကန့်ကွက်ခဲ့သော်လည်း စီစဉ်သူများဖြစ်ကြသည့် UWSA/NDAA/KIA တို့၏ ဆုံးဖြတ်ချက်အရတက်ရောက်ခွင့်ရခဲ့သည်။ ဒုတိယအကြိမ် ၅ ရက်ကြာကျင်းပမည့် KNU ဌာနချုပ် လော်ခီးလာတွင်ကျင်းပသည့် ညီလာခံတွင် လည်းတက်ရောက်လျက် ရှိသည်။
မြန်မာပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများစွာရှိသော်လည်း အားလုံးစုစည်းညီညွတ်ရန်မှာ မလွယ်ကူ လှပေ။ တိုင်းရင်းသားအဖွဲ့များ၏ မတူသောနေရာဒေသ မတူသောအခြေအနေ ထို့ပြင် အစိုးရ၏မတူသော သဘောထားတို့ အောက်တွင် ကွဲပြားလျက်ရှိကြသည်။ လက်ရှိ လော်ခီးလာညီလာခံတွင် KNU ; KNU/KNLA PC ; DKBA ၂ ဖွဲ့ ; KIO/KIA ; SSA/SSPP/ NMSP ; ALP ; ANC.; AA ; WNO ; ABSDF ; LDU ; MNDAA/PSLF/TNLA ; KNPP ; CNF ; PNO စသည်တို့ တက်ရောက်နေသော်လည်း ထိုတက်နေသောအဖွဲ့များထဲမှ TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့အား လောလောဆယ် ပါဝင်ခွင့်မပြုနိုင်ဟု အစိုးရဖက်က သဘောထားဖေါ်ပြပြီးဖြစ်သည်။
တဖက်ကလည်း ပန်ဆန်းညီလာခံတွင် ပါဝင်ခဲ့သော UWSA ဝ အဖွဲ့ NDAA မိုင်းလားအဖွဲ့ RCSS ရွက်ဆစ်အဖွဲ့တို့ လော်ခီ လာညီလာခံတွင် ပါဝင်ခြင်းမရှိခဲ့ကြပေ။ တိုင်းရင်းသားအဖွဲ့များတစုတစည်းမရှိသည့်အခြေအနေကို တွေ့မြင်နေရသည်။ တပြည်လုံးအပစ်အခတ်အရပ်စဲရေးမှာ တပြည်လုံးအတိုင်းအတာဆောင်ဘို့ ခက်ခဲနေပေအုံးမည်။
ဆိုချင်သည်မှာ တိုင်းရင်းသားတို့၏ တပ်ပေါင်းစုမှ တညီတညွတ်တည်းဖြစ်ရန် များစွာအခက်ခဲနှင့် အကန့်အသတ်ရှိပေသည်။ လက်ရှိအခြေအနေတွင် အစိုးရ အမြန်ဆုံးလက်မှတ်ထိုးချင်နေသည်မှာ KNU ဖြစ်နေသည်။ အချို့အဖွဲ့များကမူ အစိုးရနှင့်ပိုမို တိကျသော သဘောတူညီချက် ရယူပြီးမှ ထိုးချင်သည်။အမြန်ဆုံးလက်မှတ်ထိုးချင်သည့် KNU မှာလည်း အကြောင်းရှိည်။ ရှမ်းနှင့်ကချင် ပြည်နယ်များတွင် အပစ်ရပ်ထားစဉ်ကာလက KNU တဖွဲ့တည်း ပြင်းပြင်းထန်ထန် အတိုက်ခံခဲ့ရသည်။ဆယ်နှစ်ကျော်ကာလအတွင်း အကြပ်တည်းများကြား၌ုKNU အနေနှင့် များစွာအထိနာခဲ့သည်။ အဆိုးဆုံးမှာ KNU မှအဖွဲ့များစွာ ကွဲထွက်သွားခြင်း ဖြစ်သည်။ လက်ရှိ ညီလာခံတွင်ပင် KNU ၃ ဖွဲ့တွေ့ရသည်။ ထို့ပြင် ဘားအံ ဘုရားကြီးရှိ ဖဒိုအောင်ဆန်း အဖွဲ့ လှိုင်းဘွဲ့ဘက်က စောသမူဟဲအဖွဲ့ တောင်ငူဘက်ကစောဖယ်ရီမိုးအဖွဲ့တို့လို ပဲ့ထွက်သွားသော အဖွဲ့ငယ်များ ရှိသေး သည်။
ဤသို့သောအခြေအနေ အောက်တွင် KNU အတွက် ငြိမ်းချမ်းသောကာလတခုလိုနေသည်။ သည်အတွက်လည်း လောနေသည်။ သို့သော် အစိုးရဘက်က လက်မှတ်ထိုးရန် ဖယ်ထားသောအဖွဲ့ ၃ ဖွဲ့မှာ ဖိအတိုက်ခံရမည့်အလား အလာရှိသည်။ ယခုလည်းဖိအတိုက်ခံနေရသည်ဖြစ်ရာ သိပ်တော့မထူးလှဟု ဆိုရပေမည်။
ထို့ကြောင့် အချို့က တပ်ပေါင်းစုကို တိုက်ပေါင်းစုဟုခေါ်ကြသည်။တိုက်လည်းတိုက် ပေါင်းလည်းပေါင်းရသည်ဟု ဆိုလိုရင်း ဖြစ်၏။
ပြီးခဲ့သော နှစ်များက UNFC ဆွေးနွေးပွဲရလဒ်အဖြစ် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် FUA ဖွဲ့စည်းရေး ပြောဆိုလာကြသည်။အစိုးရဖက်ကတော့လက်ခံခြင်းမရှိ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲချင်းပေါင်း၍ FUA ဖွဲ့ရန် စိုင်းပြင်းလာသည်ကို တွေ့ရသည်။ FUA မြောက်ပိုင်းနှင့်တောင်ပိုင်း ခွဲ၍ဖွဲ့မည်ဟုဆိုသည်။ FUAမြောက်ပိုင်းကို KIA ကမကထပြုပြီး ဖွဲ့စည်းမည်ဟု သတင်းများထွက်ပေါ်လာသည်။ သို့သော် ယခု အစိုးရနှင့် တိုက်ခိုက်နေသည့်TNLA အပါအဖွဲ့ ၃ ဖွဲ့သာ ပူးပေါင်းမှုရှိနေပြီး FUA အသံမကြားရတော့ပေ။
တပ်ပေါင်းစုအဖွဲ့အစည်းတစ်ခုအနေနှင့် တိုးတက်မှုလည်းရှိနိုင်သကဲ့သို့ ဆုတ်ယုတ်မှုလည်း ရှိနိုင်ပေသည်။ မည်သည့်ရလဒ် ထွက်သည်ဖြစ်စေ တပ်ပေါင်းစုတွင်းပါဝင်သော အဖွဲ့များ၏ ဆုံးဖြတ်ချက် လုပ်ဆောင်ချက် ပြည်တွင်းပြည်ပအခြေအနေ များပေါ်၌သာ တည်ပေလိမ့်မည်။
(ခ) TNLA နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ
တကယ်တော့ TNLA သည် NCCT မှတဆင့်သာမက အစိုးရကိုယ်စားလည်အဖွဲ့နှင့်လည်း တိုက်ရိုက်ဆွေးနွေးခဲ့ဘူး သည်။၂၀၁၃ ဇူလိုင်လကုန်တွင် PSLF/TNLA အတွင်းရေးမှူး တာ့ဘုန်းကျော်သည် မူစယ်မြို့၌ အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဦးအောင်မင်းနှင့် ဒုဗိုလ်ချုပ်ကြီးမြင့်စိုးတို့ခေါင်းဆောင်သောအဖွဲ့နှင့်ဖြစ်သည်။ MPC မှ ဦးလှ မောင်ရွှေဦးကျော်ရင်လှိုင် ဒေါက်တာဇော်မင်းဦးတို့ ပါဝင်သည်ဟုဆိုသည်။
၎င်းဆွေးနွေးပွဲမှ ယုံကြည်မှုတည်ဆောက်ရန်အတွက် တိုက်ပွဲများလျော့ချရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် အမြန်ဆုံးထပ်မံတွေ့ဆုံရေးတို့ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။ သို့သော်ယနေ့တိုင် ထပ်မံတွေ့ဆုံမှု ဖြစ်မလာဘဲ တိုက်ပွဲများ စစ်ရေးအရအရေးယူဆောင်ရွက်မှုများသာတိုးလာတော့သည်။
နောက်ပိုင်းတွင် ပန်းဆန်းတွင်ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံသို့ ဖိတ်ကြားခြင်းမပြုရန်အစိုးရ၏ ကန့်ကွက်ခြင်းခံခဲရသည်။ သမတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း TNLA/ MNDAA/ AA သုံးဖွဲ့ဟာ ခုမှအသစ်ဖွဲ့လာတဲ့အဖွဲ့တွေဖြစ်လို့ မဆွေးနွေးတော့ကြောင်း ပြောဆိုလာခဲ့သည်။ ထို့အတူ ဦးအောင်မင်းကလည်း လာမည့် NCA တပြည် လုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲတွင် ဤသုံးဖွဲ့မပါတော့ကြောင်း လက်မခံတော့ကြောင်း နောက်တဆင့်မှစဉ်း စားမည်ဟု ဆိုပါသည်။ TNLA ကမူ သူတို့အနေနှင့် UNFC/NCCT တို့တွင်ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တက် တက်ကြွကြွဆောင်ရွက်ခဲ့ကြောင်း တုန့်ပြန်ပါသည်။
NCCT နှင့် အစိုးရဆွေးနွေးပွဲရလဒ်များမှတိုက်ပွဲဖြစ်ပွားပွားနေသော အဖွဲ့ ၃ ဖွဲ့နှင့်ပတ်သက်ပြီး မည်သည့်အကျိုးရလဒ် မှ ထွက်မလာသည့်အတွက် NCCT မှ ကိုးကန့် TNLA/ AA ၃ ဖွဲ့နှုတ်ထွက်မည်ဖြစ်ကြောင်း ပန်ဆန်းဆွေးနွေးပွဲကာလက ကြေငြာပြောဆိုမှုများရှိသော်လည်း ယနေ့ထိ ထွက်ခြင်း မရှိသေးဘဲ လော်ခီးလာညီလာခံတွင် တက်ရောက်ဆဲဖြစ်သည်။
၂၀၁၅ ဇွန် ၂ ရက်မှ စတင်ကျင်းပသော လော်ခီးလာညီလာခံတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ် စားလှယ် မစ္စတာ နမီးဗီးယားက ငြိမ်းချမ်းရေး အမြန်ဖေါ်ဆောင်ရန်တိုက်တွန်းခဲ့သကဲ့သို့ KNU ဥက္ကဌ စောမူတူးစေးကလည်း ဘာဘဲဖြစ်နေနေ NCA အမြန်လက်မှတ်ထိုးရန် တိုက်တွန်းသွားသည်။ UNFC အကြီးအကဲ အင်ဘန်လကမူ NCA လက်မှတ် ရေးထိုးရာတွင် ကိုးကန်အဖွဲ့နှင့် TNLA ပါရေးထည့်သွင်းပြောဆိုသွားသည်ဟု လော်ခီးလာ ညီလာခံ အစောပိုင်းသတင်း များအရ ဆိုပါသည်။ လော်ခီးလာညီလာခံမှ အဆုံးသတ်ရလဒ်ကိုမူ စောင့်ကြည့်ရပေဦးမည်။
အစောပိုင်းကာလက အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုရှိခဲ့သောTNLA အနေနှင့် နောက်ပိုင်းတွင်း NCA လက်မှတ်ထိုးရေးတွင်ပါဝင်ရန်အစိုးရက ငြင်ဆန်လာသည်မှာ အဘယ်ကြောင့်ပါနည်း။ ဖြစ်နိုင်ဘွယ်ရာမှာ ၂၀၁၃ မူစယ်ဆွေးနွေးပွဲကာလက TNLA စတင်ဖွဲ့စည်းသည်မှာမကြာသေးသကဲ့သို့ TNLA ၏ အင်အားမှာ ရာအချို့သာရှိနေသေးသည့်ပြင် လာရောက်ဆွေး နွေးသူ TNLA ၏ Key player တစ်ဦးဖြစ်သူ အတွင်းရေးမှူးတာ့ဘုန်းကျော် ထိုစဉ် အသက်လေးဆယ်ပင် မပြည့်တတ် သေးသော လူငယ်ပိုင်းခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်နေ၍ အစိုးရခေါင်းဆောင်များ အလေးထားမှု လျော့နည်း၍လားဟု စဉ်း စားဘွယ်ရာဖြစ်သည်။ ငြိမ်းချမ်းဆွေးနွေးပွဲဟူသည် Power game တမျိုးဟု အချို့ကစဉ်းစားသည် မဟုတ်ပါလော။
နောက်ပိုင်းတွင်ကား အခြေအနေပြောင်းလဲသွားခဲ့သည်။ TNLA အဖွဲ့နှင့် AA တို့ ကိုးကန့်အဖွဲ့နှင့်ပူးပေါင်း၍ ကိုးကန့်စစ်ပွဲတွင် ပါဝင်လာသော မြန်မာအစိုးရခေါင်းဆောင်ပိုင်းမှ သုံးဖွဲ့စလုံးအားခါးခါးသီးသီး ဖြစ်လာတော့သည်။ တကယ်တမ်းဆိုလျှင် ကိုးကန့်စစ်ပွဲသည် မြန်မာစစ်ခေါင်းဆောင်များ၏ ဂုဏ်သိက္ခာနှင့် မာန်မာနကို အကြီးအကျယ်ထိပါးစေသည် မဟုတ်ပါလော။
တကယ်တော့ လွန်ခဲ့သော ၂၆ နှစ်ခန့်က ဖုန်ကြားစင်းနှင့်ကိုးကန့်အဖွဲ့သည် မြန်မာစစ်ခေါင်းဆောင်များက အထူးအရေးပေး ခံရသောအဖွဲ့ဖြစ်သည်။ အရှေ့မြောက်ဗကပများအား ဖြိုခွဲရန်အတွက် မြန်မာစစ်ခေါင်းဆောင်များသည် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး လော်စစ်ဟန် အောလစ်ယန် (ယခင်ကိုးကန့်စော်ဘွားနွယ်) တို့အား စေလွှတ်၍ ဖုန်ကြားစင်း ဖုန်ကြားဖူးညီ အကိုနှင့် ဆက်သွယ်ခဲ့ကြသည်။ ဖုန်ကြားစင်းတို့ ကိုးကန့်အဖွဲ့ဗကပမှ စတင်ပုန်ကန်ခွဲထွက်မှုမှ စတင်ပြီး အရှေ့မြောက် ဗကပတို့ပြိုကွဲခဲ့ရသည်။
ထို့ကဲ့သို့ အရှေ့မြောက် ဗကပတို့အား အကြီးအကျယ်ထိုးနှက်နိုင်မှုနှင့်အတူ ဖုန်ကြားစင်းနှင့်ကိုးကန့်အဖွဲ့အား မြန်မာစစ် ခေါင်းဆောင်များက ဖက်လဲတကင်းပြုခဲ့ကြသည်။ အထူး ပစားပေးခဲ့ကြသည်။ ထိုသို့သောအခြေအနေမှ အနှစ်နှစ်ဆယ်ကျော် သွားသောကာလ၌ မြန်မာစစ်ခေါင်းဆောင်များနှင့် ဖုန်ကြားစင်းတိုကိုးကန့်များကြား ခါးခါးသီးသီး ဖြစ်သွားမှာ ကံကြမ္မာ၏ သရော်ချက် သမိုင်း၏ သရော်ချက် Iorny of fate / Irony of history ဟုဆိုရပေမည်။
သို့သော် ဤသို့ဆို၍ TNLA နှင့် အစိုးရစေ့စပ်ဆွေးနွေးမှုမဖြစ်နိုင်ဟု ဆို၍မရပေ။ မြန်မာစစ်ခေါင်းဆောင်များ၏ လက်ရှိဦး တည်ချက်မှာ ကိုးကန့်ဖြစ်သည်။ မြန်မာစစ်ဖက်ခေါင်းဆောင်များအနေနှင့် ကိုးကန့်အဖွဲ့ပေါ် မစေ့စပ်စတမ်း တိုက်ခိုက်သွားရန်ရည်မှန်းချက်ထားပုံရ၏။ ကိုးကန့်အဖွဲ့လက်နက်ချလျှင်ပင် စဉ်းစားဦးမည်ဟု ဆိုထားသည် မဟုတ်ပါလော။
ထို့သို့သော အခြေအနေတွင် ကိုးကန့်အဖွဲ့အားအထီးကျန်ဖြစ်စေရန် ဗျူဟာရေးဆွဲလုပ်ဆောင်လာနိုင်သည်။ လက်ရှိ ကိုးကန့်အဖွဲ့နှင့် ပူးပေါင်းနေသော AA ရခိုင်အဖွဲ့မှာ မိမိဒေသတွင်းပြန်လည်ခြေချရန် ခက်ခဲစွာလုံးပမ်းနေရဆဲဖြစ်ပြီး မြောက်ပိုင်းရှိ AA တို့မှာ KIA နယ်မြေတွင်း၌သာရပ်တည်နေရသည်ဖြစ်၍KIA နှင့် အစိုးရ NCA လက်မှတ်ထိုးပြီးပါက AA ၏ လှုပ်ရှားနိုင်စွမ်းကို ထိမ်းချုပ်ပြီးဖြစ်သည်။ သို့သော်လည်း ယခုအခါ AA အဖွဲ့သည် ရခိုင်သို့ ခြေဆန့်သွားပြီဖြစ်ရာ တမျိုးတဖုံ
ပြောင်းလဲသွားပြီဟုဆိုရမည်။
ထိုအခြေအနေတွင် ကိုးကန့်အဖွဲ့အား အထီးကျန်စေရန် ရည်ရွယ်ပြီး အစိုးရအနေနှင့် TNLA နှင့်အပစ်ရပ်ရန်ကမ်းလှမ်းညှိ နှိုင်းလာနိုင်သည်။ ကမ်းလှမ်းချက်တွင် TNLAအနေနှင် ကိုးကန့်အဖွဲ့နှင့်ပူးပေါင်းမှုရပ်တန့်ပေးရမည်ဟူသောအချက်ပါလာ ပေလိမ့်မည်။ ဤသို့ဖြင့် ကိုးကန့်အဖွဲ့အား အထီးကျန်စေရန် လုပ်ဆောင်လာနိုင်သည်။
၂၀၁၅ စက်တင်ဘာ ၉ ရက်နေ့ သမတဦးသိန်းစိန်နှင့်တွေ့ဆုံရာတွင် TNLA တဖွဲ့တည်းအား NCA လက်မှတ်ထိုးရာတွင် ပါဝင်ခွင့်ပြုရန် လမ်းစပေါ်ခဲ့သည်။ သို့သာ် TNLA သည် သူ၏မဟာမိတ်များဖြစ်သည့် MNDAA/AA တို့နှင့်အတူရပ်တည်ရန်ဆုံးဖြတ်ခဲ့သည်။ အလားတူပင် တိုင်းရင်းသားလက်နက်ကိုင်အများစုကလည်း အားလုံးပါဝင်ရေးကိုရပ်ခံခဲ့ကြသည်။
ကျနော်အနေနှင့် ရသောအချက်အလက်များပေါ်မူတည်ပြီး ခန့်မှန်းသုံးသပ်သည်သာဖြစ်ပြီး နိုင်ငံရေးဗေဒင်ဆရာတစ်ဦး မဟုတ်သဖြင့် အပ်ချမတ်ချတော့ ပြောဆိုနိုင်ခြင်း မရှိပါ။ တိမ်တောင်သဖွယ် မင်းရေးကျယ်ဟု ဆိုကြပါသည်။
တကယ်တမ်းဆိုလျင် မြန်မာပြည် ပြည်တွင်းစစ် အနှစ် ၆၀ကျော်အတွင်း အုပ်စိုးသူအစိုးရအဆက်ဆက်အား ဆန့်ကျင်တိုက် ခိုက်ကြသော လက်နက်ကိုင်အဖွဲ့အချင်းချင်းပူးပေါင်း၍တပ်ပေါင်းစုဖွဲ့ခဲ့ကြသည်မှာ အကြိမ်ကြိမ် ရှိခဲ့ကြပေပြီ။ အကြိမ်ကြိမ် ပြန်၍ ကွဲခဲ့ကြသကဲ့သို့ အချင်းချင်း ပြန်လည်တိုက်ခိုက်ခဲ့ကြပြီး သွေးချောင်းစီးခဲ့ကြသည်မှာလည်း မနည်းလှတော့ပြီ။ သင်ခန်းစာများကား မနည်းတော့ပြီ။ အတွေ့အကြုံများ မနည်းတော့ပြီ။ သင်ခန်းစာများ အတွေ့အကြုံများ သဘောတရားများ မည်သို့ပင်ရှိစေကာမူ လက်တွေ့နယ်ပယ်တွင် လက်တွေ့ကျကျလုပ်ကိုင်နေသူများ၏ ဆုံးဖြတ်ချက်က လက်တွေ့ရလဒ် ကိုထွက်ပေါ်စေပါသည်။
ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung