ဆောင်းယွန်းလ - စက္ကူငှက်ကလေး

ဆောင်းယွန်းလ - စက္ကူငှက်ကလေး
(မိုးမခ) မတ် ၃၊ ၂၀၁၆

တကိုယ်စာ လမ်းဆိုတော့
တကိုယ်စာပဲ ခရီးပေါက်တာပေါ့
ငြင်းစရာရှိရင်
တယောက်တည်း ငြင်းခုန်ပြီး
ပျင်းစရာရှိတော့လည်း
တယောက်တည်း ပျင်းနေလိုက်ရုံပေါ့
ကိုယ်ပိုင်ကျန်းမာရေးအတွက်
စီးကရက်တွေ ဖွာနေရတဲ့အခါ
စိတ်နောက်ကို ကိုယ်ပါတယ်
ကိုယ့်နောက်ကို ဘယ်သူမှမပါလည်း
ကိုယ့်အထာနဲ့ကိုယ် အဆင်ပြေသလိုပါပဲ
တရားနောက် တရားပါဖို့
တယောက်တည်း နားနားနေနေ
ခရားရေလွှတ်
တတွတ်တွတ်ရွတ်နေမိတဲ့ စကားလုံးတွေက
တတောလုံး တတောင်လုံးကို
ရွက်စိမ်းနုတွေလိုဖုံးလို့
တယောက်တည်းဆိုတော့
ပျော်ပျော်ပါးပါး တခရီးတည်းသွားနေလိုက်ရုံပေါ့
လွယ်လွယ်လျှောက်ရင်း လွယ်လွယ်ရောက်ခဲ့ပါတယ်
တကိုယ်စာအတွေးများနဲ့
ကိုယ့်နှလုံးသားဘူတာရုံကလေးထဲမှာ
ကံကြမ္မာ ရထားဥသြဆွဲသံတွေက
သာသာယာယာနေ့တွေကို အသက်သွင်းတယ်
ဆွဲဆန့်ထားမိတဲ့ အကန့်တိုင်းမှာ
အရာအားလုံးဟာ သာသာယာယာပဲ
တကိုယ်စာ ကမ္ဘာလေးထဲ
နေက နွေလိုသာပြီး
မိုးက မိုးလိုရွာတယ်
ဆောင်းလိုကောင်းတဲ့ ဆောင်းရာသီထဲမှာ
မီးမလောင်သလို မုန်တိုင်းလည်းမတိုက်ဘူး
တကိုယ်ရေကမ္ဘာထဲက
တကိုယ်စာလမ်းကလေးထက်မှာ
နေလောင် သစ်သီးတွေမရှိသလို
ပိုးထိုးလောက်ကိုက်တဲ့ အမှိုက်တွေလည်းမရှိဘူး…
တွေးရင်းနက်သွားတဲ့
တကိုယ်စာ အတွေးနက်နက်ထဲက
ပင်လယ်ကိုဖြတ်ပျံနေတဲ့ စက္ကူငှက်ကလေးတကောင်ဟာ
ကိုယ်ပါပဲ…။

ဆောင်းယွန်းလ (မတ်လ ၁ရက်၊ ၂၀၁၆)