ဗိုလ်ထက်မင်း - ပြည်သူ့သူရဲကောင်းပုံရိပ်နဲ့ ပုဂ္ဂိုလ်ရေးသစ္စာရှိမှု ဘယ်ဟာက ပိုအရေးကြီးပါသလဲ ကိုမင်းအောင်လှိုင် (၁)


ဗိုလ်ထက်မင်း - ပြည်သူ့သူရဲကောင်းပုံရိပ်နဲ့ ပုဂ္ဂိုလ်ရေးသစ္စာရှိမှု ဘယ်ဟာက ပိုအရေးကြီးပါသလဲ ကိုမင်းအောင်လှိုင် (၁)
(မိုးမခ) မတ် ၁၅၊ ၂၀၁၆

၁။ တပ်မတော်က တင်လိုက်တဲ့ ဒုသမ္မတလောင်း ဦးမြင့်ဆွေကိစ္စနဲ့ စပ်လျဉ်းပြီး စစ်ဖက် နယ်ဘက် ဂယက်
ထကုန်ကျတာမို့ တင်တာမှန်ကြောင်း ခန့်တဲ့သူဘက်က အကြောင်းပြဆင်ခြေပေးတာတွေ၊ ကန့်ကွက်သူတွေက ဖိအားပေးသံတွေကို နှစ်ဖက်ယှဉ် တင်ပြသွားမှာဖြစ်ပါတယ်။ ဦးမြင့်ဆွေစရိုက်လက္ခဏာကအစ သူဖြတ်သန်းလာပုံ၊ ဦးသန်းရွှေကြီးက သူ့အား စတင်လိုင်းတင်ခဲ့တာကို စာရေးသူက ယခင်ဆောင်းပါးတနေရာမှာဖေါ်ပြခဲ့ရာ၊ ရခါစက မဖြစ်နိုင်သေးဖူးလို့ ထင်မှတ်ခဲ့ပေမဲံ ယခုကျတော့ မှန်ကန်လာလို့သတင်းပေးသူအား ဂုဏ်ပြုသောအားဖြင့် ဆက်စပ်ဖို့လည်း ရှိနေရာ ကောက်နှုတ်တင်ပြသွားပါ့မယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပုံရိပ်ဟာ ဒီမိုကရေစီအစိုးရခေတ်မှာ တောက်ပလာမယ်လို့ မျော်လင့်နေချိန်မှာ ဦးမြင့်ဆွေကို တင်လိုက်တာကြောင့် တဟုန်ထိုးကျဆင်းသွားတာမို့ ဝေဖန်သုံးသပ်သွားပါ့မယ်။

၂။ ရှေးဦးစွာ ဦးမြင့်ဆွေ ခန့်ထားရတဲ့ အကြောင်းရင်းတွေကို နယ်ပယ်စုံမှ ကောက်နှူတ်ဖေါ်ပြသွားပါ့မယ်-

အရင်ရေပန်းစားနေတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ သူရ ဦးသက်ဆွေ၊ ဦးလှဌေးဝင်းနဲ့ လက်ရှိညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးခင်အောင်မြင့်တို့ဟာ တပ်မတော်ထဲမှာပဲ အဆင့်မြင့်ရာထူးကြီးတွေ တာဝန်ထမ်းဆောင်ဖူးကြပေမယ့် အရပ်ဘက်ဆက်ဆံရေးနဲ့ အုပ်ချုပ်ရေးမှာတော့ ဦးမြင့်ဆွေလောက် အတွေ့အကြုံမရှိသူတွေလို့ဆိုပါတယ်။ 

ဦးမြင့်ဆွေဟာ အနေအထိုင်အေးပြီး ဆက်ဆံရေးကောင်းသူ၊ လက်ရှိ အစိုးရအဖွဲ့နဲ့ဖြစ်စေ၊ ပြည်ခိုင်ဖြိုးပါတီနဲ့ဖြစ်စေ၊ လက်ရှိ တပ်မတော်အရာရှိကြီးတွေနဲ့ဖြစ်စေ ဆက်ဆံရေးကောင်းမွန်မှန်ကန်သူ၊ ဒီမိုကရေစီခေတ်ဦးရဲ့ ဖိအားဒဏ်ခံနိုင်တာကို တွေ့ရပြီး ဝန်ကြီးချုပ်သက်တမ်းအတွင်း ပြင်းပြင်း ထန်ထန်လုပ်ကြံဝေဖန်သမျှကို ကြံ့ကြံ့ခံခဲ့သူ၊ ခေတ်အဆက်ဆက်ကို လက်လှမ်းမှီသူဖြစ်ပြီး ဒီမိုကရေစီကူးပြောင်းစဉ်ကာလမှာလည်း ပါဝင်ခဲ့သူ၊ NLD အစိုးရအဖွဲ့ရဲ့ ကက်ဘိနက်ထဲမှာ ယခင် အစိုးရလုပ်ခဲ့တဲ့ကိစ္စရပ်တွေကို ထဲထဲဝင်ဝင်သိတာကြောင့် လာမယ့်အစိုးရသက်တမ်း ၅ နှစ်အတွင်း လူသစ်တွေနဲ့ ကမောက်ကမ မဖြစ်အောင် NLD အစိုးရသစ်ကို လက်တွဲခေါ်ဆောင်နိုင်မယ့်သူ ဖြစ်တယ်လို့  ဆိုသူတို့က ဆိုကြပါတယ်။ 

တပ်မတော်ကတင်တဲ့ ဒုတိယသမ္မတဟာ NLD ဦးဆောင် ဖွဲ့တဲ့အစိုးရမှာ အမြင့်ဆုံးအဆင့်နဲ့ ပါဝင်ရမယ့်သူဖြစ်ရာ အတွေ့အကြုံပြည့်ဝဖို့ အရေးကြီးပြီး အစိုးရ အဆက်ဆက်မှာ ရှေ့မှီနောက်မှီ ဖြစ်ဖို့လိုပါတယ်။ NLD နဲ့ စစ်တပ်ဆက်ဆံရေးကို ထိန်းညှိနိုင်မယ့်သူဖြစ်ရပြီး ပါးပါးနပ်နပ်ရှိဖို့လိုပါတယ်။ ဒါမှသာ အမျိုးသားရင်ကြားစေ့ရေးအတွက် လက်တွဲလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ကတင်တဲ့ ဒုတိယသမ္မတဟာ NLD အစိုးရသစ်လက်ထက်အတွင်း ပေါ်လာနိုင်တဲ့ အုပ်ချုပ်ရေး ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ မျှော်လင့်မထားတဲ့ ပြဿနာတွေကို တာဝန်ခံဖြေရှင်းနိုင်သူဖြစ်ဖို့လိုပါတယ်။ ရှေ့မှီ နောက်မှီ ကိစ္စများနဲ့ ချိန်ထိုးဖြေရှင်းနိုင်သူဟာ ဦးမြင့်ဆွေဘဲ မြင်တာကြောင့် သူ့ကိုရွေးတာလို့အကြောင်းပြကြပါတယ်။

၎။ တဖန်တမျိုး ဆိုကြတာတွေလည်း ရှိပါတယ်။ တပ်ကတင်မယ့် ဒုသမ္မတဟာ NLD ဘက် ပါမသွားဖို့ ၊
အဓိက ပါသွားရင် ကာ/လုံမှာ ၆ မဲ ၅ မဲ နဲ့ အသာရ နေရာက ၅ မဲ ၆မဲ ဖြစ်သွားပါက တပ်က ထိန်းချုပ်လို့ ခက်သွားပြီဖြစ်ပါတယ်။ သူရဦးသက်ဆွေ နဲ့ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းတို့က သမာသမတ်ကျတာ လူမှန်တွေမို့  ပိုပါ တတ်တယ်။ ဒီတော့ ခေါင်းမာမယ့်သူ၊ ပါမသွားမယ့်သူ၊ တလောတုန်းကပင် ဝေဖန်သံတွေကြားမှာ ကျူးကျော်တွေကို နှိပ်ကွပ်ပြသေးတဲ့သူ၊ ထောက်လှမ်းရေးတွေကို ဆော်ခဲ့တာ၊ရွှေဝါရောင်ရဲ့ လက်မရွံ့။ လက်ပတ်နီတွေရဲ့  ခေါင်းဆောင် ဒီအမြင်တွေကနေ ဦးမြင့်ဆွေကို သူတို့ ရွေးကြတယ်။ ဒါပေမဲ့ စိတ်ပညာသဘောတရားအရ တစ်ခါတလေ ခေါင်းအမာဆုံးတွေက အပြောင်းအလဲ အမြန်ဆုံး ဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်။

၅။ ဦးမြင့်ဆွေတင်တာနဲ့ ပတ်သက်ပြီး ၁၉၉၀ခုနှစ် ရွေးချယ်ခံ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက - ကိုမြင့်ဆွေရွေးခံရတာဟာ မွန်ပြည်နယ် မွန်လူထုအတွက် ကောင်းကြောင်း၊ မွန်အမျိုးသားနေ့အခမ်းအနားတွေမှာ တက်တက်ကြွကြွမိန့်ခွန်းပြောကြောင်း၊ မွန်သွေးပါတယ်လို့ထင်ကြောင်း၊ ကြိုဆိုတယ်လို့ပြောသွားပါတယ်။

၆။ ရန်ကုန်တိုင်းမြို့သစ်စီမံကိန်းတွေမှာ ဦးမြင့်ဆွေအပေါ် သံသယဖြစ်နေကြတာနဲ့ပတ်သက်ပြီး တပ်မ
(၁၁) တပ်မမှူး ဦးမြင့်ဆွေဖြစ်ခဲ့စဉ်က လက်အောက်မှာ တပ်ရင်းမှူးလုပ်ခဲ့သူအရာရှိကြီးတစ်ဦးထံ သဘောထား မေးခဲ့ပါတယ်။ သူက ဦးမြင့်ဆွေက သူ့ကိုယ်ကျိုးစီးပွါးအတွက် လုပ်မယ်လို့ မယုံကြည်ကြောင်း၊ ဒါပေမဲ့ တရုတ်တွေဟာ နေပြည်တော်လူကြီးတွေထိ အဝင်အထွက်ရှိတာမို့  ဦးမြင့်ဆွေက ခေါင်းရောင်းပေးတဲ့ သဘောထင်ကြောင်း၊ တကယ်တမ်း သူဟာ ရုံးလုပ်ငန်း ကျွမ်းကျင်ပေမဲ့ Commander Type ဖြစ်တဲ့ ဒုသမ္မတလိုမျိုးကြတော့ ဖြစ်မယ် မထင်ကြောင်း၊ သူသဘောကျတာက( ညှိကွပ်) နဲ့ ကာချုပ်(လေ) ကိုခင်အောင်မြင့်ဟာ သင်တန်းမှာ အတူတူတက်ခဲ့တာမို့ သူအရည်အချင်းဆို ဒုသမ္မတတိုးနိုင်ကြောင်း၊ နောက်ပြီး အမေရိကန်သင်တန်းပြန်ဖြစ်လို့ အမေရိကန်က သဘောကျမှာဖြစ်ကြောင်း၊ ဦးမြင့်ဆွေအား သဘောသိပ်မတွေ့ဟန်ပြောသွားပါတယ်။

ရ။ တဖန် ဦးမြင့်ဆွေက အုပ်ချုပ်ရေးအတွေ့အကြုံရှိလို့ ခန့်တယ် ဆိုနေရာ ဒီဘိတ်အနေနဲ့ စာရေးသူသဘောမတူပါ။ သူဟာ Staff Type ပီပီ စာအုပ်ကြီးအတိုင်းလုပ်ကာ စဉ်းစားတွေးတောလွန်းတာကြောင့် မဖြစ်သင့်တဲ့ဖြစ်စဉ် မြို့တော်ခန်းမကျောင်းသားဆန္ဒပြပွဲမှာ ရဲနဲ့ စွမ်းအားရှင်လက်ပတ်နီများ ရောထွေးကာ အင်အားအလွန်အကျွံ သုံးမိရဲ့သားဖြစ်လို့ သမ္မတ နံမည်ပျက်ခဲ့ရပါတယ်။ ရွှေဝါရောင်တော်လှန်ရေးကိစ္စမှာလည်း ဆရာ ဒကာ ကျောင်းဒကာ စီမံချက်ရှိရဲ့သားနဲ့ အကောင်အထည်ဖေါ်ဖို့ တုန့်ဆိုင်းနေကာ၊ အင်အားနည်းတုန်း လှုပ်ရှားမှုဖြစ်စဉ်ကို အချိန်မှီ ထိမ်းသိမ်းနိုင်ခဲ့ရင် ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ် အနည်းအကျည်းသာဖြစ်သွားမှာ ဖြစ်ပြီး လက်တွေ့ကျတော Staff ပီပီ အထက်အမိန့်စောင့်ကာ တာဝန် မခံရဲ၊ တွေဝေနေတာမို့ သံဃာတော်ထုကြီးလာချိန်ကျမှ စစ်ဆင်ရေးစတော့ ဂျပန်သတင်းထောက်ပါ အဆစ်ကျွေးခံရတာမို့ နံမည်ဆိုး ထွက်ကုန်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်ကြီးရွှေမန်းက အနီးကပ်အမိန့်ပေးချေမှူန်းခိုင်းတာမို့  အဓိကတာဝန်ရှိသူလည်းဆိုနိုင်ပါတယ်။ 

ဦးမြင့်ဆွေက နယ်ဘက်ကိစ္စတခုကို လုပ်ထုံးလုပ်နည်းအရ အထောက်အထားပြည့်စုံပါက တိုင်းထွေအုပ်မင်းကြီးက ခေါင်းစဉ်ဖတ်ယုံနဲ့  ခွင့်ပြုပေးရမည်ဖြစ်သော်လည်း နောက်တကြိမ်အစည်းအဝေးကျ စိတ်ပြောင်းကာ ဆိုင်းငံ့ပြန်လုပ်ခိုင်းတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ စာရေးသူအသိ လှည်ကူးကျောင်းထိုင်ဘုန်ကြီးတပါးက ကျောင်းမြေဂရမ် (လန၃၉) အကူအညီ တောင်းလို့ ကမ်းနားလမ်း တိုင်း(တဝတ)ရုံးက သွားကာ တပည့်ဖြစ်ခဲ့သူ တပ်ကြပ်ကြီးစာရေးအား အစည်းအဝေးတင်ခိုင်းရာ တိုင်းမှူးက ခဏထားဦးလို့ဆိုလို့ စိတ်ညစ်ခဲ့ရကာ ဘုန်ကြီးကို စာရွက်စာတမ်းစုံလင်လျှက်သားနဲ့ ပြောမထွက်ခဲ့တာကြုံခဲ့ရပါတယ်။ 

ပုဒ်မ(၁၈)နဲ့  နောက်ကြောင်းပြန်ဆန္ဒပြသူများအရေးယူမှု (ဘာလို့ နောက်ကျနေတာလဲဆိုတာ စဉ်စားခန်းဝင်နေဟန်တူ) နဲ့ ကျုးကျော်တဲများကို ကြိုတင်သတိပေးပေမဲ့ ဘူဒိုဇာနဲ့ ဖယ်ရှားတာဟာ သူရဲ့ပုံရိပ်ထိခိုက်စေပါတယ်။

၈။ ဦးသိန်းစိန်၊ ဦးမြင့်ဆွေ၊ ဦးကိုကိုတို့ဟာ စစ်တပ်ရဲ့အာဏာအရှိဆုံးဌာန စစ်ဆင်ရေးဌာနမှာ တော်တယ်လို့ သတ်မှတ် နေရာပေးခံရကာ အချင်းချင်း လက်ဆင့်ကမ်းသွားသူများဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရား စီမံခန့်ခွဲရေးကိစ္စတွေကျတော့ အဖိတ်အစင်များကာ သွေးထွက်သံယိုဖြစ်ရပါတယ်။

အကြောင်းရင်းကတော့ Staff ပီပီရုံထိုင်များကာ ရှေ့တန်း လက်တွေ့နယ်ပယ်မှာသာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှူ တွေကို Commander Type နဲ့ ပြောင်းလွယ် ပြင်လွယ် စစ်ကစားရတဲ့ အတွေ့အကြုံမရှိတာရယ်၊ စစ်ရုံးမှာ အလုပ်များတယ် အကြောင်းပြကာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်လိုမျိုး အဆင့်မြင့်ဘာသာရပ် မသင်ခဲ့လို့ဘဲ ဖြစ်ပါတယ်။ 

ဦးမြင့်ဆွေကို ခန့်ရတဲ့ အကြောင်းရင်း နောက်တခုက NLD အစိုးရအဖွဲ့ရဲ့ ကက်ဘိနက်ထဲမှာ  အရင်အစိုးရ လုပ်ခဲ့တဲ့ကိစ္စရပ်တွေကို ထဲထဲဝင်ဝင်သိလို့ ၊ ဘာကြောင့် လုပ်ခဲ့တယ်ဆိုတာ ကျကျနနရှင်းပြနိင်တဲ့ ဒုသမ္မတတစ်ယောက် ရှိနေခြင်းဟာ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ နဲ့ NLDအစိုးရအဖွဲ့အတွက် ကောင်းစွာ အထောက်အကူဖြစ်မယ်လို့ စဉ်းစားကြခြင်းဖြစ်သလို ဒေါ်စုအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကက်ဘိနက်ကို အထောက်အကူပြုဖို့  မဆလခေတ်ကနေ ယနေထိတိုင်ကိစ္စတွေကို ကောင်းစွာသိတဲ့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်တစ်ဦး ကို ဒုသမ္မတ တင်မြှောက်ခြင်းအားဖြင့် တိုင်းပြည်အတွက်များစွာ အထောက်အကူပြုမယ်လို့  ဆိုပါတယ်။ ဒီလိုစဉ်စားချက်ကို ဒီဘိတ်သဘော လက်တွေ့မကျတာ သုံးသပ်ပါမယ်။

၉။ ကကနကောင်စီမှာ ဆုံးဖြတ်ကြတာကို လက်ခံဖို့ အတော်ခဲယဉ်းပါတယ်။ မဆလခေတ်မှာ ဦးမြင့်ဆွေဟာ ဗိုလ်ကြီးဘဝနဲ့ ထိုစဉ်က ကက(ကြည်း)တခုသာရှိလို့ လက်ခံလိုသော်လည်း နဝတခေတ်ရောက်တော့ ဗိုလ်မှူးကြီး (ဖေငြိမ်း၊ သန်းတင်)တို့က နဝတရုံးဆိုပြီး သီးခြားခွဲထုတ်ကာ နယ်ဘက်အုပ်ချုပ်ရေး ကိုင်တွယ်ရတာမို့ အလုံးစုံမသိနိုင်ပါ။ စာရေးသူလည်း စစ်ရုံးနေဖူးလေရာ ဦးသန်းရွှေကစ ဦးတင်ဦးအထိ စာတွေဟာများလွန်းတာကြောင့် အသေးစိတ်လှန် မကြည့်နိုင်ဘဲ စစ်ဦးစီးမှူး (ဒုတိယတန်း) များက မတ်တပ်ရပ်ဖိုင်တွေကို ဖတ်ပြရတာရှိပါတယ်။ တခါ ဦးတင်ဦးကြီးအိပ်ပျော်သွားလို့ ဖတ်တဲ့သူခင်မျာ ဘာလုပ်ရမှန်းမသိ ချောင်းဟပ်ရမလိုလည်း ကြုံခဲံ့လေရာ၊ ထိုစဉ်က ဦးမြင့်ဆွေကလည်း အလွန်ဆုံး ဖတ်ရလို့ ခေါင်းစဉ်တွေသာ သိနိုင်ပါတယ်။ ဦးသိန်းစိန်ဟာ လွှတ်တော်ကို အတွင်းဝန်များဖွဲ့စည်းပုံအသစ် ခန့်ထားပြီးဖြစ်ရာ သူတို့တွေက လူသစ်ဝန်ကြီးတွေကို တာဝန်ခံ ရှင်းပြပါလိမ့်မယ်။ ဦးမြင့်ဆွေဟာ နောက်ပိုင်းဝန်ကြီးဌာနနဲ့ ပိုလို့တောင်အဆက်ပြတ်သွားပြီး ရန်ကုန်ဧရိယာတဝိုက်သာ တဝဲဝဲနဲ့ တိုင်ပတ်နေပါတယ်။ 

စာရေးသူ မကြိုက်ဆုံး အာဏာရှင်လူကြီးတွေ လက်သုံစကားက နောက်လူနိုင်ပါ့မလား။ စိတ်ချပါ့မလား ဆိုတဲ့ တပည့်မွေးအစွဲကြောင့် Standard Army တပ်မတော်ဖြစ်ဖို့ ဝေးဦးမှာဖြစ်ပါတယ်။ ဒါဆိုရင် ဦးမြင့်ဆွေထားတဲ့ နောက်ဆုံးကျန်တဲ့ ရည်ရွယ်ချက်တခုကတော့ အရင်ကစီမံကိန်းကိစ္စတွေ ဇာတ်ရှုပ်တွေ ဆက်စပ်လာရင် ဒိုင်ခံခေါင်းခံ ဖြေရှင်းဖို့ ခံစစ်အုတ်တံတိုင်းတခုအဖြစ် ထင်ထင်ရှားရှားတွေ့ရပါတယ်။

၁၀။ ဦးမြင်ဆွေဟာ ကက(ကြည်း) စစ်ဆင်ရေးဌာနမှာ စစ်ဦးစီးမှူး (တတိယတန်း) ဗိုလ်ကြီးအဆင့်ကတည်း
က စတင်နေခဲ့သူဖြစ်ကာ စစ်ဦးစီးမှူး (ဒုတိယတန်း) စစ်ဆင်ရေး ဗိုလ်မှူးအဆင့် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ရင်းမှူးရာထူးကို တပ်ရဲ့ရှယ်နေရာဖြစ်တဲ့ ကော့သောင်မြို့ခြေလျင်တပ်ရင်းတရင်းမှာ ဒုဗိုလ်မှူးကြီး အပွင့်တင်တာနဲ့ စစ်ဦးစီးမှူး (ပထမတန်း) စစ်ဆင်ရေးအဖြစ်ပြန်လာကာ ဦးသိန်းစိန်ထံမှ တာဝန်လွှဲယူတာဖြစ်ပါတယ်။

သူနဲ့အပြိုင် အရာရှိတွေကတော့ ဗိုလ်မှူးကြီး ကိုကိုကျော်(O.T.S 43) ဗိုလ်မှုးကြီးခင်မောင်ကြည်(O.T.S 45) ဖြစ်ပါတယ်။ စစ်ရုံးမှာ (O.T.S 49) အကောင်းဆုံးဗိုလ်လောင်းဆုရ ဒုဗိုလ်မှူးကြီးအုန်းမြင့်လို ပြိုင်ဘက်တွေကို မညှာတမ်း မြေပုံတင်တဲ့ကိစ္စ အကြောင်းပြပြီး ပညာပေးခဲ့သူဖြစ်ပါတယ်။ ထိုစဉ်က ဦးမောင်အေးဟာ DSA ဆင်းဖြစ်လို့  မျက်နှာသာပေးတာလည်း ပါပါတယ်။

၁၁။ တပ်ကတောင်းတဲ့ တိုင်းနဲ့ ပြည်နယ်(၄) ခု ကို NLD က လိုက်လျောဟန်မရှိသလို၊ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သမ္မတအဖြစ် တပ်ကလျှော့ပေးမှာ မဟုတ်လို့ နောက်ဆုတ်ထားတဲ့ သမ္မတတင်မြောက်
ရက်ကို ရှေ့ကို တိုးလာဟန်တူပါတယ်။ ဒုသမ္မတအဖြစ် ဦးထင်ကျော် တင်တာ ပြသနာမရှိ သော်လည်း ဗိုလ်မှူး ဟင်နရီ ဗန်ထီးယို(ငြိမ်း) အား ဒုသမ္မတ တင်လိုက်တဲ့အပေါ် တပ်မတော်က အံ့သြသွားဟန်တူသလို ဦးမြင့်ဆွေကို တင်ဖို့ ဦးသန်းရွှေက တပ်ချုပ်ကို ဖိအားပေး တင်ခိုင်းလိုက်ဟန် တူပါတယ်။ ဘာလို့လဲဆိုတော့နေပြည်တော် ဦးသန်းရွှေ အိမ်တော်ကြီးအနီးတဝိုက် vip လုံခြုံရေး ယာဉ်တန်းတခု လဆန်းပိုင်းအတွင်း တွေ့ရှိရတယ်လို့ စစ်ဖက်အသိုင်းအဝိုင်းထံမှ သိရပါတယ်။ NLD တင်လာမဲ့ ဒုသမ္မတတွေအခြေအနေကို plan ဆွဲကာ စောင့်ကြည့်ရင်း ကကနကောင်စီ အစည်းအဝေး (၄) ကြိမ်ထက် မနည်းထိုင်ပြီး အကြိတ်အနယ် ဦးလှဌေးဝင်း၊ ဦးသူရသက်ဆွေ၊ ဦးခင်အောင်မြင့်(လေချုပ်)၊ ဦးဥာဏ်ထွန်း၊ ဦးမြင့်ဆွေ (၅) ဦးထဲမှ ဦးမြင့်ဆွေကို ဒုသမ္မတလောင်းရွေးခဲ့ရတယ် လို့  သိရပါတယ်။
(နက်ဖြန် ဆက်လက်ဖော်ပြပါမည်)