မောင်မောင်စိုး - တအန်း ပလောင်နှင့် TNLA - အပိုင်း (၉)

 မောင်မောင်စိုး - တအန်း ပလောင်နှင့် TNLA - အပိုင်း (၉)
(မိုးမခ) မတ်လ ၂၊ ၂၀၁၆

● TNLA နှင့် RCSS တို့၏တိုက်ပွဲများ
ဤသို့ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင်ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ရှိရာတွင် ရှမ်းမြောက်ရှိ စဝ်ဆေထင်စဝ်ပန်ဖ တို့ ဦးစီးသည့် SSPP/SSA သည် UNFC အဖွဲ့ဝင်ဖြစ်ပြီး TNLA နှင့် မဟာမိတ်ဖြစ်သည်။ တကယ်တမ်း TNLA နှင့် နယ်နမိတ် ချင်းဆက်စပ်နေသည်မှာ SSPP/SSA ဖြစ်သည်။ သို့သော် ထိုSSPP/SSA ရှမ်းအဖွဲ့နှင့် TNLA ပလောင်အဖွဲ့တို့သည် မဟာ မိတ်များဖြစ်ပြီးအချင်းချင်း အပြန်အလှန်ကူညီနေလာခဲ့ကြသည်။ တစုံတရာ ပြဿနာကြီးကြီးမားမားရှိသည်ကို မတွေ့ခဲ့ရ ပေ။

RCSS သည် UNFC အဖွဲ့ဝင်မဟုတ်သကဲ့သို့တိုင်းရင်းသားညီလာခံများတွင် ပါဝင်သည့်အဖွဲ့မဟုတ်သည့်အတွက် TNLA နှင့် ရင်းနှီးသော ဆက်ဆံရေး မဟာမိတ်ဆက်ဆံရေးမရှိပေ။ ထို့ပြင်လက်ရှိပြဿနာဖြစ်ပွားနေသော ရွှေလီချိုင့်ဝှမ်းဂွင်သို့ ဝင်ရောက်ခြင်းမပြုရန် UNFC နှင့်ပြောဆိုဆွေးနွေးပြီးဖြစ်သည့် ကိစ္စဖြစ်သည်ဟုဆိုသည်။ မည်သည့်တပ်ပေါင်းစုတွင်မပါဘဲ တကိုယ်တော်ရပ်တည်သည့် RCSS သည် ထိုအချက်ကိုလက်မခံဘဲ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း ဝင်ရောက်လာရာမှလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားတော့သည်။

၂၀၁၅ အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း RCSS တပ်များ ရွှေလီချိုင့်ဝှမ်းဂွင်သို့ဝင်ရောက်လာရာ ကျောက်မဲမြို့နယ် တော့ဆန် ညောင်မောင်းတဝိုက်တွင် အင်အား ၃၀၀ ခန့် နမ့်ဆန် ပန်နင်း ဟိုနမ့် တဝိုက်တွင် အင်အား ၂၀၀ ခန့် နမ့်ခမ်း မြို့နယ်လော့နော် ပိန်းကိုင်တဝိုက်တွင် အင်အား ၃၀၀ခန့်ရောက်ရှိလာပြီး ၂၀၁၅ နိုဝင်ဘာ ၂၇ ရက်မှစ ပြီး TNLA နှင့် RCSS တပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားတော့သည်။

ထိုမှစ၍ တိုက်ပွဲများသည် တစတစ ပြင်းထန် လာရာ၂၀၁၆ ဖေဖဝါရီလဆန်းပိုင်းတွင်ကျောက်မဲမှ မိုင် ၃၀ ကျော်ဝေးသည့် တော့ဆန် ညောင် မောင်းတဝိုက်တွင်၎င်း နမ်ခမ်းအနီး လော့နော်တဝိုက်တွင်၎င်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားကြသည်။ ကျောက်မဲသို့လည်းကောင်း၊ နမ့်ခမ်းသို့လည်းကောင်း စစ်ဘေးဒုက္ခသည် ထောင်နှင့်ချီ၍ ထွက်ပြေးရောက်ရှိ လာသည်ဟု ဆိုပါသည်။

● နယ်မြေအငြင်းပွားမှုပြဿနာ
RCSS အနေနှင့် ယခင်ထုတ်ပြန်မှုရော ၂၀၁၆ ဖေဖဝါရီ ၁၁ ရက်နေ့ထုတ်ပြန်မှုအရပါ RCSS ၇၀၁ စစ်ဒေသတပ်ဖွဲ့ဝင်များ လွယ်တိုင်းလျံဌာနချုပ်တွင် NCA သင်တန်းတက်ပြီးအပြန်တွင်TNLA ၏စတင်တိုက်ခိုက်၍ တိုက်ပွဲများဖြစ်ပွားရသည်ဟုဆိုသည်။

လက်တွေ့တွင် RCSS ၏ထုတ်ပြန်ချက်သည် ပကတိအခြေအနေနှင့်မကိုက်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် RCSS ၇၀၁ စစ်ဒေသဆိုသည်မှာ ယခင်က မရှိခဲ့ဘူး၍ ဖြစ်သည်။ ၂၀၀၆ခုနှစ်က ABSDF မှ RCSS သို့ ကူးပြောင်းသွားသည့် သံချောင်းခေါ် စဝ်ခွန်ကျော်ဦးစီးသည့် ရင်း၇၀၁ သည် နမ့်ခမ်းမုန်းဝီးဒေသသို့ ဝင်ရောက်လာစဉ် မြန်မာစစ်၏ဝိုင်းဝန်းချေမှုန်း မှုခံခဲ့ရသည်။ မရပ်တည်နိုင်ခဲ့ပေ။

ဤသို့ပြိုကွဲပြီးနောက် လွယ်တိုင်းလျံတွင် လေ့ကျင့်လာသော RCSS အင်အား ၅၀ ခန့်သည် နမ့်ခမ်းတဖက်ကမ်း မန်ဟီးရိုး ဒေသ နောင်မတွင် အခြပြု၍ စည်းရုံးလှုပ်ရှားခဲ့သော်လည်း ၂၀၁၃ တွင် မြန်မာစစ်ဖက်၏တိုက်ခိုက်မှုကြောင့်ပြိုကွဲသွားခဲ့ သည်။ သို့ဖြစ်ရာ RCSS အနေနှင့် ထိုဒေသတွင်စစ်ဒေသအဆင့် အင်အားအများအပြား ရပ်တည်နိုင်ခဲ့ခြင်းလုံးဝမရှိခဲ့သည် မှာတော့ ဖြစ်ရပ်မှန်ဖြစ်ပေသည်။

ဖြစ်ရပ်မှန်မှာယခုမှ RCSS အနေနှင့်အင်အားအလုံးအရင်းဖြင့် နယ်မြေတိုးချဲ့ဝင်ရောက်လာခြင်း ဖြစ်ပေသည်။ ထို့ပြင် ရှမ်း ပြည်တောင်ပိုင်း ထိုင်းနယ်စပ် လွယ်တိုင်းလျံမှ အင်အားအများအပြား ရှမ်းမြောက်နယ်စပ်သို့ရောက်ရှိလာရာတွင် အစိုးရတပ် နှင့် သဘောတူညီချက် ရယူခြင်းမရှိဘဲမဖြစ်နိုင်ဟု တညီတညာတည်းယူဆကြသည်။ ထိုင်းနယ်စပ်ရှိ RCSS တပ်များကို မြန်မာစစ်ဖက်က ကားများစီစဉ်၍ ပို့ပေးခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ဖေါ်ပြပါသည်။

သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ချင်းနယ်မြေဆိုင်ရာပြဿနာသက်သက်အရပြောလျှင် RCSS အလွန်ဖြစ်သည်။ RCSS တပ်ဖွဲ့မှ TNLA ထိမ်းချုပ်ရာဒေသများသို့ ထိုးဖေါက်ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ရခြင်းဖြစ်သည်။ ထပ်မံရှင်း လင်းစွာပြောရလျှင် RCSS ထိမ်းချုပ်ရာ ဒေသသို့ TNLA တပ်ဖွဲ့များဝင်ရောက်သွား၍ တိုက်ပွဲများဖြစ်ပွားခြင်းမဟုတ်ဘဲ TNLA ထိမ်းချုပ်ရာဒေသသို့ RCSS ကဝင်ရောက်စိုးမိုးရန်ကြိုးစားသဖြင့် တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်ရာ ၎င်းတိုက်ပွဲများနှင့် ပတ်သက်၍ RCSS တွင်တာဝန်ရှိသည်ဟုဆိုရပါ မည်။ RCSS ၇၀၁ စစ်ဒေသဆိုသည်မှာ ယခင်အ ခါက မရှိဘူးခဲ့သည်မှာလည်း ဖြစ်ရပ်မှန်ဖြစ်သည်။TNLA မှ ၎င်းတို့စိုးမိုးရာဒေသတွင်းသို့ဝင်မလာရန်တားသော်လည်း လက်မခံဘဲဝင်ရောက်လာသည့် RCSS တွင်သာ တာဝန်ရှိပေလိမ့်မည်။ အလားတူပင်RCSS ထိမ်းချုပ်နယ်မြေထဲသို့ အခြားလက်နက်ကိုင်တပ်ဖွဲ့များ ဝင် ရောက်လာပါကလည်း RCSS တို့လက်သင့်ခံနိုင်မည်မဟုတ်။ TNLA ကဲ့သို့ပင် တုန့်ပြန်မည်မှာအသေအချာပင်ဖြစ်သည်။

● ကွဲပြားသောတိုင်းရင်းသားလူမျိုးများပြဿနာ
လက်ရှိ RCSS နှင့် တိုက်ပွဲဖြစ်ပွားရာဒေသအပါရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရောနှောနေသည်က အမှန် ပင်ဖြစ်သည်။ တောင်ကြားကွင်းငယ်များတွင် ရှမ်းရွာများရှိသကဲ့သို့ တောင်ကျောများပေါ်တွင် ပလောင်ရွာ၊ ကချင်ရွာများ တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုဒေသတွင် TNLA ကစိုးမိုးနေသဖြင့် မိမိရှမ်းလူမျိုးများနေထိုင်ရာကျေးရွာများကို ကာကွယ်ရန်လိုအပ်ပါသည်ဟု ဆိုစေကာမူ လက်နက်ကိုင်အဖွဲ့ချင်းညှိနှိုင်းလှုပ်ရှားခြင်းဖြစ်သာ ဖြေရှင်းနိုင်ပေမည်။ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့များသည် ထိုပြဿနာကို ညှိနှိုင်းဖြေရှင်းရန် ကြိုးစားနေသည့်အချိန်တွင် RCSS ကတော့ မြန်မာစစ်ဖက်၏ကျောထောက်နောက်ခံပြုမှုဖြင့် အင်အားသုံးဝင်သည်ကိုတွေ့ရသည်။

ထိုဒေသပတ်လည်ရှိ နမ့်ခမ်း မူစယ်မြို့များတွင် ရှမ်းလူမျိုးများအများအပြားနေထိုင်ကြရာပလောင်လက်နက်ကိုင်တပ်ဖွဲ့အင်အားကြီးလာခြင်းကြောင့် ရှမ်းအချို့၏ စိတ်တွင် မိမိလူမျိုးအခွင့်နေရာ အတွက် စိုးရိမ်မကင်းဖြစ်နေသည်ကို တွေ့ရသည်။ ထိုသည်များမှာလည်း မီးလောင်ရာလေပင့်သကဲ့သို့ဖြစ်နေသည်ကို တွေ့ရသည်။

လက်ရှိ TNLA နှင့် RCSS ပြဿနာသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ချင်း နယ်မြေစိုးမိုးမှုအတွက် ယှဉ်ပြိုင်သည့်ပြဿ နာဖြစ်သည်။ ရှမ်းနှင့်ပလောင်ကြားမှ လူမျိုးရေးပြဿနာမဟုတ်ပေ။ သို့သော် ယခု လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းဖြစ်ပွားသည့်တိုက်ပွဲများကြား ရှမ်းလူထုရော ပလောင်လူထုပါ စစ်ဒဏ်ခံရသည်သာဖြစ်သော်လည်း တဖက်နှင့်တဖက် လူမျိုးရေးမုန်း တီးမှု လှုံ့ဆော်သည့် သတင်းမှားများပြောဆိုများသည် မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်နေသည်ဟု ဆိုရမည်။

တကယ်တော စစ်မြေပြင်အတွင်းအဖြစ်အပျက်များနှင့်ပတ်သက်၍လည်းကောင်း၊ လူမျိုးရေးပြဿနာဖြစ်ပွားနိုင်သည့်သ တင်းနှင့် ပတ်သက်၍လည်းကောင်း၊ သတိထား၍ ပြောဆိုကြရမည်ဖြစ်သော်လည်း သတိ လက်လွတ်စပယ်ပြောဆိုကြသူများ လူမျိုးရေးအမုန်းပွားစေရန် တမင်လှုံ့ဆော်မှုများကြောင့် အပြန်အလှန်စွပ်စွဲမှုများ အပြန်အလှန်ဖြေရှင်းမှုတွေ့မြင်နေရပြီး လိုအပ်သည်ထက် ပိုမိုရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

RCSS သည် ၂၀၁၄ ခန့်ကလည်း PNLO အဖွဲ့စိုးမိုးနယ်မြေဖြစ်သည့် မောက်မယ်နယ်အားဝင်ရောက်နယ်မြေလုသဖြင့် တိုက် ပွဲများဖြစ်ပေါ်ခဲ့သေးသည်။ ထိုစဉ် UNFC နှင့် ဝင်ရောက်ညှိနှိုင်းပေးမှုကြောင့်လည်းကောင်း၊ PNLO သည်လည်း NCA လက်မှတ်ထိုးရာတွင်ပါဝင်သောကြောင့်လည်းကောင်း၊ နောက်ပိုင်းပြဿနာပြီးသွားခဲ့သည်။ သို့သော် ယခုအခါတွင်တော့ NCA လက်မှတ်မထိုး၍ မြန်မာစစ်ဖက်နှင့်တိုက်ပွဲများဖြစ်နေသည့် TNLA လှုပ်ရှားရာဒေသသို့ဝင်ရောက်လာခြင်းသည် ထိုဒေသရှိ ရှမ်းလူမျိုးများ အကျိုးအတွက်ဆိုသည်ထက် မြန်မာစစ်ဖက်နှင့်ညှိနှိုင်းပြီး ဝင်ရောက်နေရာဦးကာ မြန်မာစစ်ဖက်အစား TNLA ကိုစစ်မျက်နှာဖွင့်လိုက်ဖြစ်သည်ဟု အများကယူဆကြပါသည်။

မည်သို့ဆိုစေ လက်ရှိ TNLA နှင့် RCSS ကြားရှိဟလက်နက်ကိုင်ပဋိပက္ခသည် လက်နက်ကိုင်တပ်ဖွဲ့ ၂ ခုနယ်မြေလုသည့် ပြဿနာသာ ဖြစ်သည်။ ရှမ်းနှင့်ပလောင်ကြားက အမုန်းပွားသည့်ပဋိပက္ခတော့မဟုတ်ပေ။

TNLA နှင် RCSS ဖြစ်ပွားသည့် ပဋိပက္ခတွင် လူမျိုးရေးအမုန်းတရားလှုံ့ဆော်သူများ ထည့်သွင်းဖေါ်ပြသည့်အချက်မှာ ပလောင်အဖွဲ့၏ မတရားမှုကို မြောက်ပိုင်း SSPP/SSA မှ လက်ပိုက်ကြည့်မနေဘဲ RCSS ဘက်မှ ဝင်ရောက်ကူညီရန် ပြော ဆိုသည့်ချက်ဖြစ်သည်။ ၂၀၁၅ အောက်တိုဘာလဆန်းမှစ၍ ဒီဇင်ဘာလဆန်းအထိ ရှမ်းမြောက်ရှိ SSPP/SSA တပ်ဖွဲ့များ ဝမ်ဟိုင်းဒေသတွင် ပြင်းထန်စွာတိုက်ပွဲများဖြစ်ပွားခဲ့သည်။ မြန်မာစစ်ဖက်မှလေကြောင်းစစ်ကူများစွာသုံးခဲ့သည်။ စစ်ဘေး ဒုက္ခသည် သောင်းချီခဲ့သည်။ ထိုစဉ်ကRCSS အသံတိတ်နေသည်ကို မပြောကြ။ RCSS သည်လည်း မြောက်ပိုင်း SSPP/SSA အား ကူညီမှုမရှိခဲ့။ သို့သော် ယခုအချိန်တွင်တော့ လူမျိုးရေးအမုန်းတရားများစေ့စော်ပြီး TNLA အားတိုက်ရန် SSPP အား လှုံ့ဆော်နေသည်ကို တွေ့နေရသည်။ သိသာလွန်းသော လူမျိုးရေးအမုန်းတရားလှုံ့ဆော်မှုများတွေ့နေရသည်ဟု ဆိုရ မည်။

တကယ်တော့ ထိုဒေသသည် တိုင်းရင်းသားလူမျိုးများရောယှက်နေသည်။ လွယ်ကူထင်ရှားစွာပြရလျင် မူစယ် နမ့်ခမ်း နန့် ဖတ်ကာ သုံးပွင့်ဆိုင်ကြားကိုကြည့်လျှင် နမ့်ခမ်း မူစယ် ကားလမ်း မူစယ် နန်ဖတ်ကားလမ်း ပေါ်ရှိ တောင်ကြားမြေပြန့်တွင် ရှမ်းရွာ ကချင်ရွာများကိုတွေ့ရသည်။နန့်ဖတ်ကာနှင့် နန့်ခမ်းကြားကား ဗျူဟာလမ်းဟုခေါ်သည့်တောင်ပေါ်လမ်းရှိဖြစ်ရာ ရှမ်းရွာမရှိ။ ထို့ပြင် နန့်ခမ်း မူစယ် နန့်ဖတ်ကာ သုံးပွင့်ဆိုင်ကြားတောက်တန်းများပေါ်တွင် ရှမ်းရွာမရှိချေ။ ကချင်ပလောင်ရွာ များသာရှိသည်။ ထို့ပြင် စီးပွားရေးကောက်းသော တောင်ကြားမြေပြန့်သို့ ကချင်ပလောင်များ တဖြေးဖြေဆင်း၍ အခြေစိုက် လာ သော်လည်း ရှမ်းရွာတွေ တောင်ပေါ်ပြန်အခြေစိုက်သည်ဟူ၍မရှိပေ။ သို့ဖြစ်ရာ ထိုဒေသတွင် ပလောင်လူမျိုးများ လူဦးရေများလာခြင်းသော်လည်းကောင်း၊ ပညာရေးရေချိန်မြင့်တက်လာမှုကိုသော်လည်းကောင်း၊ အမျိုးသားစိတ်မြင့်တက်လာခြင်းကိုသော်လည်းကောင်း အသိမှတ်ပြုရန်လိုအပ်ပေသည်။

ပြီးခဲ့သောရွေးကောက်ပွဲများတွင် တအန်းအမျိုးသားပါတီ TNP အနေနှင့် တအန်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန့်ဆန် မန်တုန်တွင်သာမက နမ့်ခမ်းမူစယ် ကွတ်ခိုင်မြို့နယ်များတွင် ဝင်ရောက်အရွေးခံသည်ကိုလည်းကောင်း၊ အချို့မြို့နယ်တွင် အရွေးခံရသည်ကိုလည်းကောင်း တွေ့ရသည်။ ယခုမှမဟုတ် ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ကွတ်ခိုင်မြို့နယ်တွင် ပ လောင်ပါတီမှ အနိုင်ရသည်ကို တွေ့ခဲ့ရသည်။ သို့ဖြစ်ရာ ရှမ်းလူထုအနေနင့် တောင်တန်းများပေါ်မှပလောင်လူဦးရေများ ပြားမှု နိုင်ငံရေးရေချိန်မြင့်မှု အမျိုးသားစိတ်မြင့်တက်မှုကို အသိမှတ်ပြုပြီး အပြန်အပြန်ချစ်ကြည်စွာဖြင့် အတူယှဉ်တွဲနေထိုင်ရမည့်နည်းလမ်းကို ရှာဖွေရန်လိုအပ်ပေမည်။

အမျိုးသားစိတ်တက်ကြွသူများအနေနှင့် ဝပြည်နယ်ရရှိရေး ပအို့ပြည်နယ်ရရှိရေး ပလောင်ပြည်နယ်ရရှိရေးတို့ကိုတောင်းဆိုနေရာ မူလရှမ်းပြည်နယ်မှ ရှမ်းတို့အတွက် စိတ်ပူပန်ဘွယ်ရာ အခြေအနေသည်လည်း ရှိနိုင်ကောင်းသည်။ သို့သော်ပြည် နယ်သတ်မှတ်ခြင်းသည်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသတ်မှတ်ခြင်းသည်လည်းကောင်း နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းရမည့်ပြဿနာဖြစ်ပေသည်။ အတူရောယှက်နေသည့်နေရာများကို အလွယ်တကူခွဲခြားပစ်၍မရသည်ကို အားလုံးနားလည် သဘောပေါက်သည်သာဖြစ်သည်။ သို့ဖြစ်၍ ၎င်းပြဿနာသည် လူမျိုးချင်းအမုန်းပွားတိုက်ခိုက်၍ မရ သည်ကို ရှင်းလင်းစွာသိရန်လိုပေသည်။

လက်ရှိ RCSS နှင့် TNLA ပြဿနာသည် လက်နက်ကိုင်အဖွဲ့ ၂ ခု၏ နယ်မြေစိုးမိုးမှု အငြင်းပွားမှုပြဿနာသာဖြစ်သည်။ ရှမ်း နှင့်ပလောင်ကြားပြသနာမဟုတ်။ ဤပြဿနာမှနေ၍ လူမျိုးရေးအမုန်းပွားဖွယ်ရာကိစ္စရပ်များကို လက်လွတ်စပယ်မပြောကြ ရန်လည်းလိုသည်။ ဟိုဘုန်းကြီးအသတ်ခံရသည်။ ဟိုလူမျိုး ခေါင်းဖြတ်အသတ်ခံရသည်ဆိုသည်များကို အထောက်အထား မရှိ မသေချာဘဲပြောဆိုခြင်းမပြုရန်လိုအပ်သည်။

ဖြစ်ရပ်မှန်နှင့်ပြဿနာ၏ဇစ်မြစ်ကိုသေချာစူးစမ်းရန်လိုအပ်သည်။ လက်ရှိအချိန်တွင် ရှမ်းကိုအုပ်ချုပ်နေသည်မှာ ပလောင်မ ဟုတ်သကဲ့သို့ ပလောင်ကိုအုပ်ချုပ်စိုးနေသည်မှာလည်း ရှမ်းမဟုတ်ပေ။

ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung