ပြောကို မပြောချင်ဘူး နှင့် မောင်မိုးသူ


ပြောကို မပြောချင်ဘူး နှင့် မောင်မိုးသူ 
(ကုမုဒြာ ဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
 
ကမ္ဘာကျော် ပုံလေးသုံးပုံ ရှိပါတယ်။

မျက်စိပိတ်ထားလို့ မမြင်လိုဘူးပေါ့။

နားကို ပိတ်ထားလို့ မကြားလိုဘူးပေါ့။

ပါးစပ်ပိတ်ထားလို့ ပြောကို မပြောချင်ဘူးပေါ့။

၂၉ ရက်နေ့ညနေက မင်္ဂလာဒုံလေယာဉ်ကွင်းအထွက် မောင်မိုးသူရဲ့ မိတ်ဆွေကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး လွှတ်တော်ရှေ့နေကြီးဦးကိုနီ လုပ်ကြံခံရတဲ့သတင်းကို ကြားရပါတယ်။

သိပ်မကြာခင်မှာပဲ လူမှုကွန်ရက်က တစ်ဆင့် ဦးကိုနီကို ပန်းရောင်အင်္ကျီဝတ် အမျိုး သားတစ်ယောက်က နောက်မှနေပြီး သေနတ်နဲ့ ချိန်ပစ်နေတဲ့ပုံ တွေ့ရပါ တယ်။ ဦးကိုနီက မြေးကလေး ချီထားတာတဲ့။

လုပ်ကြံခံရသူနဲ့ လုပ်ကြံသူရဲ့ မြင်ကွင်းပါပဲ။

မောင်မိုးသူတို့ရဲ့နိုင်ငံမှာ သည်လို လုပ်ကြံမှု၊ လုပ်ကြံခံရမှုတွေ ရှိလာပြီလား၊ သည်လို ရိုင်းစိုင်းယုတ်ညံ့တဲ့ စိတ်ထားတွေ ဖြစ်ပေါ်နေကြပြီလား။ ကာတွန်းဆရာတစ်ယောက်ဆွဲထားတဲ့ပုံလို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့လူဟာ နောက်ထပ်လာဖမ်းတဲ့ရဲကို ဓားနဲ့ထိုးသလို ပိုက်ဆံပေးရင်၊ မော်တော်ကားတစ်စီးပေးရင် မသိမမြင်ဖူးတဲ့ လူတစ်ယောက်ကို သတ်ရဲ သတ်ပစ်တဲ့ကြေးစားလူသတ်သမားဆို သဟာ မျိုး ရှိလာပြီလား။

ရှေ့နေကြီး ဦးကိုနီဟာ မောင်မိုးသူနဲ့ ရင်းနှီးတဲ့သူ၊ မောင်မိုးသူ အားကိုးမှီခိုရတဲ့ သူ ဖြစ်ပါတယ်။ မောင်မိုးသူဟာ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှာ နာယကအဖြစ် လုပ်ဆောင်နေရတဲ့နှစ်တွေမှာ ဥပဒေရေးရာနဲ့ပတ်သက်ပြီး တိုင်ပင်စရာဆို လို့ ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးကိုနီ နှစ်ယောက်ပဲ ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲလုပ်လိုက်တော့ ရှေ့နေကြီးဦးအောင်သိန်းက လွှတ်တော်ကိုယ်စား လှယ်အဖြစ် အရွေးခံရပြီး လွှတ်တော်တက်နေရတာနဲ့ သူ့ကို အကူအညီတောင်း လို့ မရသလောက် ဖြစ်သွားပါပြီ။ သည်တော့ ဥပဒေကိစ္စမှန်သမျှ တိုင်ပင်စရာရှိရင် ဦးကိုနီနဲ့ပဲ တိုင်ပင်ရတာပါ။

မောင်မိုးသူလို ဟိုဟိုသည်သည် သိပ် မသွားနိုင်တဲ့ လူတစ်ယောက်အတွက် ဦးကိုနီဟာ မောင်မိုးသူ မနက်တိုင်းရှိတတ် တဲ့ မောနင်းစတား လက်ဖက်ရည်ဆိုင်ကို တောင် ဖုန်းနဲ့မှာလိုက်ရင် ရောက်လာတတ် သူ ဖြစ်ပါတယ်။ မောင်မိုးသူတို့ဝိုင်းမှာပဲထိုင်ပြီး အား လုံးအတွက် သိသင့်သိထိုက်တာတွေကို နားလည်သဘောပေါက်အောင် ရှင်းပြနိုင် တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

အထူးသဖြင့် ၂၀ဝ၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဦးကိုနီဟာ အချက်နဲ့အလက်နဲ့ ထောက်ပြပြောဆိုနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါ တယ်။ ဪ ဒါကြောင့်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်ပင်ခံရတဲ့ ပုဂ္ဂိုလ် ဖြစ်ပေတာကိုး။

ဦးကိုနီဟာ အမှန်တရားနဲ့ ပြည်သူဘက်ကို ရပ်တည်တဲ့ လွှတ်တော်ရှေ့နေ ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်များကို အခြေခံ ဥပဒေနဲ့ပတ်သက်ပြီး ရှင်းလင်းသင်ကြားရတဲ့ ပုဂ္ဂိုလ်။
နိုင်ငံခြားသတင်းဌာနတွေ၊ ကိုယ်စားလှယ်တွေ လာရောက်မေးမြန်းခံရတဲ့သူ။ ဒါ့ကြောင့်လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်တဲ့ လန်ဟီးလီက ဦးကိုနီ လုပ်ကြံခံရမှုကို ရှုတ်ချကြောင်း၊ နှမြောတသကြောင်း၊ သူလာတိုင်း ဦးကိုနီ နဲ့ တွေ့ဆုံရကြောင်း ပြောကြားခဲ့တာ ဖြစ် ပါတယ်။

စာနယ်ဇင်းတွေထဲမှာလည်း ဦးကိုနီဟာ ဘယ်လိုလူလဲ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ဦးကိုနီ ဘာတွေ ပြောဆိုခဲ့သလဲဆိုတာတွေ ပြန်လည်ဖော်ပြတာတွေ တွေ့ရပါတယ်။

လုပ်ကြံတဲ့သူက ကြည်လင်းတဲ့။ လူပုံအလယ် လူတောထဲမှာ အဖမ်းခံရနိုင်တဲ့ လုပ်ကြံသူရဲ့အိတ်ထဲမှာ သူ့ရဲ့မှတ်ပုံတင် ဆောင်ထားသတဲ့။ အံ့ဩကုန်နိုင်ဖွယ်ပါပဲ။

လုပ်ကြံသူက လုပ်ကြံခံရသူ့ရဲ့ နောက်စေ့ကို သေနတ်နဲ့ချိန်ထားတဲ့ မြင် ကွင်းကလည်း ဒါရိုက်တာတစ်ယောက်က သရုပ်ဆောင်တစ်ယောက်ကို သည်နေရာမှာ သည်လိုရပ်ပြီး သည်လို သေ နတ်နဲ့ ချိန် ထားတဲ့ မြင်ကွင်းရိုက်ကွင်းလှတယ်၊ ရတယ်လို့ သင်ထားတဲ့အတိုင်း ရပ်နေပစ်နေဟန် သရုပ်ဆောင်ထားတာ ကျနေတာပါကလား။

ကြည်လင်းဟာ တစ်ချိန်တည်းမှာ ထွက်ပြေးပြီး နောက်က အုတ်ခဲနဲ့ပေါက်တဲ့ ကိုနေဝင်းကို ပြေးရင်းလွှားရင်း နောက်လှည့်ပြီး ပစ္စတိုနဲ့ မှန်အောင်ပစ်နိုင်တဲ့လူ လား။ ပစ္စတိုသေနတ်ဟာ ဦးကိုနီ ဦးခေါင်းကို ကပ်ပြီးပစ်လို့ ဖြစ်နိုင်၊ လွယ်ကူနိုင်ပေမဲ့ ပြေးရင်းလွှားရင်း အုတ်ခဲနဲ့ ပစ်ပေါက်သူ ကို နောက်ပြန်လှည့်ပြီး မှန်အောင်ပစ်ဖို့ ဆိုတာ မလွယ်ပါဘူး။ ကြည်လင်းဟာ ကျွမ်းကျင်တဲ့ ကြေးစားလူသတ်သမား သေနတ် သမားလား။ ဦးကိုနီကို လုပ်ကြံရာမှာသူတစ်ယောက်တည်းမှ ဟုတ်ပါရဲ့လား။ ပြီးတော့ ကြည်လင်းဟာ ဘုရားခိုး မှုနဲ့ ပြစ်ဒဏ်ကျခံထားရတဲ့ သူ၊ ပြစ်ဒဏ် ပြည့် အောင် ထောင်ထဲမှာ မနေရဘဲ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်လာတဲ့လူ။ ဘယ်လို ဘယ်လို ပေါက်ကြားသလဲ မသိ ပါဘူး။ ကြည်လင်းကို မော်တော်ကားတစ် စီးပေး မယ်ဆိုပြီး ခိုင်းနေတဲ့သူက မြင့်ဆွေတဲ့။ မြင့်ဆွေနဲ့ ကြည်လင်းက မြဝတီမှာ တွေ့ ဆုံပြီး စေခိုင်းခဲ့တာတဲ့။ လူမှုကွန်ရက် သတင်းတွေထဲမှာ အဲသည် ခိုင်းစေ သူ မြင့်ဆွေကိုလည်း မြဝတီမှာ ဖမ်းမိပြီ တဲ့။ မင်္ဂလာဒုံမှာ လုပ်ကြံရာမှာ ပါခဲ့တဲ့ စီမံခန့်ခွဲ ခိုင်းစေသူဟာ ရက်တိုတိုအတွင်း မြဝတီ ရောက်သွားပြီး ကရင်လူမျိုးစု လက် နက်ကိုင်အဖွဲ့က ဖမ်းဆီးရမိပြီး မြန် မာ ပြည်ထဲကို မလွှဲရသေးဘူးတဲ့။ ကြည်လင်း တည်းခိုသွားတဲ့ မင်္ဂလာတောင်ညွန့်က ဘုန်းတော်ကြီးကျောင်းကို သွားစုံ စမ်းမေး မြန်းချက်တွေ၊ ကြည်လင်းမှတ်ပုံတင်မှာ ပါတဲ့ မန္တလေးက လိပ်စာကို သွားရောက် စုံစမ်းရာမှာ မရှိဘူး၊ မသိဘူးဖြစ် နေတာ တွေ့ရသလို သူ့ရဲ့ မွေးရပ်ဇာတိ မြေမှာလည်း လူမနေတော့တာ၊ မရှိ တော့တာ ကြာပြီဆိုတဲ့ သတင်းတွေက မျိုးစုံမျိုးစုံအောင် ထွက်နေပါတယ်။

မောင်မိုးသူ အတွက်ကတော့ ၂၉ ရက် နေ့ လူပုံအလယ်လုပ်ကြံသူက လုပ်ကြံခံ ရသူကို ပစ်သတ်တဲ့ မြင်ကွင်းမျိုးလည်း မမြင်ချင် မမြင်ရက် မမြင်ဝံ့ပါ။ မြင်ရတဲ့ညက အိပ်လို့မရတဲ့ရောဂါ ဖြစ်ခဲ့ရပါတယ်။

လူသတ်သမားရဲ့ နောက်ဆက်တွဲ သတင်းအမျိုးမျိုးကိုလည်း မကြားချင်ပါ။ သည်နေ့ လူမှုကွန်ရက်သတင်းဆိုတာ ဘယ်ဟာကအမှန်၊ ဘယ်ဟာက အမှားလို့ မသိနိုင်တဲ့အပြင် မှတ်ချက်ပေး၊ ထင်မြင်ချက်ပေးတဲ့သူတွေရဲ့ အယူအဆ အ တွေးအမြင်များကိုလည်း မမြင်ချင်ပါ၊

ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရက် စက်ယုတ်မာတဲ့ လူပုံအလယ်မှာ လူတစ် ယောက်ကို ပစ်သတ်လုပ်ကြံတာမျိုး ရှိ နေပြီလား၊ ဖြစ်နေ ပြီလား၊ သည်ဖြစ်ရပ် ဟာ မြန်မာပြည်သူ ပြည်သားအားလုံးကို လုံခြုံမှုမရှိတော့ဘူး လို့ ခေါင်းလောင်း ခေါက်လိုက်တာလား။

မောင်မိုးသူတော့ အဲသည်မြင်ကွင်းမျိုး မမြင်လိုပါ။

အဲသည်သတင်းမျိုးလည်း မကြားလိုပါ။

အဲ အဲသည်အကြောင်းများကိုလည်း ပြောကို မပြောချင်တော့ပါ။

ပြောကိုမပြောချင်ဘူးနှင့် မောင်မိုးသူ ပါ။



မောင်မိုးသူ