ကျူရိုးရှင်
မောင်ရွှေကြူး
ဒီဇင်ဘာ ၂၈၊ ၂၀၀၇
မနေ့က chat တွင် တွေ့သည့် ရန်ကုန်က သတင်းထောက် ညီငယ် တယောက် စိတ်ဆင်းရဲစွာ ပြောလာမှ ဘနာဇီယာ၏ အဖြစ်ဆိုးကို သိရသည်။ အာဏာရှင်အောက်မှာပင် ယမ်းတိုက်ကြီးကဲ့သို့ ဆူပွက်နေသည့် တိုင်းပြည်သို့ မကြောက်မရွံ့ ပြန်ကာ အကာအကွယ်မဲ့ နိုင်ငံရေး ပြန်လုပ်သူကို အာဏာမက်သူ၊ အနောက်ရုပ်သေး ဟု စွပ်စွဲရက်သူကို လူဟု မဆိုချင်ပါ။
အာဏာလိုချင်၊ ရုပ်သေးလုပ်ချင်လျှင် ဒီမိုကရေစီလမ်း ကို သက်စွန့်၍ လိုက်စရာ မလိုပေ။ အာဏာရှင် မူရှာရက်ဖ်မှာလည်း ရုပ်သေး မဟုတ်ပါသလော။ နိုင်ငံရေး အမြတ်ဟူ၍ ရွေးမျှ မရဘဲ သွေးဆာ လှသည့် တစ်ဇောက်ကန်းတို့၏ အကြံ ကိုလည်း တုန်လှုပ်မိပါ၏။
၁၉၈၀ ပြည့်လွန် က တစ်ချိန်တည်း ပေါ်လာကြသော အာရှ အမျိုးသမီး ခေါင်းဆောင်များ အနက် ဆက်လက် လှုပ်ရှားသူဟု သူ မရှိသည့် အခြားမဲ့၌ ဒေါ်စု သာ ကျန်တော့သည်။ သူ့ အဖြစ်နှင့် ယှဉ်၍ ဒေါ်စုအသက် ကိုလည်း ပူပန်ကြသည်။
အမျိုးသမီးများကို ပေါ်တင်ရော မသိမသာပါ နှိမ်တတ်သည့် အာရှ၊ ပဒေသရာဇ် ဉာဉ် မပျောက်သေးသည့် အာရှ၌ ဒီမိုကရေစီနှင့် ခေတ်ပြောင်း မျိုးစေ့ ချရသူတို့ ဘဝမှာ လူလွန်မ သမီးများ ဟုပင် ဆိုသင့်ပါ၏။
ဒေါ်စုကား ကံသီ၍ ဝါးရင်းတုတ် ယဉ်ကျေးမှု မှ လွတ် လာခဲ့သည်။ အသေခံ ဗုံးခွဲဓလေ့ ထွန်းကားရာ တောင်အာရှမှ ရာဂျစ်နှင့် ဘနဇီယာတို့မှာ ဘုန်းကြီး သော်လည်း သက်မရှည် ကြရှာ။
ဘုရင်သတ်လျှင် ဘုရင်ဖြစ် ဝါဒ ကြီးစိုးရာ၊ မတူရာကို မညှိနှိုင်းဘဲ အပြတ်ရှင်း စနစ် တွင်ကျယ်ရာ၊ အာဏာရှိ ရော အာဏာမဲ့ ကပါ အကြမ်းဖက်ဝါဒ ကျင့်သုံးရာ ပစ္ဆန္တရာဇ်၌ အဘယ်ခါမှ ငြိမ်းချမ်းပါမည်နည်း။ အင်အားစုတိုင်း၊ ပြည်သူတိုင်း တန်းတူညီမျှစွာ၊ ဝပြောစည်သာစွာ ယှဉ်တွဲ နေနိုင်သောနေ့မှ အေး ပေလိမ့် မည်။
ထိုနေ့သို့ မတိုင်မချင်း တုံးအောက်က လူထု အနေနှင့် ခါးတောင်းကျိုက် မဖြုတ်၊ ဒိုတီ မလျှော့ဘဲ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ်ဖြင့်၊ ကျူပင် ခုတ်သော်လည်း ကျူငုတ် တက်လိမ့်မည် ဟူသည့် ကျူရိုးရှင် စိတ်ဓာတ် နှင့် အားထုတ်ကြဖို့သာ ရှိတော့သည်။
အကြောက်တရား ကင်းသည့် ခေါင်းဆောင်များကလည်း “မည်မျှပင် စိတ်ဓာတ် ပြင်းပါစေ၊ ဤခန္ဒာကိုယ်မှာ အများသူငါ ကဲ့သို့ ပျက်စီး လွယ်သော အစုအစည်းသာ ဖြစ်ကြောင်း မမေ့အပ်ပေ” … ဟု ရွှေဥဒေါင်းကြီး၏ စာ ကို နှလုံးသွင်းရင်း လူမိုက်၊လူယုတ်နှင့် ယှဉ်ရာ၌ မစွန့်အပ်ရာတွင် ပါးနပ်စွာ ရှောင်ကြဉ်ကြဖို့ အထူး ရပ်ခံလိုပါ၏။
“လူသတ်ဝါဒ ကျဆုံးပါစေ …”
Comments