ရေဒြေၝင်ူးဖြ - ဟသာင်္ ကိုးသောင်း

ဟသာင်္ ကိုးသောင်း လွတ်လပ်ရေး
ရွှေဒေါင်းဖြူ

ဒီဇင်ဘာ ၂၈၊ ၂၀၀၇

မကြာမီက လွတ်လပ်ရေး နှစ် ၆၀ အတွက် မြန်မာ့အလင်းက အစိုးရ အဆက်ဆက် ရသည့် ဘွဲ့များကို ကြွားဝါ တပ်ပြီး ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးသမား ဖြစ်မှန်းမသိသည့် ဗိုလ်စောမြင့် ၈၅နှစ် ကို ဗျူးလေသည်။ မှူးသမိန်တို့ ထုံးစံ အတိုင်း နယ်ချဲ့ရန် ကာကွယ်ရေး၊ လွတ်လပ်ရေး တန်ဖိုး နားလည်ရေး တွေပဲ ပြောလေသည်။

သူပြောသည့်အတိုင်း စဉ်းစားကြည့်ရာ ဗမာတို့ လွတ်လပ်ရေး မရခင်နှင့် ရပြီးဘဝမှာ ဗျိဇုံနှင့် ဗျုံဇိ၊ ဖွတ်ကျားနှင့် ဝဲစား ပမာ အဒူဒူပဲ ဖြစ်တော့သည်။ ၁၉၄၈ က မွဲနေသည့်ဗမာတွေမှာ ခုလည်းပြောင်ပြောင်ကြီးမွဲပြနေကြတုန်းပင်။ ဟိုတုန်းက ဦးနု ပြောသည့် ဖိုးသုည တွေမှာ ယခု ကြက်တုပ်ကွေး ခေတ်တွင်လည်း ဘဲဥ မကွဲကြသေး။ ငတ်လိုက်ကြပုံများ မတော့ ခေတ်မှီ သူတိုင်း ထမင်းရည် ဝယ်သောက်ကြသည်။

ဤဖေကိုယ်က အဆိုးမြင်သည်ပြောလိုလျှင်လည်း မွဲနေသည့်အထဲမှာ စစ်ကိုင်းက ဗိုလ်စောမြင့် အမျိုးတွေ မပါရင် ပြောပါဟုပဲ ဆိုပရစေ။

ဘယ်သူတွေ အတွက် လွတ်လပ်ရေးလဲ။ ဗိုလ်စောမြင့် ကဲ့သို. နေဝင်း ခေတ်ဦးက ကျော်မကောင်း ကြားမကောင်း ပြုတ်ရသူမျိုး ပင် ပါရမီခြံနှင့်၊ မဟေသီမဂ္ဂဇင်းနှင့်၊ သမီး အထူးကု ဆရာဝန်နှင့် အသီးအပွင့်များကို စံစားကြချိန်ဝယ် သူနှင့် ငယ်ပေါင်း ဗကပ တောတွင်း ကျဆုံး ခေါင်းဆောင်၏ မိသားစု ဘယ်ရောက်နေကြသနည်း။

မရေစွမ်းနိုင်သော နိုင်ငံရေးမိသားစုများ၊ စစ်တပ် အောက်ခြေ အပါအဝင် လူ သန်းနှင့် ချီ၍ ဘဝ ပျက် ကြရချိန်ဝယ် အာဏာရှင် လူလည် ပတ်ကားတစု ပြည်တော်သာနေရုံ လွတ်လပ်ရေးမျိုး ကို တစ်နိုင်ငံလုံးက အငတ်ခံ ခွေးအဖြစ်ခံပြီး ကာကွယ်ကြရမည်လော။

နှစ် ၆၀ အလွမ်းဇာတ်၏ ရလာဒ်ကား နောက်ထပ် လွတ်လပ်ရေး တိုက်ပွဲ တဆင့် လော။ ဆင်းရဲ ဖိနှိပ်မှု သံသရာတွင်းက ထွက်ရပ်လမ်းကို မည်သူ ပြမည်နည်း။

အဆင့်ဆင့်ဆုတ်ယုတ်မှုကြီး

ရယ်စရာ ကောင်းပုံက ဗမာပြေ အတိုးတက်ဆုံး အချိန်ကို မေး လာကြလျှင် စစ်မဖြစ်မီ ခေတ်ကို ပြောကြခြင်းပင်။ လူမျိုးခြား အောက် အထိုက်အလျောက် ရရှိသော အခြေခံ ရပိုင်ခွင့်များနှင့် စီးပွားရေး ပြေလည်မှုမှာ ၁၉၄၂ မှ ယနေ.တိုင် ဖြတ်သန်းနေရသော စစ် နှင့် ဖိနှိပ်မှု၊ ခေတ်နောက်ကျ အထီးကျန်မှုများကို ရင်ဆိုင်ရသဖြင့် ချုံးချုံးကျ ခဲ့ရတော့သည်။

အဖက်ဖက်မှ ဆုတ်ယုတ်လာမှုကား တစ်ခေတ်ထက် တစ်ခေတ် လျောကျလာခဲ့ကာ ယခုအချိန်၌ အာဆီယန်၏ ဖုတ်ဝင်နေသော လူနာဘဝ ဆိုက်ကာ ကျရှုံးနေသော နိုင်ငံအဆင့်သို့ ရောက်ရတော့သည်။

နိုင်ငံရေး အရ ဆုတ်ယုတ်ပုံမှာကား ပြည်တွင်းမှ တစ်ခုတည်းသော ဦးဆောင်ပါတီကြီး၊ အမျိုးသား ခေါင်းဆောင်နှင့် ခေါင်းရံများ၊ အခြား လူထု လှုပ်ရှားသူများ၊ စစ်အုပ်စု ဖနောင့်အောက် ပြားပြားမှောက် နေရချိန်၊ ပြည်ပရောက် လွတ်မြောက်ရေး အင်အားစုများ ကြံဖန် အသက်ဆက် နေရချိန်၌၊ ပညာရှင်လိုလို၊ ပွဲစားလိုလို၊ NGO လိုလို အဖြူကြိုက် တတ်ယောင်ကား တစု က 3rd group ဟု ရွှေပြည်အေး ဝါဒ လက်ကိုင်ထား၍ စစ်အုပ်စုကို ငါးသလောက် ကဲ့သို့ ပေါင်းစားကာ ဗမာပြေကြီးကို ဝါးစေကြဖို့ ကြံစည်လာကြသည်။

Road Map အရ ဖွားတော်မူလာမည့် အနာကပ် ပလတ်စတာ အသစ်ကြီးတွင် technocrat ကြီးများ အဖြစ် ဝင်ရောက် ချယ်လှယ်ကြဖို့ ယဉ်တော်မူ ကြကာ “မစားဘဲစွန့်” လုပ်နေကြသူများ မစားချင်လျှင် ဖယ်ကြ၊ ငါတို့ ဝင်စားမည် ဆိုသည့် အပေါက်မျိုး ချိုး လာကြသည်။

လာ ပလူးသည့် ပညာရှင် မှန်သမျှ ခွေးဖြစ်အောင် လုပ်တတ်သည့် စစ် သောက်ကျင့်ကို မကြောက်၊ ဂုဏ်နှင့် လာဘ်ကို လဲဝံ့ ကြသည့် လူများ ဖြစ်သည်။ ဖောက်ပြန်သည့် နိုင်ငံရေးသမား မှန်သမျှ နလံမထူအောင် တုံ့ပြန်တတ်သော လူထုအကြောကို သိသည့် မျောက်လွှဲကျော်များမှာ လူထုတိုက်ပွဲကို ငပိထက်ပင် ကြောက်ကြသည်။

စစ်အုပ်စုကို တံခါးပိတ်၍ သမီးရည်းစားကဲ့သို့ နားချ လိုကြသည်။ သရဲမင်းရဲစီးကာ ဘုန်းကြီးသား စားပင် စားထားကြသည့် ကိုးတောင်ကျားများကို သားရွှေဥလို မောင်မောင် ဘဘ ဆုံးမချင်ကြသည်။

စစ်အုပ်စု နားလှည့်ရာကို ပါသွားကြသည့် ဦးသိန်းဖေမြင့်၊ ဝိဓူရ သခင်ချစ်မောင်ကဲ့သို့ လက်ဝဲဆရာကြီးများပင် အရူးလုပ်ခံရဖူးသည်ကို မေ့ရအောင်ပင် အမှတ်မရှိ အာဏာ ငန်းဖမ်းကြသည်။ ဒေါ်စုအသုံးမကျ၍၊ ခေါင်းမာကာ အစိုးရကို သူတို့ကဲ့သို့ ဖင်ပေး မပေါင်း၍ သူတို့ NGO စားပေါက်တွေ မပွင့်ရကောင်းလားဟု မျက်မာန်တော် ငြိုးကြသည်။

ဘယ်နံရောခါမှ လူထုအကျိုးကို လေသံမှ မလှပ်ခဲ့ကြသော နိုင်ငံရေး အင်နန် (အင်မတန်) ကြောက်သော မဆလနှင့် ဗျူရိုကရက်အနွယ်များ၊ ဆိတ်လဇိ ပညာယှိကြီးများက ၄င်းတို့နှင့် မကင်းရာ မကင်းကြောင်း စစ်အုပ်စုထံမှ ဆင့်ရီး ခွေးမျှော် ကြသည်မှာ မဆန်းသော်လည်း၊ ပြည်ပရောက် နိုင်ငံရေးသမား အချို့ကပါ proposal နိုင်ငံရေး ခေါ် မျောက်ပြ ဆန်တောင်း အသံကောင်း ဟစ်ကြသည်မှာ တစ်ခါက ဘဝတူ တိုက်ပွဲဝင်ဖက်၊ ယခု ငတ်နေကြသော ရဲဘော်များ အတွက်ကား အသည်းနာစရာ။

အနှီကဲ့သို့ ကာလကြိုက် မစွန်.ဘဲ မျက်မျက်ကလေး စားရသော အချောင်သမား နိဿရည်းကား ဟသ်ာကိုးသောင်းဇာတ်၏ အစပင်တည်း။

စီးပွားရေး၊ လူမှုရေးနိမ့်ကျ ဖိနှိပ်ခံရမှု အပြင် နောက်ဆုံး၊ အသိသာဆုံး ဘာသာရေး အရ ဖိနှိပ်မှုကား စစ်အုပ်စုနှင့် လူထုကြားမှ စစ်မျက်နှာသစ် ဖြစ်လာသည်။ ယခင် သူ့ ကျွန် အောက်တုန်းကမှ “ မယ်တို့ ဌာနီဝယ် ဘုန်းကြီးကျောင်းနဲ့ ဥပုသ်စောင့်လို့ ရယ်….” ဟုရင့်ကြူးနိုင်သေးသည်။

သင်္ကန်း မချွတ်လို၍ အစာငတ်ခံ ပျံတော်မူသော ဦးဝိစာရကို အာဇာနည်အဖြစ် ဂုဏ်မြောက် နိုင်ကြသေးသည်။ အလောင်းအစ ဖျောက်သည့်ခေတ် မဟုတ်သေး။

၁၉၃၈ မှ ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ၁၉၄၈ ကိုလိုနီ လွတ်လပ်ရေး၊ ၁၉၅၈ ပထမ စစ်အာဏာသိမ်းမှု၊ ၁၉၈၈ အုံကြွမှုများ နောက် ၂၀၀၈ နှစ် ၆၀ ပြည့် စိန်ရတုနှစ် တွင် အာဏာရှင် လွတ်လပ်ရေး အောင်ပွဲဆင်ဖို. အားခဲရန်သာ ရှိတော့သည်။ ရွှေပြည်တော် မျှော်မဝေးပြီလော။ လှံရိုးများကား ချွန်လေပြီ၊ လှံဖျား ချွန်ဖို့သာ ကျန်တော့သည်။

Comments