ပြည်သူကို ယုံပါ
ဝင်းပေါ်မောင်
ဖေဖော်ဝါရီ ၂၇၊ ၂၀၀၈
မြန်မာစစ်အစိုးရ နအဖက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ယခုနှစ် မေလတွင် ကျင်းပမည်ဟု ရုတ်တရက် ကြေညာလိုက်ရာ ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး လှုပ်ရှားသူများအကြား ပွက်လောရိုက်သွားသည်ကို တွေ့မြင် ကြားသိနေရပါသည်။
ရွှေဝါရောင်တော်လှန်ရေး အကင်းမသေသေးချိန်၊ တွေ့ဆုံဆွေးနွေးရေးကိစ္စ အာရုံစိုက်နေကြချိန်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အရေးယူမှုများ တိုးပွားနေချိန်တွင် နအဖဖက်က ဒီလိုခြေလှမ်းမျိုး လှမ်းရန်မရှိဟု မိမိ အပါအ၀င် အများစုက တွက်ဆထားခဲ့ပါသည်။ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အလွန် နှေးကွေးလေးကန်စွာ လုပ်ဆောင်နေသော နအဖ၏ အနှစ်နှစ်ဆယ်အတွင်း ပထမဆုံး တက်သုတ်ရိုက် ဆောင်ရွက်ချက်ဟု ဆိုနိုင်ပါသည်။ ဆန္ဒခံယူပွဲ တခုနှင့် လိုက်လျောညီထွေသော ပြင်ဆင်မှုများ အလျဉ်းမရှိပါဘဲ ဆန္ဒခံယူပွဲ ကျင်းပမည်ဟု ကြေညာလိုက်ခြင်းသည် လုံးဝ လက်တွေ့မကျသည့် ရူးသွပ်မှုတခု ဖြစ်လင့်ကစား၊ နအဖ အနေနှင့်မူ တစုံတခုကို အပိုင် တွက်ဆထားပုံ ရပါသည်။
၂၀၀၃ ခုနှစ်က စတင်ခဲ့သည့် နအဖ၏ လမ်းပြမြေပုံ ခုနစ်ဆင့်တွင် ယခု ကြေညာချက်ဖြစ်သည့် အဆင့် ၄ `လူထုဆန္ဒခံယူပွဲ´ က အဓိကအကျဆုံး အဆင့် ဖြစ်ပါသည်။ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တရားဝင် ပလပ်နိုင်ရေးနှင့် စစ်တပ်အာဏာ တည်မြဲရေးကို ရည်ရွယ်သော -အမျိုးသားညီလာခံ မှသည် နောက်တကြိမ် ရွေးကောက်ပွဲသို့- ဟူသည့် နအဖ၏ နိုင်ငံရေးလမ်းစဉ်မှာ ညီလာခံအဆင့်မှာပင် ဆယ်နှစ်ကျော်ကြာ ရပ်တန့်နေခဲ့သည်။ ရှေ့မဆက်နိုင်ဘဲ တစ်လစ်ဖြစ်နေသည့် အမျိုးသားညီလာခံကို ၂၀၀၇ စက်တင်ဘာ ၃ ရက်နေ့တွင် အဆုံးသတ်ပြီဖြစ်ကြောင်း နအဖက ကြေငြာခဲ့သည်။
ထိုအချိန်မှာပင် စက်သုံးဆီဈေးနှုန်းများ မတန်မဆ တိုးမြှင့်မှုကြောင့် ပြည်သူလူထုအတွင်း ပေါက်ကွဲမှု စတင်နေပြီ ဖြစ်သည်။ နောက် သတင်းနှစ်ပတ် အကြာတွင် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးက ဆယ့်ကိုးနှစ်အတွင်း အပြင်းထန်ဆုံး လူထုလှုပ်ရှားမှုအဖြစ် ပေါ်ပေါက်လာခဲ့သည်။ ပြည်သူလူထုက နအဖ ညီလာခံကိစ္စကို တလုံးတပါဒမျှ ပြောဆိုခြင်းမပြုဘဲ `တွေ့ဆုံဆွေးနွေးရေး´ ကိုသာ တောင်းဆိုခဲ့ကြသည်။ သို့ရာတွင် သံဃာနှင့် လူထုကို ပစ်သတ်ဖြိုခွဲခဲ့သော နအဖက လေးလအကြာတွင် ညီလာခံဆုံးဖြတ်ချက်များကို လူထုဆန္ဒခံယူမည်ဟု ဇွတ်တိုးလှမ်းလိုက်ပြန်ပါသည်။
ထို့ပြင် နောက်နှစ်နှစ်အကြာတွင် ရွေးကောက်ပွဲကျင်းပမည်ဟု တပြိုင်တည်း ကြေညာလိုက်သည်မှာလည်း ထူးခြားနေပါသည်။ နအဖသည် လူထုဆန္ဒခံယူပွဲအဆင့်ကို အောင်ပွဲခံ ကျော်လွှားသွားရန် သေချာပြီဟု တွက်ဆထားလေသလား။
ဒီမိုကရေစီသုည
နအဖ လုပ်ဆောင်နေသည့် -အမျိုးသားညီလာခံ မှသည် နောက်တကြိမ် ရွေးကောက်ပွဲသို့ - နိုင်ငံရေးလမ်းစဉ်သည် မူအရရော လုပ်ဆောင်ပုံအရပါ ဒီမိုကရေစီနှင့် ဖီလာဖြစ်နေသည်ကို အထူး ပြောစရာလိုမည် မထင်ပါ။ သို့သော် တကမ္ဘာလုံးက ပြစ်တင်ဝေဖန်နေသည့်ကြားမှပင် နအဖက ခေါင်းမာမာဖြင့် ဆက်လုပ်နေဆဲ ဖြစ်သည်။ `အခြေခံဥပဒေ´ ဆိုသည့် မှောက်ထားသော ဖဲတချပ်ကိုငဲ့၍ အားလုံးက စိတ်ရှည်ရှည်ဖြင့် စောင့်နေခဲ့ကြလင့်ကစား၊ ယခု လှန်လိုက်တဲ့အခါမှာလည်း ထိုဖဲက ဗလာကြီး ဖြစ်နေပြန်ပါသည်။
အာဏာရှင်စနစ်ဖြင့် ကျင်းပသော ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ညီလာခံမှ ချမှတ်လိုက်သည့် မူဝါဒများသည် `ဒီမိုကရေစီသုည´ ရလဒ်ကို ပေါ်ထွန်းစေသည်မှာ အံ့သြဖွယ်ရာတော့ မဟုတ်ပါ။ ညီလာခံမှ ချမှတ်လိုက်သော မူများကို ၏နှင့်သည် ပြောင်း၍ ပုဒ်ထီးပုဒ်မတပ်ကာ စာပြန်စီထားသည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာလည်း ဒီမိုကရေစီသုည ဥပဒေသာ ဖြစ်ပါတော့သည်။
သာမန်ကြည့်လျှင် `လူသုံးမတ် စစ်သားတမတ်´ လွှတ်တော်ဖွဲ့စည်းရေးဟု ထင်စရာ ရှိသည်။ လက်တွေ့တွင် စစ်အုပ်ချုပ်ရေးကို ဆက်လက်ကျင့်သုံးရန်သာ ဖြစ်နေပါသည်။ ဟင်းအိုးထဲ ဆားတဇွန်း ပိုခတ်မိလျှင် နည်းနည်းငန်သည်ကို သည်းခံ၍ စားနိုင်ကောင်း စားနိုင်ပါမည်။ ဟင်းအိုးထဲ ချေးတဇွန်း ခတ်မိလျှင်တော့ အဆီတွေဘယ်လောက်ဝင်းဝင်း အဆင်းတွေ ဘယ်လိုလှလှ မြည်းမျှပင် မြည်းနိုင်မည် မထင်ပါ။
နအဖရေးထားသည့် အခြေခံဥပဒေကို လူ့အခွင့်အရေး လေးစားသူတိုင်းက လက်မခံဘဲ ငြင်းပယ်နေကြသည်မှာ တရားပါသည်။ ထို့အတူ မြန်မာပြည်သူများကလည်း လက်ခံနိုင်ကြမည် မဟုတ်ပါ။ ဒီမိုကရေစီကို အာမ မခံသော အခြေခံဥပဒေသည် မြန်မာပြည်သူတို့၏ ထွက်ပေါက် မဟုတ်သည်မှာ ထင်ရှားပါသည်။ သို့သော် နအဖအတွက် ထွက်ပေါက် ဖြစ်နေသလား။
မှောက်မလား မဲမလား
နအဖ၏ အခြေခံဥပဒေကို နိုင်ငံရေးလှုပ်ရှားသူများက အပြင်းအထန် ဝေဖန်နေကြသော်လည်း မြန်မာပြည်သူ အများစုက စိတ်မ၀င်စားပါ။ ပြည်သူတယောက်အဖို့ ၀င်ရောက် ဆွေးနွေးခွင့် မရှိသည့် အခြေအနေတွင် ထိုကိစ္စကို လျစ်လျူပြုထားသည်မှာ သဘာဝကျပါသည်။ မြန်မာပြည်သူ အများစုက နအဖ၏ နိုင်ငံရေးလမ်းစဉ်ကို မီးဖိုချောင်မှ ထမင်းအိုးဖြင့်သာ တိုင်းပါသည်။ ပြည်သူလူထု၏ ကျပ်တည်းမှုအ၀၀သည် အစိုးရ ညံ့ဖျင်းမှုကြောင့်ဖြစ်သည်ဟု ရိုးရိုးရှင်းရှင်း သိမြင်ထားကြသူများ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်သူတို့သည် အခွင့်အရေး ရသည့်အခါတိုင်း မိမိတို့၏ ဆန္ဒအမှန်ကို ထုတ်ဖော်တတ်သောကြောင့် ဖြစ်ပါသည်။
၈၈ ခုနှစ်တွင် အခွင့်ရသည်နှင့် တပြိုင်နက် မဆလအစိုးရကို ဆန့်ကျင်မှုများ ဒလဟော ပြိုကျလာခဲ့သည်။ ဒေါက်တာမောင်မောင်က -တပါတီလား ပါတီစုံလား ဆန္ဒခံယူပွဲ ကျင်းပမယ်- ဟု ပြောသောအခါ လူထုက -မလိုတော့ဘူး ဆန္ဒတွေဖော်ထုတ်ပြီးပြီ- ဟု တုံ့ပြန်ခဲ့သည်။ ယခု ဆန္ဒခံယူပွဲသည်လည်း လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က ပုံရိပ်ကို ထင်ဟပ်နေပြန်ပါသည်။
မိမိတဦးတည်း ခန့်မှန်းချက်အရ လူထုပေါက်ကွဲမှုမှာ ဆန္ဒခံယူပွဲအကြိုကာလ ဖြစ်မည်ဟု တွက်ဆထားခဲ့မိသည်။ သို့သော် တကယ်ဖြစ်တော့ ထို့ထက်စောခဲ့သည်။ ညီလာခံအပြီးမှာတင် ပေါက်ကွဲမှုက ဖြစ်ပေါ်ခဲ့သည်။ တနည်းအားဖြင့် လူထုက ဆန္ဒကို ကြိုတင်ဖော်ထုတ်လိုက်တာဟု ဆိုနိုင်ပါသည်။ စင်စစ် လူထုက ညီလာခံရလဒ်ကို စိတ်မ၀င်စားကြောင်း ပြခဲ့ပြီး ဖြစ်သည်။ လူထု တောင်းဆိုသည်က `တွေ့ဆုံဆွေးနွေးရေး´ တခုတည်းသာ ဖြစ်သည်။
သို့သော် လူထုအနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြမှုမျိုး ထပ်လုပ်ရန် အခြေအနေ ပေးကောင်းမှ ပေးပါလိမ့်မည်။ အထိအခိုက် အနည်းဆုံးနှင့် လူထုအဖို့ စိတ်ဓာတ်မြင့်တက်၍ သိက္ခာရှိသည့် နည်းလမ်းမှာ ဆန္ဒခံယူပွဲကို သပိတ်မှောက်ခြင်း သို့မဟုတ် ကန့်ကွက်မဲထည့်ခြင်း တခုခု ဖြစ်ပါသည်။
ပြည်တွင်းပြည်ပ နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားစုများက မှောက် သို့မဟုတ် မဲ ဖို့အတွက် တိုက်တွန်းနေကြပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒခံယူပွဲသည် တည်ဆဲ ဥပဒေများနှင့် မညီညွတ်ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုရာရောက်ကြောင်း ကြေညာထားပါသည်။ မူအားဖြင့် လက်မခံနိုင်ဟု ပြောလိုက်ခြင်းပင် ဖြစ်သည်ဟု မှတ်ယူမိပါသည်။ ဒီမိုအင်အားစုများနှင့် မြန်မာပြည်သူတို့ကတော့ နအဖ ဆန္ဒခံယူပွဲကို မှောက် သို့မဟုတ် မဲ တခုခုဖြင့် တုံ့ပြန်ကြမှာ အသေအချာ ဖြစ်နေပါသည်။ သို့သော်…
၉၀ မျှော်လင့်ချက်
ရှစ်လေးလုံး အရေးတော်ပုံကို စစ်တပ်က ဖြိုခွဲ အာဏာသိမ်းပြီးနောက်၊ ရွေးကောက်ပွဲကျင်းပ၍ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကြပါစို့ဟု ကတိက၀တ် ပြုခဲ့သည်။ ၉၀ ရွေးကောက်ပွဲ အောင်မြင်ရာတွင်-
- နိုင်ငံရေးပါတီ အများစုက ရွေးကောက်ပွဲကို လက်ခံ ၀င်ရောက်ရန် သဘောတူခြင်း
- လူထုအများစုက ဒီမိုကရေစီရရှိမည့် အညင်သာဆုံးနည်းလမ်းဟု ယုံကြည်ခြင်း
- စစ်အစိုးရဖက်က အချိန်ဇယားဖြင့် ကတိအတိုင်း ဆောင်ရွက်ပေးခြင်း
ဆိုသည့် အချက်များ အဓိကအဖြစ် ပါဝင်နေကြပါသည်။ ယခု ဆန္ဒခံယူပွဲကို နိုင်ငံရေးပါတီများက မထောက်ခံကြပါ။ လူထုကလည်း ထောက်ခံလိုက်၍ မိမိတို့ ဒီမိုကရေစီရမည်ဟု မယုံကြည်ကြပါ။ နအဖဖက်ကလည်း အချိန်ဇယားနှင့် သင့်လျော်သည့် ပြင်ဆင်မှုများ မရှိပါ။
ထို့ကြောင့် ယခု ဆန္ဒခံယူပွဲမှာ ၉၀ ရွေးကောက်ပွဲကဲ့သို့ `လွတ်လပ်၍တရားမျှတသော´ဟု ၀ိသေသတပ်နိုင်ရန် အလွန်ကွာဝေးနေပါသည်။ သွေးထွက်သံယို ကိစ္စများကိုလည်း ကံမကောင်းစွာ ကြုံတွေ့ရနိုင်ပါသည်။
အရေးကြီးသည့်အချက်မှာ ၉၀ ရွေးကောက်ပွဲတုန်းက လူထုတွင် တိကျခိုင်မာသည့် မျှော်လင့်ချက် တခု ရှိနေခဲ့သည်။ ရွေးကောက်ပွဲပြီးလျှင် လွှတ်တော်ခေါ်ယူနိုင်မည်ဟု အများစုက ယုံကြည်ခဲ့ကြသည်။ ထိုစဉ်က မဆလလွှတ်တော်ကို ဖျက်သိမ်းခဲ့သည်မှာလည်း သိပ်မကြာလှသေး။ အာဏာကို ချက်ချင်းမလွှဲသေးဟု ဆိုလျှင်တောင် လွှတ်တော်ကိုတော့ဖြင့် ခေါ်ယူပေးရလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။ ထို့ကြောင့် လွှတ်တော်တွင်း၌ အခြေအတင် ငြင်းမနေရအောင် မိမိတို့ မဲများကို အဖွဲ့ချုပ်အား ပုံအောခဲ့ကြခြင်း ဖြစ်သည်။
နောက်ထပ် အရေးကြီးသည့်အချက်မှာ ပြည်သူတရပ်လုံးက အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားသည့် အတွက်ကြောင့်လည်း ပုံအောခဲ့ကြခြင်း ဖြစ်သည်။ မြန်မာပြည်သူတို့က စစ်တပ်အပေါ်ထားရှိသည့် အမုန်းနှင့် ဒေါ်စုအပေါ်ထားရှိသည့် အချစ်ကို မဲပြားဖြင့် သက်သေပြုခဲ့သည်။
ယခု စစ်တပ်အပေါ်ထားရှိသည့် အမုန်းမှာ ပို၍တိုးလာသလို ဒေါ်စုအပေါ်ထားရှိသည့် အချစ်မှာလည်း ပို၍တိုးလာသည်ဟု တွက်ဆနိုင်ပါသည်။ ထိုစိတ်ခံစားချက်ကြောင့် လူထုကတော့ မှောက်မလား မဲမလား ကြိုက်ရာပြောဟု စိမ်ခေါ်မည့် အနေအထားတွင် ရှိနိုင်ပါသည်။ သို့သော် မေးစရာရှိလာပါသည်။ ဆန္ဒခံယူပွဲကို လူထုအားဖြင့် ဖျက်ပြီးလျှင် ဘာဖြစ်ပေါ်လာမလဲ ဆိုသည့် မေးခွန်း ဖြစ်ပါသည်။ ဆန္ဒခံယူပွဲပျက်လျှင် ဆွေးနွေးပွဲ အမှန်တကယ် ပေါ်လာမှာလား။ သို့မဟုတ် လွှတ်တော်ပေါ်လာမှာလား။ သို့မဟုတ် နိုင်ငံတကာ အင်အားတွေ ၀င်ရောက်လာမှာလား။ သို့မဟုတ် စစ်တပ်ပြိုကွဲမှာလား။ စသည်…
ဒီမေးခွန်းအတွက်အဖြေသည် နိုင်ငံရေးဦးဆောင်သူတို့အတွက် ဖြေဆိုရန် ကျပ်တည်းမည် မှန်သော်လည်း ပြည်သူတို့ကဖက်လည်း သိချင်မည် အမှန်ုဖြစ်ပါသည်။ ဒေါ်စုပြောသည့် `ပြည်သူတွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေ ဘယ်တော့မှ မပေးဘူး´ ဆိုသည့်စကားနှင့်အညီ မလွဲမှားသည့် မျှော်လင့်ချက်တော့ ရှိဖို့လိုလိမ့်မည်ဟု ထင်မြင်မိပါသည်။
ဥပဒေ = အမိန့်
မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အတွင်းရေးမှူး ဦးအောင်ထူးကို ဆွေးနွေးဝိုင်းတခုတွင် မေးခွန်းတခု မေးကြည့်ခဲ့ဖူးပါသည်။
``နအဖ က သူ့လက်ထက်မှာ ဥပဒေပြဋ္ဌာန်းတဲ့အခါ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ဆိုပြီး ထုတ်ပြန်လိုက်တာကိုပဲ တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဲသလို အမိန့်ထုတ်ပြီး ဥပဒေပြဋ္ဌာန်းရင်ကော ဖြစ်နိုင်ပါသလား´´
ဦးအောင်ထူးက တွေးတွေးဆဆ ပြန်ဖြေပါသည်။
``လုပ်ဖို့တော့ အတော်မလွယ်ဘူး။ ဒါပေမယ့် နအဖက အဲသလို မလုပ်ဘူးလို့ ကျနော့်အနေနဲ့တော့ မပြောရဲဘူး´´
မိမိအယူအဆအရ နအဖသည် အခြေခံဥပဒေကို အမိန့်ဖြင့် အတည်ပြုနိုင်အောင် ပြင်ဆင်နေသည်ဟု ထင်ပါသည်။
အထက်တွင် မေးခွန်းနှစ်ခု မေးခဲ့ပါသည်။ နအဖသည် လူထုဆန္ဒခံယူပွဲအဆင့်ကို အောင်ပွဲခံ ကျော်လွှားသွားရန် သေချာပြီဟု တွက်ဆထားလေသလား။ အခြေခံဥပဒေသည် နအဖအတွက် ထွက်ပေါက် ဖြစ်နေသလား။
ယခုအထိ မိမိတို့ဆွေးနွေးနေကြသည့် မှောက်ရေး မဲရေး ကိစ္စမှာ မဲပြား, မဲပုံး, မဲစာရွက် စသည်တို့အပေါ်တွင် အာရုံတင်၍ ပြောနေကြခြင်း ဖြစ်သည်။ မည်သို့ လုပ်မည် ဘယ်သူမှ မသိရသေးပါ။ နအဖ မီဒီယာပါ ကြံ့ဖွံ့ထောက်ခံပွဲများတွင် နအဖက ပြည်သူလူထု ထောက်ခံမှု မည်မျှရှိသည်ဟု ဖော်ပြလေ့ရှိသည်ကို တွေ့ရပါသည်။ ဖြစ်နိုင်ချေရှိသည်မှာ ဆန္ဒခံယူပွဲ မတိုင်မီ ကြံ့ဖွံ့ထောက်ခံပွဲများကို အကြီးအကျယ် ကျင်းပပြီး၊ ထိုထောက်ခံမှုများအရ အတည်ပြုလိုက်ကြောင်း အမိန့်ထုတ်ပြန်လိုက်နိုင်ပါသည်။ ညီလာခံ အခြေခံမူ ၁၀၄ ချက်ကို ကြံ့ဖွံ့ထောက်ခံပွဲများဖြင့် အတည်ပြုခဲ့သည်ကို သတိပြုသင့်ပါသည်။
ဆန္ဒခံယူပွဲ မတိုင်မီ လူထုအားစမ်းပွဲအဖြစ် အဆိုပါထောက်ခံပွဲများကို ကျင်းပလာနိုင်ပါသည်။ ထောက်ခံပွဲများတွင် ပြည်သူလူထုနှင့် ထိပ်တိုက်ဖြစ်ခဲ့လျှင် အချိန်ဇယားကို ကစားမည်ဟု တွက်ဆရပါသည်။
အကယ်၍ ဥပဒေကို အတည်ပြုနိုင်ခဲ့လျှင် နအဖက ငါတကောကော၍ ပတ်ကြမ်းတိုက်ပါလိမ့်မည်။ အကယ်၍ အတည်ပြုရန် အကျပ်အတည်းတွေ့ခဲ့လျှင် မြန်မာ့ဒီမိုကရေစီလမ်းသည် မထင်မှတ်သော အချိုးအကွေ့များနှင့် ထပ်မံရင်ဆိုင်ရဖွယ် ရှိပါသည်။
မည်သို့ပင်ဆိုစေ အတိအလင်း ဖော်ပြပြီးဖြစ်သော ပြည်သူ့ဆန္ဒကို မယုံကြည်သည့် နအဖသည် `မိုက်ပင်ပျိုးလို့ မိုက်ဆိုးခဲ့တာ ယခုလဲ မိုက်ဆဲမှန်စွာ ရှေ့ကိုတိုးလို့ ထမ်းပိုးမိုက်ဦးမှာ´ ဆိုသည့် စကားအတိုင်းပင် ဖြစ်ပါတော့သည်။
မြန်မာပြည်သူတို့ကတော့ ရရှိလာသမျှ နိုင်ငံရေးအခွင့်အလမ်းတိုင်းတွင် မိမိတို့ ဘယ်လို ဆောင်ရွက်ရမည်ကို ကောင်းကောင်း သဘောပေါက်ထားသူများ ဖြစ်ကြသည်ဟု ကျနော် ယုံကြည်နေမိပါသည်။
နောက်ဆက်တွဲ မှတ်ချက်--
ဒီစာကို ရေးပြီးချိန်မှာပဲ နအဖက ဆန္ဒခံယူပွဲဥပဒေကို ပြဋ္ဌာန်းကြောင်း ကြေငြာပါတယ်။ ဥပဒေမှာ ဆန္ဒမဲလက်မှတ်နဲ့ မဲပေးရမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မဲပေးပြီးတဲ့အခါ ကော်မရှင်က မဲပေးခွင့်ရှိသူ ဦးရေ, မဲပေးသူ ဦးရေ, ထောက်ခံမဲပေးသူ ဦးရေ နဲ့ ယင်းတို့ရဲ့ နှိုင်းယှဉ်ချက်ကို ကြေငြာရမယ်လို့ပဲ ပါရှိပါတယ်။ ဘယ်ရွေ့ဘယ်မျှ ဘယ်လိုရရင် အတည်ဖြစ်မယ်လို့ မပါရှိပါဘူး။ အလွန် အံ့သြစရာကောင်းပါတယ်။ ကျနော့်ယူဆချက်အရ ဆန္ဒမဲပေးပုံစနစ်က အဆုံးအဖြတ်ပေးနိုင်မယ် မထင်ပါ။
(ဓာတ်ပုံ - အေအက်ဖ်ပီ။ ခင်မောင်ဝင်း )
Comments