မုန်တိုင်းအလွန် ဧရာဝတီ - ကျန်ရစ်သူတွေရဲ့ အသံ မင်းစင်လင်း
မေ ၃၀၊ ၂၀၀၈
လေဘေးကယ်ဆယ်ရေး စခန်း၊ သားဆုံးခဲ့သည့် မိခင် တဦး -
" ကျမသားလေးက ရန်ကုန်သိပ်ရောက်ဘူးချင်တာရှင်။ ကျမတို့လည်း သူ့ကို ပို့ပေးမယ် ပို့ပေးမယ်နဲ့ မပို့ဖြစ်ခဲ့ဘူး။ မုန်တိုင်းတိုက်မဲ့ညကလည်း သားက ပူဆာပြန်တယ်။ အခုတခါတော့ - သားရယ် အမေတို့ မကြာခင် အလုပ်အားတာနဲ့ လိုက်ပို့ပေးမယ် ပြောတော့ သူကျေနပ်သွားတယ်။ တကယ်ပါရှင်၊ ကျမလည်း သူ့ကို တကယ်ပို့ပေးဖို့ပါ။ အခုတော့ … သားလေးဝိဥာဉ် ရန်ကုန်ရောက်နေပြီ ထင်ပါရဲ့ ရှင် …"
လေဘေးကယ်ဆယ်ရေး စခန်း၊ မိသားစုတစုလုံး ဆုံးခဲ့သည့် လူတဦးရဲ့ အကြောင်း -
" သူတို့လယ်တဲမှာ အကိုရယ်၊ မိန်းမရယ်၊ ကလေးရယ် သူရယ် ရှိနေခဲ့ကြတယ်။ မုန်တိုင်းဝင်၊ ရေလှိုင်းများ တက်လာပြီး သူတို့လယ်တဲလေး လေထဲ ကျွတ်ပါသွားခဲ့တယ်။ နံရံတချပ်မှာ သူနဲ့ကလေးတို့ ပါသွားပြီး၊ အခြားနံရံမှာ မိန်းမနဲ့ သူ့အကိုတို့ ပါသွားတယ်။ မှောင်မှောင်မည်းမည်း ၁၈ပေ နက်တဲ့ လယ်ကွင်းရေပြင်ထဲ မျောနေရင်း လက်ထဲမှာဖက်ထားတဲ့ ကလေးကို ကြည့်လိုက်တော့ အသက်မရှိတော့ဘူး။ သူကတော့ သေချင်လည်းသေပါစေဆိုပြီး တွေ့သမျှအပင်တွေ ခေါင်းဝင်တိုက်ရင်း မျောနေခဲ့တာ နောက်ဆုံး ရေတိမ်ဆိုတဲ့ ရွာမှာ သွားတင်နေပြီး လမ်းလျောက် ပြန်လာရတယ်။ အဲဒီညက သူ့အကိုနဲ့ သူမိန်းမတို့လည်း ဆုံးပါးသွားပြီလို့ သူ သိပြီးနောက်ပိုင်း စိတ်နောက်သွားတော့တယ်။"
ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာ၊ မိသားစုပျောက်သူ ကလေးတဦး အကြောင်း -
" တနေ့က ကလေးတယောက် ကျနော့်အိမ်ထဲ ငိုဝင်လာတယ်။ မေးကြည့်တော့ သူ့အမေပျောက်လို့တဲ့။ ဘယ်တုန်းက ပျောက်တာလဲ မေးကြည့်တော့ တရက် ရှိပြီတဲ့။ မအေလုပ်သူကလည်း တမင်တကာ ထားသွားတာ မဟုတ်လောက်ပါဘူး။ ထောက်ပံ့ရေး ပစ္စည်းတွေ ဝေတဲ့နေရာမှာ တိုးရင်းကြိတ်ရင်း ကွဲသွားတာ့ ဖြစ်မှာပါ။ ကျနော်လည်း ကိုယ့်ရွာက မဟုတ်တော့ ဘုန်းကြီးကျောင်းသွားပြီး ကျောင်းထိုင်ဆရာတော်ဆီမှာ အပ်ခဲ့တယ်။"
Comments