တလွဲတွေနဲ့ နေသားကျ
မိုးချိုသင်း
ဇူလိုင် ၃၀၊ ၂၀၀၈
တကယ်တော့ ငလျင်ကြောပေါ်မှာ မြို့ကရှိတာမို့ အမြဲတမ်းလိုလို ငလျင်အသေးလေးတွေကတော့ ရှိနေတာပါပဲ။ ကိုယ်ကသာ မသိလိုက်တာလေ။ ဒါပေမဲ့ အခုတခါကတော့ ငလျင်ဗဟိုပြုလှုပ်တဲ့နေရာနဲ့က သိပ်အဝေးကြီးမဟုတ်တော့ သိသိသာသာ ခံစားလိုက်ရတယ်။ 5.4 magnitude ရှိတယ်လို့ သတင်းတွေက ဆိုကြတယ်။
ငလျင်လှုပ်စဉ်က ရုံးမှာ အလုပ်လုပ်နေတုန်းမို့ ပထမအကြိမ် ခပ်ဖြေးဖြေးလှုပ်တုန်းက ရယ်တောင်ရယ်မိသေးတယ်။ “ငလျင်လှုပ်တယ်ဟ" ပေါ့လေ။ သိပ်မကြာဘူး။ ခပ်ကြမ်းကြမ်းလဲ လှုပ်ရော တရုံးလုံး အပြင်ကို ပြေးထွက်ကြပါလေရော။ ရုံးအတွင်းပိုင်းမှာ ရှိနေတဲ့သူတွေကျတော့လဲ စားပွဲအောက်ထဲ ပြေးဝင်ကြတယ်။ ကိုယ်သာ ဘာလုပ်ရမှန်းမသိဘဲ၊ အခန်းထဲက မထွက် ကုလားထိုင်မှာ ထိုင်ရက် ခေါင်းကိုသာ လက်နှစ်ဖက်နဲ့ အုပ်ထားမိတယ်။ ရုတ်တရက်ဆိုတော့ လုပ်မိလုပ်ရာပေါ့လေ။ အပေါ်က မျက်နှာကြက်တွေ ပြိုကျမှာ ကြောက်တာကိုး။
လှုပ်ပြီးသွားတော့ လမ်းပေါ်မှာ လူတွေမှ တပုံကြီး။ ရုံးတိုင်း ရုံးတိုင်းက ထွက်လာလိုက်ကြတဲ့လူတွေ၊ တော်တော်နဲ့ အထဲပြန်မ၀င်ကြဘူး။ တယောက်နဲ့တယောက် လက်ညှိုးထိုးပြီး ပြောပြောပြီး ရယ်ကြတာ။ သူက အရင်ဆုံးထွက်ပြေးတယ်တို့၊ ခုံအောက်ကို ပြေးဝင်တာ ဘယ်လိုကြီးတို့ ဟားနေကြတာလေ။ ဘာမှ အထိအခိုက်မရှိတော့လဲ ပျော်စရာကြီးကို ဖြစ်လို့။
အဲဒီမှာ သွားတွေးမိတာက သူတို့နဲ့ ကိုယ်နဲ့မတူ လွဲလွဲနေတာလေးတွေကိုပါ။ တကယ်ဆို ကိုယ်ကမှ ဘူမိဗေဒဘာသာရပ်ကို ယူပြီး ငလျင်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်တယ်၊ ဘယ်လိုကြောင့် ပေါ်ပေါက်လာတယ်ဆိုတာမျိုး သင်လာခဲ့ရသေးတာ။ တကယ့်အရေးကြုံတော့ နေရာကတောင် မထ မိဘူး။
သူတို့ကတော့ သဘာဝဘေးအန္တရာယ်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ လက်တွေ့ကျကျ သင်ခဲ့ကြတော့ အရေးကြုံရင် ကိုယ့်အန္တရာယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ နားလည်နေတာပေါ့။
ဒီရောက်တော့မှ ကိုယ့်ပြည်နဲ့မတူတဲ့ အံ့သြစရာတွေ တပုံကြီး ဖြစ်နေတော့တာ။
တခြားဝေးဝေးမပြောနဲ့၊ ငလျင်လှုပ်ပြီး ၂မိနစ်လောက်နေတော့ ရုံးက ဖုန်းတွေမြည်လာလို့ ကိုင်လိုက်တော့ ငလျင်လှုပ်ရင် ဘယ်လိုကိုယ့်ကိုယ်ကို ကာကွယ်သင့်တယ်ဆိုတာ စက်ကပြောနေတဲ့ ပညာပေးဖုန်းတွေ လာနေတာပါ။ ထူပူပြီး မလုပ်တတ် မကိုင်တတ် မဖြစ်ရအောင် နောက်တခါ မလှုပ်ခင်စပ်ကြားလေးတောင် ပညာက ပေးနေသေးတာပါ။
အဲဒီတော့လဲ အံ့သြမိတာပေါ့။
ကိုယ်က ဗမာကိုး …
ဗမာပြည်ကနေ ရောက်စကဆို ဒိထက်ပိုဆိုးသေး။ ကိုယ့်မှာ တချိန်လုံး အံ့သြစရာချည်း။
မီးကလဲ နေ့တိုင်းလာသေးတာ။ အင်ဗာတာတွေ၊ မီးစက်တွေနဲ့များ ခုတ်နေသလားလို့ လိုက်ကြည့်မိသေးတယ်။ လင်းလင်းချင်းချင်းကြီးကို ဖြစ်လို့။
တီဗီကြည့်ရတာတောင် စိတ်မဖြောင့်ဘူး။ တီဗီကြည့်တုန်း မီးပျက်တာ အကျင့်ပါနေလို့။
ကိုယ်က ဗမာကိုး …
နောက်ပြီး ဒီမှာ လူတွေ ဘာလို့ ရာသီဥတုကို စကားလုပ်ပြောနေကြသလဲဆိုတာလဲ အခုမှ နည်းနည်း နားလည်သလိုလိုရှိတယ်။ သူတို့က မနက်တိုင်း ရာသီဥတုအခြေအနေကို အင်တာနက်ထဲကဖြစ်ဖြစ်၊ သတင်းကဖြစ်ဖြစ် ကြည့်တာကိုး။
အစမှာတော့ ကိုယ်က မယုံရေးချ မယုံဘဲလေ။ အော် မိုးရွာမယ်လား၊ ယုံပါဘူးပေါ့။ ပြီးမှ တကယ်ရွာတော့ ကြွက်စုတ်ဖြစ်ရော။
ဒီနေ့တော့ အေးမယ်ဟေ့ ဆို လက်ပြတ်ကလေးဝတ်ပြီး အပြင်ထွက်တာ။ မိုးလေ၀သ သတင်းလောက်တော့ ရီတာပေါ့။ (ကိုယ်က ဗမာပြည်ကလေ) တကယ်လဲအေးရော ဘာဆွဲခြုံရမှန်းမသိဘူး။ ချမ်းလိုက်တာ တုန်တောင်တက်တယ်။
နောက်တော့ ကြောက်လန့်ပြီး အပြင်ထွက်လေရာ အနွေးထည်အထူကြီးဝတ်ပြီးထွက်ရော။ ဒီလောက်ခံရတာတောင် မိုးလေ၀သသတင်းကို ကြည့်ရကောင်းမှန်း မသိသေးဘူး။ အကျင့်မှ မပါသေးတာ။ ဒါပေမဲ့ အဲဒီလိုနေ့ကျမှ "ဆန်းနီး" တဲ့။ တိမ်တွေကလဲ တောက်လို့။ နေကလဲ ကြဲကြဲတောက်။ ချွေးတဒီးဒီးကျ လို့ ကိုယ့်အကျီ င်္ အထူကြီး ဆုတ်ဖဲ့ပစ်ချင်တာ။ ခံပေါ့။ သတင်းမှ မယုံဘဲလေ။
ကိုယ်က ဗမာကိုး …
အခု ဒီအိမ်မှာ သတင်းစာလဲ မမှာဘူး။ လာမပို့နဲ့ဘဲ။ ဘာတွေ လာပြောနေလ၊ဲ "ဒို့မယုံဘူး" ပဲ။
ရန်ကုန်မှာတုန်းကတည်း မယူတာ အနှစ် ၂၀တောင် ရှိပြီ၊ ဒီမှာ ဘာလုပ်ဖို့။ အဲဒီလို တလွဲလေးတွေကြောင့် ကိုယ်လဲ ကိုယ့်မြို့မှာ ဘာတွေဖြစ်နေလို့တောင် ဖြစ်မှန်းမသိ၊ သူများပြောမှ ပါးစပ်ဟ ပြီး နားထောင်ရတာ။
ကိုယ်က ဗမာကိုး …
အဲလို လွဲတာတွေမှ တပုံကြီး။ ဒါကြောင့် ထူးအိမ်သင်ဆိုတဲ့ လွဲလွဲလေးပဲ ကောင်းပါတယ်ဆိုတဲ့ သီချင်းကို ကြိုက်မိတာ နေမှာ။
ဒါပေမဲ့ တခါတလေတော့ တမျိုးပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲလို့ ကိုယ့်ဖာသာကိုယ် ခဏခဏမေးရင်း ၀မ်းနည်းမိတယ်။ ဘယ်လောက်ထိ လွဲနေရအုံးမှာလဲ လို့လဲ မျက်ရည်ဝဲရင်း တွေးမိပါတယ်။
Comments