အမေရိကန်က ဒီမိုကရက် ပါတီညီလာခံ စတိတ်ရှိုးနဲႛ ကျမ ...
ကေ
သြဂုတ် ၂၉၊ ၂၀၀၈
ခုရက်ထဲ ဒေါ်စုသတင်းကို စိတ်ပူပင်နေရတဲ့ ကြားထဲကပဲ.. ဒန်ဗာမှာ လုပ်တဲ့ ဒီမိုကရက် ညီလာခံကြီးကို ၄ ရက် ဆက် ပြီး “live” ထိုင်ကြည့် ဖြစ်နေတယ်။
ပါတီညီလာခံကြီး ဆိုတာထက် ကြည့်ရတာ တေးဂီတဖြေဖျော်ပွဲ တခုလိုလို၊ ပျော်ပွဲရွှင်ပွဲ တခုလိုလိုနဲ့ တူနေတာမို့ “နိုင်ငံရေး စတိတ်ရှိုး - စင်မြင့်ဖျော်ဖြေပွဲ” တခုလို့ပဲ ခေါင်းစဉ်တပ်လိုက်မိတော့တယ်။ မိန့်ခွန်းတွေကြားထဲမှာ မြူးကြွတဲ့သီချင်းတွေ၊ တီးလုံးတွေဖွင့်တော့.. ပရိသတ်ကလည်း ကတဲ့လူက က၊ ခုန်တဲ့လူက ခုန်နဲ့ ပျော်စရာတော့ တော်တော်ကောင်းမည့်ပုံ။
ဒီနေ့တော့ ပွဲသိမ်းမင်းသား အိုဘာမား ထွက်တဲ့နေ့မို့ ညီလာခံကွင်းကြီးထဲမှာကို ပရိသတ်က ၈ သောင်းကျော် … တဲ့။ ပျားအုံပေါက်မှာ ပြူတစ်နေတဲ့ မဲမဲလုံးလုံး ပျားခေါင်းလေးတွေလိုပဲ၊ ပတ်ပတ်လည် ပွဲကြည့်စင်တွေပေါ်က ပြွတ်ထိုးနေတဲ့ ခေါင်းပေါင်း ၈ သောင်းကျော်ကို ကြည့်ရင်း ၈၈ ကာလက ရွှေတိဂုံဘုရား တောင်ဖက်မုဒ်က ဒေါ်အောင်ဆန်းစု ကြည်ရဲ့ လူ သိန်းကျော် တက်ရောက် နားထောင်တဲ့ လူထုမိန့်ခွန်းကို မြင်ယောင်မိနေတယ်။
အဲဒီတုန်းကလည်း ဒေါ်စုက အခု အိုဘာမား လို ၄၄ နှစ်အရွယ် ပါပဲလား။
လွမ်းလိုက်တာ။
စီအန်အန် သတင်းသုံးသပ်သူတွေကတော့ ဒီလောက် သောင်းသောင်းဖြဖြ ဖြစ်တာ မမြင်ခဲ့ဘူး … ပါတဲ့။ တဖက်မှာတော့ မက်ကိန်းတို့ ရီပက်ဘလစ်ကန်အဖွဲ့က ဒီနေ့ ဒုသမ္မတလောင်းကို မကြေညာဖြစ်ဘူး လို့၊ နောက်ခြေ တလှမ်းဆုတ် ရင်း သူတို့လည်းညီလာခံကျင်းပဖို့ နေရာ ရှာဖွေနေဆဲလို့ ဆိုတယ်။
အစောပိုင်းရက်တွေက အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ ဟီလာရီတို့မောင်နှံလည်း တတိယရက် မှာတော့ အပြုံးပန်းတွေဝေစွာနဲ့ မိန့်ခွန်းချွေခဲ့ကြတယ်။ အိုဘားမားကို ထောက်ခံကြပါလို့ ဘယ်လောက်ပဲ အပြုံးတွေနဲ့ ပြောနေပါစေ၊ သူမရင်ထဲမှာ ဘယ်လို ခံစားနေရမလဲ ဆိုတာ တွေးကြည့်လို့ ရနေတာပဲလေ။
သူမကို မဲပေးဖို့ စောင့်နေတဲ့ သန်းပေါင်းများစွာသော မဲဆန္ဒရှင်တွေလည်း ဘယ်လောက်တောင် ဖီလင်အောက်နေကြမလဲ။ ဒါပေမဲ့လည်း ပါတီညီညွှတ်ရေးအတွက် ရှေ့ရှူပြီး အားလုံး ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်ရတာပဲကိုး။ လူဆိုတာ တခါတရံ ဟန်ဆောင်ရတတ်တယ်၊ ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ လိုအပ်တယ် ဆိုတာကို ပျက်ပျက်ထင်ထင်ကို သတိချပ်နေမိတော့တယ်။
ဒီလို နိုင်ငံရေးစင်မြင့်တွေမှာဆို အဲဒီလို သဘောထားကြီးပြရတာကိုက ဂုဏ်ပုဒ်တခု ထင်ပါရဲ့။ ခုတောင် မစ်ချယ် အိုဘာမားက ဟီလာရီကို ချီးမွမ်းလိုက်၊ ဟီလာရီက အိုဘားမားမိသားစုကို ပြန်ညွှန်းလိုက်နဲ့ အလုအယက်ကို သဘောထားကြီးပြနေကြရတော့တာ။
အရင်တုန်းက ပြောတာတွေ မေ့လိုက်တော့။ သင်ပုန်းချေလိုက်တော့ပေါ့လေ။
ညီလာခံ ပထမနေ့က အိုဘားမားရဲ့ အဖေကွဲ ညီမ အင်ဒိုနီးရှား၊ တရုတ်သွေးစပ် “မာယာ” စကားပြောတော့တောင် ကြည့်ရင်း အတွေးတွေ ဝေနေမိတယ်။
“အင်း … ကမ္ဘာကြီးမယ် တဖက်က နိုင်ငံတကာ နယ်နမိတ်တွေ တည်ဆောက်နေသလို၊ တဖက်မှာလည်း လူမျိုးရေးနယ်နမိတ်တွေ တဖြည်းဖြည်း ကျိုးပျက်လာလိုက်တာ။ လူမျိုးအသစ်တွေ ပေါ်လာနေတာလေ …။ တကယ်တော့လည်း အခု တိတိကျကျ ကွဲကွဲပြားပြား သတ်မှတ်ထားတဲ့ လူမျိုးတွေဆိုတာလည်း လူ့သမိုင်းကြီးနဲ့အတူ သွေးနှောဖြစ်ပေါ်လာခဲ့ကြတာတွေပဲ နေမှာပါလေ။ ဘုရားသခင်ကတော့ ကုလားရယ်၊ တရုတ်ရယ်၊ အင်္ဂလိပ်ရယ်၊ ဗမာရယ် လို့တော့ တခါတည်း ဖန်ဆင်းပြီး၊ တနေရာဆီမှာ ပို့စတင်းချပေးလိုက်တာ မဟုတ်လောက်ပါဘူး။
အဲဒီလို ထူးထူးခြားခြား သွေးနှောမှုကိုက အိုဘားမားကို လူတွေ ပို စိတ်ဝင်စားစေတာ ဖြစ်မယ်။ နောက်ပြီး ရှိပြီးသား ဒေသခံ အာဖရိကန်သွေးမဟုတ်၊ တပြည်သားနဲ့ သွေးနှောမှု။ မျိုးချစ်စိတ်တွေ၊ ဘာသာရေးတွေ၊ သစ္စာခံမှုတွေ ငြင်းချင်ရင် အများကြီးငြင်းစရာ ရှိသေးသည်။
ခုတောင် နောက်ဆုံးမိန့်ခွန်းပြီးသွားလို့ မိသားစုဝင်တွေအားလုံး စင်ပေါ်တက်လာတော့၊ တရုတ်လူမျိုးတယောက် တွေ့လိုက်ရတယ်။ “မာယာ” ရဲ့ ခင်ပွန်း ကနေဒီနိုင်ငံသား တရုတ် ပါမောက္ခ … တဲ့။
ဟိုတလော … ကီဗင်ရုဒ် သြစတြေးလျ ၀န်ကြီးချုပ်အဖြစ် စင်ပေါ် မိသားစုတွေ တက်လာတော့လည်း တရုတ်လူမျိုး သားမက်တယောက် တွေ့လိုက် သေး တယ်။ ကမ္ဘာကြီး ပိုကျဉ်း ကြပ် ပိုပါးလျား လာနေတာရယ်။ အရှေ့တိုင်းသားတွေ ပိုမို ပြန့်နှံ့လာတာတွေရဲ့ သင်္ကေတတွေပဲ လို့တောင် တွေးနေမိတယ်။
ထားလိုက်ပါလေ။ ဒါတွေက သိပ်ကျယ်ပြန့်တဲ့ ခေါင်းစဉ်တွေ အောက်မှာ။
ဒါပေမဲ့လည်း အဲလို ထူးခြားတဲ့ဆက်စပ်မူတွေ သိသာတဲ့ ကမ္ဘာ့ အကွေ့အစောင်းလေးတွေအောက်မှာပဲ ဘယ်လိုပဲ ပြောင်းပြောင်း အပြောင်းအလည်းကို လိုလားနေပါတယ် ဆိုတဲ့ မျိုးဆက်သစ်တွေကြားထဲမှာ အာရုံကျစရာ ကောင်းတဲ့ အိုဘားမား တယောက် ပေါ်ပြူလာ ဖြစ်လာနေတော့တာပဲ။
အလုပ်သမားလူတန်းစားအလွှာက ကြီးပြင်းလာတဲ့၊ အလုပ်သမားတယောက်ရဲ့ မြေး၊ အမေတခု သားတခု ဘ၀က လာသူ ဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့်၊ ရီပါဘလစ်ကင်က အစွန်းရောက် ရှေးရိုးစွဲ သူဌေးသူကြွယ် ဘွတ်မိသားစုတို့၊ အာဖရိကန် အထက်တန်းစားအလွှာက ရိုက်စ်တို့နဲ့ ယှဉ်လိုက်ရင်၊ အများပြည်သူ အသည်းစွဲစရာအကြောင်းတွေက ဖန်နေတာပေါ့။
သူကတော့.. ပြိုင်ဖက် မက်ကိန်းကို ပြင်းပြင်းထန်ထန်ကို စကားလုံးတွေနဲ့ စီးချင်းထိုးလိုက် ရင်း ကတိက၀တ်အသစ်တွေ ထပ်ပေးလိုက်ပြန်တယ်။
သူ့လိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သမ္မတဖြစ်လာပြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ သမ္မတ ကနေဒီ ရဲ့သမီးဖြစ်သူ စင်ပေါ်တက်လာပြီး စကားပြောတော့၊ စိတ်ထဲမယ် တမျိုးကြီးတောင် ဖြစ်မိတယ်။ လူသတ်ဝါဒ ကျဆုံးနေပါပြီလေ လို့ပဲ စိတ်ကိုလျော့လိုက်မိတယ်။
အင်း … ဘာပဲပြောပြော ကြည့်ရတာ အိုဘားမားပဲ နိုင်မယ် ထင်ပါရဲ့။ ကိုယ်နေတဲ့ တိုင်းပြည်လည်း မဟုတ်တော့ သိပ်တော့ မမှန်းတတ်။ တကမ္ဘာလုံးက အမေရိကန်မျက်နှာ ကြည့်နေရတာ ဆိုတော့ ကိုယ်လည်း ကြည့်မိတာပါ။
ဒီမိုကရေစီစည်းမျဉ်းတွေ သံမဏိလိုခိုင်မာနေတဲ့ စံပြနိုင်ငံကြီးတခုက ပါတီညီလာခံကြီးကို ကြည့်ရင်း အားတွေပဲ ကျပြီးရင်း ကျနေရတော့တယ်။ စုစည်းမှု အားတက်မှုတွေနဲ့ မျက်ရည်လည်ရွှဲ ဖြစ်နေကြတဲ့ ဒီမိုကရက်ပရိသတ်ကို မြင်တော့လည်း ၁၉၉၀ တုန်းက ဂန္ဓီညီလာခံကြီးရဲ့ ပတ်ပတ်လည် မှာ မျှော်လင့်ချက်တွေအပြည့်နဲ့ စောင့်ဆိုင်းနေခဲ့ကြတဲ့ မိုးရေတွေထဲက မျက်ရည်တွေကိုပဲ လွမ်းမိတော့တယ်။
ဒီတခါ တော့.. အောင်ဆန်းကွင်းကြီးကို ဖွင့်ချပြီးတော့သာ ဒီမိုကရေစီညီလာခံကြီး ခေါ်လိုက်ကြပါတော့ ...
Comments