2010 US Census for Burmese - second community meeting at the bay area

၂၀၁၀ အမေရိကန်သန်းခေါင်စာရင်းတွင် မြန်မာတို့စာရင်းပေါက်ရေး

ဝိုင်းဝန်းကြရန် ဒုတိယအကြိမ် ဆွေးနွေး

မိုးမခ အထောက်တော် ၀၀၂

နိုဝင်ဘာ ၃၀၊ ၂၀၀၈

နိုဝင်ဘာ ၂၃ ရက်နေ့က ဆန်ဖရန်ဘေးဧရိယာဒေသ ဒေးလီးစီးတီး ဂျက်ဖာဆန် အထက်တန်းကျောင်း ထေရ၀ါရဓမ္မသင်တန်းခန်းမမှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာရောက် မြန်မာမိသားစုတို့ စုဝေးကြပြီး ၂၀၁၀ အမေရိကန်သန်းခေါင်စာရင်း ကောက်ခံမည့်အရေးကို ဒုတိယအကြိမ် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

တစထက် တစ မြန်မာအမျိုးသားတို့ စိတ်ဝင်စားလာသည်နှင့်အမျှ ဘေးဧရိယာတ၀ှမ်းရှိ မြန်မာများထူထောင်ထားတဲ့ ဘာသာရေး၊ လူမှုရေး၊ သာရေး နာရေး အသင်းအဖွဲ့များ အဖွဲ့အစည်းများနဲ့ ဦးဆောင်သူတွေ အားလုံးကိုပါ ဖိတ်ခေါ်ပြီး ၂၀၁၀ အမေရိကန်သန်းခေါင်စာရင်းတွင် မြန်မာစာရင်းပေါက်ရေး ရှင်းလင်းတင်ပြကြရန်၊ မြန်မာပြည်ဖွားနှင့် မြန်မာမျိုးနွယ်တို့အားလုံးကိုလည်း အစည်းအရုးံများ၊ ဘာသာရေးစုဝေးရာနေရာများနဲ့ အဆင်ပြေသည့် အချိန်နေရာများမှာ အများသိရှိနိုင်ရန် ရှင်းလင်းကြဖို့ တဆင့်ပြီး တဆင့် လိုအပ်တဲ့အကြောင်း တိုင်ပင်ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးတက်ရောက်သူ မြန်မာလူငယ်တဦးက -

“ဒီ အရေးကိစ္စက အမေရိကန်ကို ပြောင်းရွေ့အခြေချတဲ့ မြန်မာနိုင်ငံသားတွေအားလုံးနဲ့ ဆိုင်ပါတယ်။ တဦး တယောက် တစု တဖွဲ့ကနေပြီး လုပ်ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဒီဒေသတင်မက ပြည်နယ်တွေ အားလုံးက မြန်မာတွေ ကိုယ်ထူကိုယ်ထ ၀ိုင်းဝန်း ပညာပေးကြဖို့၊ ဆော်သြကြဖို့ ဆောင်ရွက်ကြဖို့ အားလုံး ကမကထလုပ်ကြရမှာ ဖြစ်ပါတယ်။ တိုင်ပင်ကြ၊ ညှိနှိုင်းကြရပါမယ်။ အားလုံး ကြားကြားသမျှ တဆင့်စကား တဆင့်နားနဲ့ လက်ဆင့်ကမ်းပြီး သတင်းဖြန့်ပေးကြစေလိုပါတယ်။ ဒေသခံ သက်ဆိုင်ရာ ရုံးတွေကလည်း ဒီလိုစိတ်ဝင်စားကြတာကို သဘောကျတာကို တွေ့ရတယ်”

လို့ သူ့ အမြင်ကို ပြောပြသွားပါတယ်။

Comments