Mar Mar Aye 255

အသံနားဆင်ရန် ဤနေရာကို နှိပ်ပါ

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၅)

တန်ဆောင်မုန်း၊ တန်ဆောင်တိုင်
မာမာအေး
နိုဝင်ဘာ ၃၀၊ ၂၀၀၈
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်-

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ရှေ့တပတ်က အဇာတသတ်မင်း မြတ်စွာဘုရားကျောင်းတော်ကို သွားမယ့်လမ်းက မှောင်နေလို့ မီးရှူးမီးတိုင် ကိုင်ဆောင် ထွန်းညှိပြီး သွားရလို့ တန်ဆောင်မုန်းလမှာ မီးထွန်းပွဲ ဖြစ်ခဲ့တယ်၊ မြတ်စွာဘုရားက အဇာတသတ်မင်းကို ‘သာမညဖလသုတ္တန်’ကို ဟောကြားခဲ့လို့ ‘သာမညဖလအခါတော်နေ့’လို့ ခေါ်ကြတယ်၊ အဲဒါ ‘ရဟန်းပြုခြင်းရဲ့အကျိုး’ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရဟန်းပြုလို့ ဖြစ်လာတဲ့ အကျိုးတွေကတော့ - - ရဟန်းပြုပြီ ဆိုတာနဲ့ မင်းခစားဘ၀နဲ့ မင်းပြစ်မင်းဒဏ် ကင်းလွတ်မယ်။ အခွန်ထမ်းဆောင်ရတာတွေ ကင်းလွတ်သွားမယ်။ ပါတိမောက္ခ သံဝရသီလ ပြည့်စုံတဲ့အတွက် အပါယ်ဘေး ကင်းမယ်။ ဒုစရိုက်ကို ရှောင်တာကြောင့်မို့ စူဠသီလနဲ့ ပြည့်စုံတဲ့ အကျိုးရမယ်။ မဦ္စမသီလနဲ့ ပြည့်စုံတဲ့ အကျိုး ရမယ်။ သတိနဲ့ ပြည့်စုံခြင်း၊ သမ္ပဇဉ် - ဆင်ခြင်တုံတရားနဲ့ ပြည့်စုံခြင်း၊ သန္တောသ - ရောင့်ရဲခြင်း စတဲ့ အကျိုးတွေ ရမယ်။ ဒီကမှတဆင့် သမထ၀ိပဿနာတရား ဆက်ပြီး အားထုတ်ခဲ့ရင် နိဝရဏငါးပါးကနေ ကင်းလွတ်မယ်။ ဈာန်တရား ရနိုင်တယ်။ ၀ိဇ္ဇာရှစ်ပါးနဲ့ ပြည့်စုံပြီး မဂ်ဖိုရနိုင်တဲ့အကြောင်း မြတ်စွာဘုရားကိုယ်တော်မြတ်က သံဃာ့ဂုဏ် ကြီးမြတ်ပုံကို ဟောကြားတော်မူတဲ့အခါကျမှ အဇာတသတ်မင်းဟာ “မြတ်စွာဘုရား၊ တပည့်တော်သည် ဘုရားတရားသံဃာ ရတနာသုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တပည့်တော်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဥပါသီကာအဖြစ် မှတ်တော်မူပါဘုရား” လို့ လျှောက်ထားပြီး ဗုဒ္ဓဘာသာစစ်စစ်အဖြစ် ခံယူခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီလို ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည် ကိုးကွယ်ခဲ့လို့လည်း အိပ်လို့မရတဲ့ရောဂါ ပျောက်ကွယ်သွားတယ်။ အဇာတသတ်ဟာ ရတနာသုံးပါးကို အကြည်ညိုဆုံး ပုထုဇဉ် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခံရပါတယ်။ ပထမဆုံးအကြိမ် သံဃာယနာတင်ပွဲ ဖြစ်အောင် ကူညီဆောင်ရွက်တဲ့ သာသနာ့ ဒါယကာ၊ ဗုဒ္ဓရဲ့ ကျန်ကျွင်းရစ်ခဲ့တဲ့ ဓာတ်တော်တွေကို စနစ်တကျ သိမ်းဆည်းထားခဲ့တာ၊ သာသနာတော်နှစ် အတိအကျ သတ်မှတ်ပေးခဲ့တာတွေဟာလည်း အဇာတသတ်မင်းပဲ ဖြစ်တာမို့ ကျေးဇူးတင်ရမယ့်သူထဲမှာ ပါနေပြီ ထင်ပါတယ်ရှင်။

“မြတ်စွာဘုရား - မိုက်၍ တွေဝေ၍ မလိမ္မာ၍ အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ။ တရားစောင့်သော၊ တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် - အာဏာ ဟူသော အကြောင်းကြောင့် တပည့်တော် သတ်ခဲ့မိပါ၏။ ထိုအပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရားက လက်ခံတော်မူပါဘုရား” လို့ သတိ သံဝေဂတွေ ရပြီးတော့ အာဏာရူး လို့ သတ်မိတဲ့အကြောင်း၊ အပြစ်လို့ မြတ်စွာဘုရားက လက်ခံပါလို့ တောင်းပန် လျှောက်ထားရှာခဲ့တယ်။

xxx ပဉ္စာ နနြ္ဒိယကံကြီးဆိုက်ပါပေါ့၊ အဖသတ်သား အများက မသတီ၊ အဖသတ်သား အများက မသတီ၊ သံသရာမှာ မင်း ဘယ်ကိုသွားမလဲ၊ တမလွန်မှာ မင်း ဘယ်ကိုလားမလဲ၊ မတွေးရဲအောင် အတည် အမှောင်ကျမှ နောင်တရလေပြီ၊ မာတာပီတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော၊ မိဘတို့သဘောထား သားသမီးတို့အား မုန်းသည်မရှိငြားပြီ၊ ဤစကားမှန်သည်၊ ဤစကားမှန်သည်၊ သြော် ဟုတ်လေစွ တမ်းတကာ ဖြေမဆည်၊ အဇာတသတ်မင်းဆိုး မိုက်မျိုးတရာ မြေမှာ ကြွေလေပြီ xxx
(လမင်းသာချိန်မှ)

ကျေးဇူးရှင် အနန္တဂိုဏ်းဝင် ဖခင်ကို သတ်ခဲ့လို့ အိပ်မရ နေမရ နောင်တတွေ ရနေတဲ့ အဇာတသတ်ကို မြတ်စွာမုနိတုမရှိက “မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ကုစား စောင့်စားခြင်းသည် အရိယာ၏ ၀ိနည်း အဆုံးအမ၌ ကြီးပွားခြင်းပေတည်း” လို့ မိန့်တော်မူခဲ့ပါတယ်ရှင်။ အဲဒီနောက်တော့ ဗုဒ္ဓဘာသာ ဘုရားသာသနာတော် ထွန်းကားရာ ထွန်းကားကြောင်း ကြိုးစား လှူဒါန်း ထိမ်းသိန်းစောင့်ရှောက်ခဲ့တဲ့ ကုသိုလ်အရပ်ရပ်ကြောင့် သူ အခု ခံစားနေရတဲ့ ငရဲကနေ လွတ်မြောက်ပြီးတဲ့ အနာဂတ်ကာလမှာ “၀ိဇိတာဝီ” ဆိုတဲ့ အမည်နဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူဦးမှာပါတဲ့ ရှင်။

ခုအခါမှာ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မမူပေမယ့်လည်း သာသနာ မပျောက်ကွယ်သေးတဲ့ ကာလဖြစ်လို့ ပဉ္စာနန္ဒြိယကံ တပါးပါးကို မိုက်မိုက်မှားမှား တရားမဖက် ရက်စက်ဖူးသူတွေ ရှိနေခဲ့ရင် အပြစ်ကြေအောင် ရွက်ဆောင်နိုင်ပါသေးတယ်နော်။

ပျော်မြူးရွှင်ပြုံး တန်ဆောင်မုန်းတွေ ဆယ်ကြိမ်မက လွန်ခဲ့ကြပြီ၊ မဲဇလီဖူးသုတ်တွေ ပေးဝေကြသေးရဲ့လား။ ကြယ်ပေါင်းစုံလှ ဆေးပေါင်းခတယ် လို့ သက်ကြီးစကား ကြားခဲ့တာနဲ့ နှစ်တိုင်း ခုံခုံမင်မင် ဆေးဖက်ဝင်အောင် စားခဲ့ရတာတွေကလည်း မေ့စရာလားရှင်။ ရွှေတိဂုံကုန်းတော်က မသိုးသင်္ကန်းယက်ပြိုင်ပွဲ ရှိသေးရဲ့လား၊ ကျီးမနိုးပွဲလုပ်ပြီး ရယ်နိုင်ကြပါစေ လို့ ဆုတောင်းရင်းနဲ့ အကိုကြီးမြရဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တန်ဆောင်တိုင်သီချင်းဖွင့် နားစွင့် ခံစားလိုက်ဦးမယ်။ သံပြိုင်ပိုဒ်မှာ မာအေးပေါက်စလေးတုန်းက ၀င်ဆိုထားတာမို့ အမှတ်တရပေါ့ရှင်။

xxx သီတင်းကျွတ်ပွဲတော်ကြီးပြီးတော့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်၊ မသိုးအလှမြတ်သင်္ဃန်းကပ်ဖို့ ရွှေတိဂုံကုန်းတော် မြိုင်မြိုင်ဆိုင် ကထိန်သင်္ဃန်းမို့ ကပ်လို့ကိုမဆုံး ရွှင်ပြုံးသူဇာ ကေသီခိုင်၊ မျှော်တော်ဇောနဲ့ သူ့လည်တိုင် ကျနော်လေ မလာလို့မှိုင် - - - xxx
(တန်ဆောင်တိုင် - ကိုမြကြီး)

Comments