November born Ludu Daw Ahmar

နိုင်ငံရေးနဲ့ စာပေအနုပညာ (၁၆)
နိုဝင်ဘာ မွေးနေ့ရှင် လူထုဒေါ်အမာ
ထိန်လင်း
နိုဝင်ဘာ ၂၈၊ ၂၀၀၈
နိုဝင်ဘာလ ၂၉ ရက်နေ့ဟာ အမေ လူထုဒေါ်အမာရဲ့ မွေးနေ့ပါ။ အမေ သက်ရှိထင်ရှားရှိဦးမယ်ဆိုရင် အမေ့ရဲ့ ၉၃ နှစ်ပြည့် မွေးနေ့ကို ဆင်နွှဲရဦးမှာဖြစ်ပါတယ်။ အသက် ၇ဝ ပြည့် မွေးနေ့ကနေ စတင်ပြီး နှစ်စဉ် ကျင်းပခဲ့တဲ့ အမေ့ရဲ့ မွေးနေ့ပွဲတွေကို စာပေနယ်၊ နိုင်ငံရေးနယ်ပယ်က လူတွေသာမဟုတ်ဘဲ စီးပွားရေးနယ်ပယ်နဲ့ အရပ်သားတွေပါ သွားရောက် ဂါရဝပြုကြပါတယ်။ အခမ်းအနားနဲ့ လုပ်ခွင့်မရတဲ့ မွေးနေ့တွေမှာတောင် အမေ့ကို ချစ်ခင်လေးစားသူတွေက အမေ့အိမ်ကို သွားရောက်ပြီး ဂါရဝပြုကြပါတယ်။ အမေ လူထုဒေါ်အမာဟာ ကျောင်းသူဘဝကနေ ကွယ်လွန်ချိန်အထိ မြန်မာပြည်အတွက် စာပေတာဝန်၊ သမိုင်းတာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်လို့လည်း အဲဒီလို လေးစားခဲ့ကြတာဖြစ်ပါတယ်။

စာရေးဆရာ ထက်မြက်ကတော့ - “လူထုဒေါ်အမာကို စာပေလောကနဲ့ ပြည်သူတွေက ကြည်ညိုလေးစားတာဟာ သာမန် စာရေးသူတစ်ဦးအဖြစ်နဲ့ မဟုတ်ပါဘူး။ ကိုလိုနီခေတ်က စပြီး ခေတ်အဆက်ဆက် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးအတွက် တတပ်တအား ပါဝင်ခဲ့သလို သတင်းစာဆရာ တစ်ဦး၊ စာရေးဆရာတစ်ဦးအနေနဲ့ ပြည်သူတွေအတွက် စာတွေရေးသားခဲ့၊ ကူညီခဲ့လို့ပါပဲ” လို့ ကောက်ချက်ချပါတယ်။

အမေမာဟာ ခင်လဝင်း၊ ခင်အောင်နိုင်၊ ဇမ္ဗူဒီပါအောင်ထွန်း၊ ဖိုးသာအောင်၊ မြမဉ္ဇူ၊ လူထုဒေါ်အမာ၊ အမာ၊ အမာ (တက္ကသိုလ်သပိတ်မှောက်ကျောင်းသူ)၊ အင်းလျားကျောင်းဆောင်သူတစ်ဦး၊ အယ်ဒီတာတစ်ဦး ဆိုတဲ့ ကလောင်အမည်တွေနဲ့ ယဉ်ကျေးမှု၊ အတ္ထုပ္ပတ္တိ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာပြန် စသဖြင့် စာပေအမျိုးအစားပေါင်း များစွာ၊ စာမူပေါင်းများစွာ ရေးသားခဲ့ပါတယ်။

တကယ်တော့ လူထုဘက်က ရပ်တည်ခဲ့တဲ့ အမေ လူထုဒေါ်အမာနဲ့ အမေတို့မိသားစုရဲ့ ဘဝဖြတ်သန်းမှုက မချောမွေ့ပါဘူး။ ၁၉၄၆ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တဲ့ လူထုသတင်းစာနဲ့ ကြီးပွားရေးတိုက် ပုံနှိပ်စက်တွေရှိတဲ့ အဆောက်အအုံကို လွတ်လပ်ရေးရပြီးစ ၁၉၄၉ ခုနှစ်မှာ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲတာခံခဲ့ရပါတယ်။ ကြိုးစားပြီး ၁၉၅ဝ မှာ လူထုသတင်းစာ ပြန်လည်ထုတ်ဝေခဲ့ပေမယ့် အိမ်စောင့်အစိုးရလက်ထက်ဖြစ်တဲ့ ၁၉၅၉ ခုနှစ် နှစ်ဆန်းမှာ လူထုသတင်းစာ ချိတ်ပိတ်ခံခဲ့ရပြန်ပါတယ်။ ၁ နှစ်အကြာမှာ ပြန်လည်ထုတ်ဝေခွင့် ရပေမယ့် ၁၉၆၇ ခုနှစ်မှာတော့ ထုတ်ဝေခွင့် လုံးဝ ရပ်စဲတာ ခံခဲ့ရပါတယ်။ ၁၉၇၈ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့မှာ ခင်ပွန်းဖြစ်သူ လူထုဦးလှ၊ သားဖြစ်သူ ကိုငြိမ်းချမ်းတို့နဲ့အတူ အဖမ်းခံရပြီး ထောင်ထဲမှာ ၁ နှစ်၊ ၁ လ နဲ့ ၁ ရက် နေထိုင်ခဲ့ရပါတယ်။ အမေမာဟာ ဒီလို ဒုက္ခမျိုးတွေကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရင်း တိုင်းပြည်အတွက်၊ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့သူဖြစ်ပါတယ်။

ကိုလိုနီခေတ် မြန်မာပြည်လွတ်မြောက်ရေး တိုက်ပွဲဝင် သပိတ်မှောက်ကျောင်းသူ ဖြစ်ခဲ့တဲ့ အမေဟာ နောက်ဆုံး စစ်အာဏာရှင်ခေတ် ဒီမိုကရေစီရေးတိုက်ပွဲမှာလည်း လူထုဘက်က ရပ်တည်ခဲ့ပါတယ်။ အထူးသဖြင့် အမေမာရဲ့ ပြောစကားတွေက သူ့ရပ်တည်ချက်ကို ပိုပြီး ပေါ်လွင်စေပါတယ်။

၂ဝဝ၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က အမေ့ရဲ့ ၉၁ နှစ်ပြည့် အမှတ်တရစကား ကြားနိုင်ဖို့ အမေ့ဆီ ကျနော် ဖုန်းဆက်ခဲ့ပါတယ်။ အဲဒီတုန်းက အမေ့ဆီက မွေးနေ့စကားတွေကို နားထောင်ပြီးတဲ့နောက် ‘အမေက ခေတ်တွေ အများကြီး မီလာတဲ့အခါကျတော့ ဒီခေတ်ရဲ့ အနေအထားကို အမေ ဘယ်လို မြင်ပါသလဲ’လို့ မေးကြည့်တဲ့အခါ အမေမာက အခုလို ပြောပြခဲ့ပါတယ်။

“ဒီခေတ်အနေအထားက သားရယ် - အမေ အင်္ဂလိပ်ခေတ်မှာ နေခဲ့ရတယ်နော်။ အင်္ဂလိပ်ခေတ် နေခဲ့တုန်းက အင်္ဂလိပ်တွေက နေမဝင်တဲ့အင်ပါယာကြီးရဲ့ သခင်။ သူတို့က အကျယ်ကြီး အုပ်ချုပ်ကြတာ။ အဲဒီတော့ သူတို့မှာ ခိုင်မြဲမှု အများကြီးရှိတယ်။ ရှိတော့ သူတို့က အမေတို့ကို ဒီမိုကရေစီ ခြောက်ဆယ်သား ခုနစ်ဆယ်သားလောက်တော့ ပေးထားတာပေါ့။ အဲဒါကို တို့ဗမာတွေကလေ အခုဘာပြောတယ်မှတ်တုန်း - “အင်္ဂလိပ်ကျွန် ဖြစ်ရတာက တော်သေးတယ်” အဲဒီလို ပြောတယ်။

ဘယ် ဒီလို ဟုတ်ပါ့မတုန်း။ သူတို့က သူတို့တတ်နိုင်သလောက် လိမ္မာသလောက် တို့ကို ချုပ်ထားတာပဲကွ။ အခု တို့ မလုပ်နိုင်တာကလည်း သူတို့မှာ ဘာမှ မခိုင်မြဲလို့၊ ဘာမှ မသေချာလို့ တို့အပေါ် ဖိတာကွ။ အမေက အဲဒီလိုပဲ မြင်တယ်။ အဲဒီတော့ ဒါကို တို့က တတ်နိုင်သလောက် တင်းခံပြီးတော့ တို့အချင်းချင်း ညီညီညွတ်ညွတ် ရှိသထက် မြှင့်ပေးရမှာပဲ”

အမေမာရဲ့ မွေးနေ့အမှတ်တရ စကားများမှာ လူငယ်တွေကို အားကိုးတဲ့အကြောင်း၊ ပြည်ပရောက် လူငယ်တွေအနေနဲ့ ပညာကို ကြိုးစားပြီး သင်ယူစေချင်ကြောင်း၊ အရက် ဆေးလိပ် မသောက်စေချင်ကြောင်းတွေ အမြဲတမ်းပါဝင်သလို ညီညွတ်မှုရှိရှိ နေထိုင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ တိုင်းပြည် ငြိမ်းချမ်းတာကို မြင်ချင်တဲ့အကြောင်းလည်း တဖွဖွ ပြောခဲ့ပါတယ်။ ဒါပေမယ့် အမေ့ဆန္ဒ မပြည့်ဝခဲ့ပါဘူး။

အမေမာရဲ့ စိတ်ဓာတ်နဲ့ပတ်သက်လို့ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက -
“ဒေါ်အမာရဲ့ ပါရမီကို ကျနော်တို့ လိုက်၍ မမီပါ။ ပါရမီဆိုတဲ့ ပါဠိစကားလုံးကို ‘ပြည့်စုံခြင်း Perfection’ လို့ အနက်ပေးပါတယ်။ ဘာတွေပြည့်စုံရမှာလဲလို့ မေးရင်
(၁) ဒါနပါရမီ - ပေးကမ်းစွန့်ကြဲတယ်
(၂) သီလပါရမီ - သီတင်းသီလ စောင့်တယ်
(၃) နိက္ခမပါရမီ - တောထွက်တယ်
(၄) ပညာပါရမီ - ပညာရှာတယ်
(၅) ဝီရိယပါရမီ - ဇွဲလုံ့လရှိတယ်
(၆) ခန္တီပါရမီ - သည်းခံတယ်
(၇) သစ္စာပါရမီ - စကားမှန်တယ်
(၈) မေတ္တပါရမီ - အများသူငါ ချမ်းသာပါစေ မေတ္တာပို့တယ်
(၉) အဓိဋ္ဌာနပါရမီ - အပြစ်ကင်းအောင် ဆုံးဖြတ်ဆောင်ရွက်တယ်
(၁ဝ) ဥပေက္ခာပါရမီ - သူစိမ်းသူကျက်မရွေး အလယ်ထားပြီး နေနိုင်တယ်

အဲဒါတွေထဲက တောထွက်တာကလွဲလို့ ကျန် ၉ မျိုးကို ဒေါ်အမာ လုပ်နိုင်လို့ ကျနော်တို့တတွေထဲမှာ ဒေါ်အမာဟာ ပါရမီထူးသူလို့ ဆိုနိုင်ပါတယ်။ ဒေါ်အမာ အသက် ၁၁ဝ ထိ နေသွားတာကို ကျနော် တွေ့လိုက်ချင်ပါတယ်။ ကျနော် အသက် ၁ဝဝ ကျော် နေရပါမှ ဒေါ်အမာ အသက် ၁၁ဝ နေရတာကို မြင်နိုင်မှာဖြစ်ပါတယ်” လို့ ရေးသားခဲ့ဖူးပါတယ်။

တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား၊ ဆရာကြီး ဒေါက်တာသန်းထွန်းဟာ ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အမေမာရဲ့ အသက် ၉ဝ ပြည့် မွေးနေ့ပွဲကို တက်ရောက်ပြီး ညဘက်မှာ ကွယ်လွန်ခဲ့သလို အမေမာကလည်း ဆရာ့ရဲ့ ၈၅ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ အခုနှစ် ဧပြီလ ၆ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ အမေ လူထုဒေါ်အမာ အသက် ၁၁ဝ အထိ မနေခဲ့ရပေမယ့် အမေ့ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက် မှတ်တမ်းတွေကတော့ မြန်မာပြည်ရဲ့ သမိုင်းစာမျက်နှာတွေထဲမှာ ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။ ။

ထိန်လင်း (၂၅၊ ၁၁၊ ၂ဝဝ၈)

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

Comments