Moe Cho Thin - Home Sweet Home

ရွှေပြည်ဌာန သာချင်စွ

မိုးချိုသင်း

ဒီဇင်ဘာ ၃၁၊ ၂၀၀၈

ဒီနှစ်သစ်မှာ … လိုရာဆန္ဒ ပြည့်စုံ ပျော်ရွှင်နိုင်ကြပါစေ။ မိသားစု၊ ကိုယ်ချစ်ခင်သူများနဲ့ ဝေးကွာနေရသူများ အမြန်ဆုံး ပြန်လည် ဆုံဆည်း နိုင်ကြပါစေ။ မတရားမှုတွေ အနိုင်ကျင့်မှုတွေ ကွယ်ပျောက်၊ တရားမျှတမှုတွေ အောင်ပွဲခံတဲ့ နှစ်သစ် မင်္ဂလာဖြစ်ပါစေ။ မေတ္တာတရား လွှမ်းခြုံပြီး ရန်လို ငြူစူ စောင်းမြောင်းခြင်း ကင်းတဲ့ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေ။ ကျန်းမာ အေးချမ်း ပျော်ရွှင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ နှစ်သစ်ကူး လက်ဆောင်အဖြစ် အခုလက်ရှိကိုယ့် ခံစားချက်နဲ့ ကိုက်ညီနေတဲ့ အဖေ့ ကဗျာလေး တပုဒ် လက်ဆောင်ပေးချင်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


ရွှေပြည်ဌာန သာချင်စွ

တင်မိုး


အိပ်ရာဝင် ဘုရားဖူးစဉ်
တရားဦး ဓမ္မစကြာကို
မြတ်စွာ ဗုဒ္ဓ ဟောညွှန်ပြရာ
မိဂဒါဝုန် သားမျိုးစုံသည့်
ရဂုံမြိုင်တလျှောက်
ငါ ကိုယ်တိုင် ရောက်ဘိသကဲ့သို့
တအောက်မေ့မေ့ ချမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ဝေရ လပြည့်ည။

ဗုဒ္ဓ ဓမ္မ သံဃာ့ အရိပ်
မိရိပ် ဖရိပ် ဆရာရိပ်၌
အိပ်စက်ခဲ့ဖူး ထိုကျေးဇူးကို
ကြည်နူး ချမ်းမြ သတိရ
သြကာသ သြကာသ။

အခွင့်ပန်၍ မာန်ကို လျှော့ဖြေ
မေတ္တာဝေခိုက်
ကိုယ့်မြေရှိရာ ဦးချကာ
ကျန်းမာ ချမ်းသာ ပန်းပမာ
သဗ္ဗေ သတ္တာ အဝေရာ
မင်္ဂလာသုခ အရကြီး ရ
အဆိပ်မှန်သမျှ လျှောကာကျ
သားရွှေအိုးထမ်း အိမ်ပြန်လှ
ရွှေပြည်ဌာန သာချင်စွ။

၂၊ ၁၂၊ ၂၀၀၁

ကိုယ်လဲ ဒီနှစ်သစ်မှာ ဒီဆုတောင်းလေး ပြည့်ချင်ပါလှတယ်။ ရွှေပြည်ဌာန သာချင်စွ … ။

Comments