Quotes for March

မတ်လ စာကိုး စကားကိုး
မတ် ၃၁၊ ၂၀၀၉

“ - - ရေဒီယိုက လျှပ်စစ်မီး မလာလဲ ဖွင့်လို့ရတယ်။ အသံလွှင့်ဌာတွေလဲ တိုးလာတဲ့အတွက် အရင်ကထက် အရောင်းလိုက်လာတယ်။ နယ်ဘက်ကတော့ ဈေးသက်သာပြီး ဓာတ်ခဲအကြီး သုံးလို့ရတဲ့ ORCHID အမျိုးအစားကို ပိုဝယ်ကြတယ်။ ရန်ကုန်ဘက်က လိုင်း ပိုမိပြီး အရည်အသွေး ကောင်းတာကို ရွေးဝယ်ကြတယ်။ တန်ဖိုးကြီးတော့ လိုင်း ပိုမိတာပေါ့။ မန်မိုရီ မှတ်လို့ ရတဲ့ အမျိုးအစားကို ကြိုက်ကြတယ်။ အဓိကကတော့ လိုင်းတွေ အကုန်မိလား လို့ မေးကြတာ များတယ် - - ”
အရောင်းဝန်ထမ်းတဦး၊ စိန်ကောင်းစတိုး၊ ရန်ကုန်
FLOWER NEWS ဂျာနယ်၊ မတ် ၁၀

“ - - ယခုခေတ် ပါယန်နမ်ခမ်း သမီးပျိုလေးများသည် အိမ်ထောင်မှုနှင့် လက်မှုပညာ မတတ်တော့။ လွန်ခဲ့သော ၁၅ရာစုခန့်က ထွန်းကားလာခဲ့သော ပါယန်နမ်ခမ်းယဉ်ကျေးမှုသည် တဖြည်းဖြည်း ပျောက်ကွယ်ခါစပြုလာပါပြီ။ စကာင်္ပူနိုင်ငံက ပါယန်နမ်ခမ်း ယဉ်ကျေးမှုကို ထိန်းထိန်း သိမ်းသိမ်း ရှိသလောက် မလေးရှားနှင့် အင်ဒိုနီးရှားမှာတော့ လစ်လျူရှုခြင်း ခံနေရပါပြီလို့ သမိုင်း ပညာရှင်တွေက သတိပေးနေကြပြီ။ တကယ်ရော ပါယန်နမ်ခမ်း ယဉ်ကျေးမှုက ဆိတ်သုဉ်းစ ပြုနေပြီလား ကျွန်တော် မသိ။ ကျွန်တော်သိသည်က ကျွန်တော်တို့ မြန်မာတွေနဲ့ ဓလေ့ထုံးစံခြင်း ဆင်တူသော ပါယန်နမ်ခမ်း ယဉ်ကျေးမှုကို မြတ်နိုးမိခြင်းသာ ဖြစ်ပါတော့သည် - - - ”
သက်ပိုင်သူ၊ ဘလော်ဂါ
thetpaingthu.com March 13, 2009
ပါယန်နမ်ခမ်း/ညွန်ညမိန်းမပျိုတစ်ဦး ငရုတ်သီးထောင်းနေပုံ (ဓာတ်ပုံ-Mediacorp)

“ - - - (ဗီဒီယိုလောက တခုလုံး) ကွာလတီ လျှော့နိုင်သမျှ လျှော့ပြီး အမြတ်ကို ရနိုင်သမျှ ယူတဲ့ခေတ် ဖြစ်သွားပါပြီ။ ပြောရရင် အညံ့ပြိုင်ကြတဲ့ ခေတ်ပါပဲ - - - ”
မိုက်တီး၊ ရုပ်ရှင် ဗီဒီယိုဒါရိုက်တာ
နံနက်ခင်းဂျာနယ်၊ မတ် ၁၁(ဓာတ်ပုံ - weekly eleven journal )

“ - - ကိုယ်ကစပြီး နှုတ်ဆက်လေ့ မရှိတာကြောင့် G-talk ကို ဒီအတိုင်းပဲ ဖွင့်ထားလိုက်တယ်။ ဘာအတွက်ကြောင့် ကိုယ်က စပြီး နှုတ်မဆက်ဖြစ်တာလဲ ဆိုတဲ့ အကြောင်းရင်းက တစ်ဖက်လူ အနေနဲ့ စာဖတ်နေတာလား၊ အလုပ်များနေတာလား၊ ကိုယ့်ထက် အရေးပါတဲ့လူနဲ့ စကားပြောနေတာလား ဆိုတဲ့ အားနာစိတ်၊ အလိုက်တသိ စိတ်လေးကြောင့် အွန်လိုင်းပေါ် တွေ့နေပေမယ့် နှုတ်မဆက်ဖြစ်တာကို နားလည်ပေးစေချင် ပါတယ် - - - ”
ဝင်းဇော်၊ ဘလော်ဂါ
winzaw-mdy.blogspot.com မတ် ၁၁

" - - - အချစ်ဆိုတာ အချစ်ပါပဲ။ ချစ်တယ်ဆိုတာ ချစ်နေတာပါပဲပေါ့နော် - - - "
ဝတ်မှုံရွှေရည်၊ မိုဒယ်ဂဲလ်
၂၄ နာရီ ၇ ရက် သတင်းဂျာနယ်၊ မတ် ၁၅

ဝတ်မှုံရွှေရည် (ဓာတ်ပုံ - planet.com.mm )

“ - - - သင်္ကြန်ကို မကြိုက်ဘူး။ ကြောက်ကို ကြောက်တာ။ လုံးဝကို ကားရေပက်ခံ မထွက်ရဲဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရေမွန်းတဲ့ဒဏ်ကို လုံးဝ မခံနိုင်ဘူး။ ဒီနှစ်တော့ သီချင်းလည်း မဆိုဘဲ မဏ္ဍပ်တွေမှာပဲ အလွတ် လန်းမယ်ပေါ့ - - -”
န၀ရတ်၊ သရုပ်ဆောင်
ပေါ်ပြူလာဂျာနယ်၊ မတ် ၁၇န၀ရတ် (ဓာတ်ပုံ- ခွာနီး)

“ - - နံပါတ် တစ် က သူက (ဘိန်းစိုက် တောင်သူတွေက) ငတ်နေပြီဗျ နော်။ နံပါတ် နှစ် က သူတို့ ဘိန်းအစားထိုး ဆိုတာ မလာဘူးဗျ နော်၊ နံပါတ် သုံး သူတို့ စားဝတ်နေရေးအတွက် ကူညီမယ်ဆိုတဲ့ ကတိအတိုင်း နအဖဘက်ကရော၊ နောက်ပြီးတော့မှ ဒီ့ပြင် နိုင်ငံကြီးတွေကရော ကူညီမှုဟာ မလုံလောက်ဘူး။ လုံလောက်မှု မရှိဘူး။ ကျွန်တော်တို့ လိုတာက တဆယယ် လောက် ဆိုရင် ရတာက တစ် လောက်ပဲ ရှိတယ်တဲ့။ လောလောဆယ် ဆိုလို့ရှိရင် လူထုက ဘယ်လိုဖြစ်လဲ၊ သူတို့ ရွေးစရာလမ်းက နှစ်ခုပဲ ရှိတယ်။ တခုက ထိုင်းနိုင်ငံကို လာပြီးတော့မှ အလုပ်လုပ်ဖို့။ နောက်တခုကတော့ ဘိန်းစိုက်ဖို့ ဒါပဲ ရှိတော့တယ် - - - ”
ဦးခွန်ဆိုင်း၊ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ
RFA အသံလွှင့်ဌာန မတ် ၂၅
ဦးခွန်ဆိုင်း (ဓာတ်ပုံ - မိုးမခ)

“ - - စားသောက်ဆိုင်မှာ သီချင်းဆိုတာ အဆင့်မရှိဘူးလို့ ဘယ်တုန်းကမှလည်း မထင်ခဲ့ပါဘူး။ ပွဲငှားတဲ့သူရယ် ဆိုင်အနေအထားရယ်၊ ပရိသတ်လည်း ရှိတယ် ဆိုရင် ဘယ်နေရာမှာ မဆို ဆိုနိုင်ပါတယ်။ အနုပညာရှင်က ပရိသတ်ရှိရာ အရောက်သွားတဲ့ သဘောပါပဲ။ အဲဒီအတွက် တခုတ်တရကို ဆိုဖြစ်ပါတယ် - - - ”
ဖြူဖြူကျော်သိန်း၊ အဆိုတော်
နံနက်ခင်းဂျာနယ်၊ မတ် ၁၈
ဖြူဖြူကျော်သိန်း (ဓာတ်ပုံ - မြန်မာတိုင်းမ်စ်ဂျာနယ်)

“ - - လတ်တလောမှာ ဟောခန်းဖွင့်တယ်၊ စာရေးတယ်၊ ဂျာနယ်ကို တာဝန်ယူထားတယ်။ အယူတော် မင်္ဂလာခြံထဲမှာ ယတြာကိစ္စတွေ လုပ်ပေးနေပါတယ်။ ခြံတယ်ကို လာတဲ့လူ နည်းတယ် ဆိုတာ ဆရာရှိသလောက်တော့ မများတော့ဘူးပေါ့။ ဒါပေမယ့် လာကြပါတယ်။ စနေ၊ တနင်္ဂနွေ ဆိုရင် လူများတယ်။ - - - - မနောမယ ဂျာနယ်လား၊ စောင်ရေလည်း ပုံမှန်ပါပဲ။ တချို့ထင်တာက ဆရာ(မင်းသိင်္ခ) မရှိရင် စောင်ရေ ပြုတ်ကျပြီ လို့ ထင်ကြတာပါ။ ဒါပေမယ့် ပုံမှန်စောင်ရေ ရှိပါတယ်။ ဆရာရှိစဉ်က မျက်နှာဖုံးမှာ (နှစ်လုံးထီ သုံးလုံးထီ)ဂဏန်း ရှာပေးတယ် ဆိုတာလည်း မဟုတ်ပါဘူး။ ရှာချင်တဲ့လူက သူ့ဘာသာ ရှာကြတာပါ - - - ”
ဇင်ယော်နီ၊ ဗေဒင်ဆရာ၊ စာရေးဆရာ
နံနက်ခင်းဂျာနယ်၊ မတ် ၁၈
(ဓာတ်ပုံ - ဖတ်စရာဂျာနယ် )






Comments