မစပယ်နှင့် သူ၏ မေမေ
လောအယ်စိုး
ဇွန် ၂၇၊ ၂၀၀၉
ဟုတ်ကဲ့..သူမကို ကျနော် မစပယ်လို့ ခေါ်ပါရစေ။ လောကကြီး၏ အကြောင်းနှင့် မိမိ၏ ဘ၀အမှန်ကို ဘာတခုမျှ ရေရေရာရာ သိပုံမရသော၊ သိခွင့်လည်းရမည် မထင်သော အဖြူရောင်ဘ၀ကို ပိုင်ဆိုင်ထားသူ အမျိုးသမီးတဦးပါ။
တခါတရံ သူမ၏ မျက်နှာပြင်ပေါ်ဝယ် အပြုံးရောင်ခြည်များ လင်းလက်နေတတ်သလို တခါတရံမှာလည်း တိမ်စိုင်မဲမဲတွေပမာ ညိုးနွမ်းကာ ညိုပုတ်သွားပြန်သည်။
၎င်း၏နှုတ်မှလည်း အမြဲလိုလို “ ဘုရား ... ဘုရား ... ကယ်ပါ ... ကယ်ပါ”
“သူတို့တတွေ ဘာတွေ လုပ်ကြဦးမှာလဲ”
“ငါ့သား … ပိန်သွားပြီ”
“အိမ်ကို သတိရတယ်”
ဆိုသည့် စကားလုံးများကို ထပ်ကာ ထပ်ကာ ရေရွတ်နေတတ်သည်။
တခုသော ကရင်ပြည်နယ် ကျေးလက်မှ မွေးဖွားခဲ့သော မစပယ်တယောက် ယခုအသက် သုံးဆယ့်ရှစ်နှစ် ခန့် ရှိနေပေပြီ။ အရှိန်အဟုန်ပြင်းပြင်း တောက်လောင်နေသော ပြည်တွင်းစစ်ကာလတွင် မစပယ်လေးကို မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်တွင် မစပယ်က တတိယမြောက်ပါ။
“မွေးပြီး အသက်ဆယ်လေးနှစ် အထိ ကျမ်းကျမ်းမာမာ ၀၀ဖြိုးဖြိုးနဲ့ တကယ့်ချစ်စရာလေး၊ စွာတာကလည်း အရမ်းပဲ။ အနီးပတ်ဝန်းကျင်ရွာက လူပျိုတွေတောင် သူအပျိုဖေါ်ဝင်ကာစမှာ လာကြိုက်တာလည်း တပုံကြီးကွဲ့”
သူမနှင့်ပတ်သက်၍ မစပယ်၏မိခင်က ကျနော့်ကို ပြောပြခြင်းဖြစ်သည်။
“ငါတို့မှာ စိတ်ရောဂါနဲ့ပတ်သက်လို့ မျိုးရိုးလည်း မရှိပါဘူး လူလေးရယ် …။ သူ့ကျမှ ဘယ်လိုဖြစ်သွားသလဲ အမေလည်း စဉ်းစားလို့ မတတ်ပါဘူး။ တနေ့ သူ အကြီးအကျယ် ဖျားတယ် ပြီးတော့ နှာခေါင်း ပါးစပ်တွေကနေ သွေးတွေလျှံတယ်။ အန်တယ်။ အဲ့ဒီကတည်းက သွက်သွက်ခါအောင် ရူးသွားတာ ဒီနေ့ အထိပါပဲ”
ကံကြမ္မာကို အပြစ်ပုံရမည်လား သို့မဟုတ် လောကဓံ၏ ရက်စက်မှုကြောင့်ပဲလား ... စသည့် စသည့် မေးခွန်းတို့၏ အဖြေများကို မစပယ်၏မိခင်သည် ယနေ့တိုင်အောင် မပေးနိုင်ခဲ့ပါ။ ထိုအဖြေကို ဘုရားရှင်သာ သိပေလိမ့်မည်ဟု သူမ ရိုးစင်းစွာ ယုံကြည်သည်။
သူမ တခုကိုတော့ ယနေ့တိုင် အကောင်းဆုံးလုပ်နိုင်သည်က မိခင်တယောက်၏ တုနှိုင်းဖွယ်မရှိသော ချစ်ခြင်းမေတ္တာဖြင့် မစပယ်လေးကို အကောင်းဆုံး ပြုစုစောင့်ရှောက်ဖို့ပါပဲ။
“ရပ်ရွာကလည်း မငြိမ်းချမ်းရတဲ့ကြားထဲ ငါလည်းရှိသမျှ ထုခွဲရောင်းချပြီး ဘားအံ၊ လှိုင်းဘွဲ့ သထုံမြို့တွေကိုသွား၊ ငါ့သမီးရဲ့ ရောဂါကို ကုပေးနိုင်မယ့် ဆရာတွေကိုရှာပြီး အပ်ခဲ့တာပါပဲ ... သားရယ်။ ဒါပေမဲ့ ငွေတွေ အချိန်တွေသာ ကုန်သွားတယ်၊ သူရဲ့ အခြေအနေက ဘာမှ မထူခြားလာပါဘူး။ မောင်နှမတွေလည်း သူနဲ့ပတ်သက်ပြီး ရှက်ကြတာပေါ့။ အရူးမရှိဖူးတဲ့ ငါတို့မိသားစုအဖို့ အရူးမျိုးရိုး ဖြစ်သွားရတာပေါ့။ ငါ့အထင်တော့ ငါ့သမီးကို ဆေးနဲ့ လုပ်လိုက်တာ ဖြစ်ရမယ်”
မစပယ်နှင့်ပတ်သက်၍ စကားစပ်မိတိုင်း မိခင်အိုကြီးသည် သူမ နှစ်ပေါင်းများစွာ ခံစား နာကျင်ခဲ့သော အရာများကို ကျနော့အား သွန်ထုတ် အန်ချ ရင်ဖွင့်တတ်သည်။
“စိတ်ဖေါက်ပြီးကတည်းက အိမ်ကိုမကပ်တော့တာ။ လျှောက် … လျှောက်ပြီး သွားနေတာပဲ ငါလည်း သူ့ကို အမြဲ ဘယ်လိုက်ပြီး ကြည့်နေနိုင်မှာလဲ။ အသက်ကလည်း ကြီးပြီလေ သူတို့အဖေကလည်း သူတို့ ငယ်ငယ်ကတည်းက ဆုံးသွားပြီးပြီပဲ”
“တနေ့ - ငါ သတိထားမိတယ်။ ငါ့သမီး ဓမ္မတာ မလာတာ နှစ်လလောက်ရှိပြီ။ တခုခုတော့ မှားနေပြီလို့ ထင်မိတာ၊ အဲ့ဒါနဲ့ ရပ်ထဲ ရွာထဲက ဆေးဆရာမ တယောက်နဲ့ ပြကြည့်တော့ အိုး… ငါ့ခေါင်းကို မိုးကြိုး ပစ်လိုက်သလိုပါပဲ။ သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတယ် … သားရယ်”
“ သူလား… ဘယ်ကလာ သိရမှာလဲ သားရယ်။ အဲ့ဒီအချိန်က ငါ့သမီးဟာ သူ့အမေရင်းဖြစ်တဲ့ ငါ့ကိုတောင် ကောင်းကောင်း မသိတာ။ သူ့ကို စော်ကားလိုက်တဲ့လူကို ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲကွယ်… သူ ဘယ်လိုလုပ် သိမှာလဲ။ လူတွေများ လုပ်ရက်လိုက်ကြတာနော်”
“ငါ့ကတော့..သူ့ကို မေးတာပေါ့။ သူလည်းမသိ။ ငါလည်းမသိ။ အဲ့ဒီလိုနဲ့ ငါတို့လည်း တဒုက္ခကနေ နှစ်ဒုက္ခ ဖြစ်ရပြန်တာပါပဲ။ သူကိုယ်တိုင်လည်း သူ့မှာ ကိုယ်ဝန်ရှိတယ် ဆိုတာ သိချင်မှလည်း သိမှာပါ။ မီးဖွားခါနီးတော့ ဒို့သားအမိလား ဒုက္ခသည်စခန်းကို ရောက်နေပြီလေ။ ဆရာမလေးတွေက သဘော အရမ်းကောင်းကြတယ်။ သူ့ကိုလည်း သနားတယ်။ ငါ့ကိုလည်း အရမ်း သနားကြတယ်။ ဘုရား မ တာပေါ့သားရယ်”
“ကလေးကို ဒုက္ခသည်စခန်းက ဆေးရုံမှာ မွေးတော့ ကလေးကို အနှီးနဲ့ပတ်နေရင်း ဆရာမလေးတွေလည်း ငိုကြတယ်။ ငါလည်း ငိုတာပေါ့ သားရယ်။ သူများတွေက မီးဖွားလို့ ကလေး မျက်နှာမြင်ရင် အရမ်းကို ပျော်ကြတာ။ သူရဲ့ယောက်ျားဖြစ်ဖြစ် မိဘတွေဖြစ်ဖြစ်ပေါ။့ ငါတို့ရဲ့ အဖြစ်က သူများတွေနဲ့မှ မတူတာ သားရယ်…။ ဘာပဲဖြစ်ဖြစ် ဖြစ်ပြီးမှတော့ ရင်ဆိုင်ရဖို့ပဲ ရှိတာပေါ့။ အခုကလေးက ခုနှစ် နှစ်ရှိနေပြီ။ ငါ အခုထိ သူ့ရဲ့ အဖေနာမည်ကို မွေးစာရင်းမှာ မထည့်သေးဘူး။ သူ့ကိုလည်း ပြောထားတယ်၊ နင့်အဖေဟာ သေတာ ကြာပီလို့”
ကျနော်တို့ နှစ်ဦး စကားပြောနေသည်ကို မစပယ်က ကြောင်၍ ကြည့်နေတတ်သည်။ သူမ အကြောင်း ပြောဆိုနေခြင်းကို သူမ သိချင်မှ သိပေလိမ့်မည်။
“သား … ကျောင်းမှာ စာလိုက်နိုင်လား”
ဟု ကျနော်မေးသောအခါ မစပယ်၏ရင်သွေးက ၀မ်းသာအားရဖြင့် သူ စာလိုက်နိုင်ကြောင်း၊ စာသင်ခန်းတွင် အလွန်ပျော်ရွှင်ကြောင်း၊ ကျနော့်ကို စိတ်အားထက်သန်စွာဖြင့် ပြောပြသည်။ နားရွက်
ကားကားလေးနှင့် ထက်ထက်မြက်မြက် ကလေးငယ်တဦးပါ။
“အိုး… ကျောင်းက ပြန်လာရင် သူ တတ်လာတဲ့အင်္ဂလိပ်စာနဲ့ ငါ့ကိုရော သူ့အမေကိုပါ အင်္ဂလိပ်လို ခေါ်တော့တာပဲ။ သူကျောင်းမှာ အတော့်ကို ပျော်ပုံရတယ်”
ဟူ၍ အဖွားဖြစ်သူက ၄င်း၏ မြေးငယ်လေးအတွက် ဂုဏ်ယူကာ ပြောပြတတ်သည်။
ကလေး၏ မျက်နှာပြင်ပေါ်ဝယ် ၄င်း၏ မိခင်နှင့် အဖွားတို့ ကြုံတွေ့ခံစားခဲ့ရသော အိပ်မက်ဆိုးကြီးသည် မိမိနှင့် ဘာမျှ မသက်ဆိုင်သလို၊ နာကျင်ခံစားရမည့် အရွယ်ကိုလည်း မရောက်သေးတာ ဖြစ်ပုံရပေမည်။ ၄င်းအတွက် အနာဂါတ်ကြီးသည် ၀င်းပကာ တောက်ပြောင်လို့ လင်းလက် နေသလားပဲ။
အဖွားသည်လည်း အမေ။ အဖွားသည်အဖေ။ ၄င်းအတွက် အရာရာအားလုံးသည် အဖွားပင် ဖြစ်လို့နေသည်။
“အခုလား … သူ့ရဲ့သားကိုတော့ သူကောင်းကောင်းကို သိနေပြီ”
အသိဉာဏ်အရာ၌ အဆင့်မြင့်လှပါသည် ဆိုသော လူသားသည် တခါတရံ၌ အဟိတ်တရိစ္ဆာန်တို့ပင် မကျူးလွန်တတ်သော ရွံရှာဖွယ်အမှုတို့ကို မိမိတို့၏ ရမ္မက်အာသာ ပြေဖျောက်ရန်အတွက် ကျူးလွန်တတ်သည်မှာ မစပယ်အဖြစ်က သက်သေပင်တည်း။ မစပယ်သည်လည်း ရမ္မက်၏ သားကောင်ဖြစ်ခဲ့ရပေသည်။
မြန်မာနိုင်ငံ၏ မုတ်သုန်သစ်တောကြီးတွင် ရုန်းကန်ပြေးလွှားခဲ့ပြီး တခုသော အတိုင်းအတာ ကာလအထိ နယ်စပ်ဒုက္ခသည်စခန်း ၀ါးတဲငယ်ကလေးတွင် နေထိုင်ခဲ့သော မစပယ်တို့မိသားစုကလေးသည် ယခုတော့ ကျနော်ရောက်ရှိနေသည့် မြန်မာနိုင်ငံနှင့်မိုင်ပေါင်း ထောင်ချီ် ကွာဝေးသော ဒေသသို့ရောက်ရှိ၍ နေပြန်ပါပြီ။
နှင်းတွေဝေကာ ရေခဲများ ဖုံးလွှမ်းနေသော အရပ်ဒေသတွင် မစပယ်တို့ မိသားစုကလေး ဘ၀အသစ် စ လို့ နေပါပြီ။ ၄င်း၏ စိတ်ကျမ်းမာရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတို့ကလည်း မစပယ်အတွက် အကောင်းဆုံး ကြိုးစားပေးကြပါသည်။
အစားအသောက်၊ ဆေးဝါး၊ နေထိုင်မှုတို့အတွက် မစပယ်တို့ ပူပင်စရာမလိုပါ၊ သားငယ်လေးအတွက် ပညာရေးကလည်း အားရစရာ ကောင်းလှပါသည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ၄င်းတို့အတွက် ဘာသာစကား အဆီးအတားသည် အကြီးမားဆုံးသော နံရံတံတိုင်း ဖြစ်နေပြန်ပါသည်။
ဤကိစ္စက ၄င်းတို့ မိသားစုသာမက ဒုက္ခသည်အစီအစဉ်ဖြင့် ရောက်ရှိလာသော မြန်မာနိုင်ငံမှ မိသားစုအတော်များများ ကြုံတွေ့နေရသော အခက်အခဲ တခုဖြစ်သည်။
“ဘယ်ကလာ ကျောင်းနေဘူးရမှာလဲ သားရယ်။ တခါဆို တခါဖူးမှ ကျောင်းကို မနေဘူးတာ။ ဒီ အမေရိကန်ကို လာဖို့ဆိုတာ တခါမှလည်း စိတ်မကူးမိပါဘူး။ ဘုရား ပို့လို့သာ ရောက်လာတာ။ သူများတွေ ပြောတော့ ဒီအမေရိကန်နိုင်ငံကို ရောက်ဖို့ တချို့တွေများ ငွေကို သိန်းနဲ့ချီပြီး ပေးရတာဆို။ ငါတို့တော့ တကယ်ပါ တပြားမှတောင် မကုန်ခဲ့ပါဘူး … ဒီကို ရောက်လာတာ”
ရေသစ် မြေသစ်သို့ ရောက်ရှိလာခြင်းနှင့်ပတ်သက်၍ မစပယ်မိခင်တယောက် သူမ၏ ရိုးစင်းသောအမြင်နှင့် ခံစားချက်ဖြစ်သည်။
“ဒုက္ခသည်စခန်းမှာ သူများက စာရင်းသွင်းဆိုရင် သွင်းလိုက်။ ဓါတ်ပုံရိုက်ခိုင်းရင် ရိုက်လိုက်။ ဆေးစစ်ဆို စစ်လိုက်။ လေယာဉ်ပျံသင်တန်းတက်ဆို တက်လိုက်နဲ့ နောက်ဆုံး ဒီကို ရောက်လာတာပဲ ပေါ့”
“ဒါပေမဲ့ ဒီကလေးအတွက်က အရမ်းကောင်းတာ။ သူကတော့ စာတတ်ပေတတ်ကြီးဖြစ်မှာ။ ငါက မေးတော့ စက်ပြင်ဆရာကြီး ဖြစ်ချင်တယ်လို့ ပြောတာပဲ”
မူလတန်းပညာရေး စတင်နေပြီဖြစ်သော မြေးငယ်လေးအတွက် အဖွားဖြစ်သူ၏ ကြည်နူးရသော မျှော်လင့်ချက်တခု။ ဒုက္ခ၊ သောကအစုံ လောကဓံ လှိုင်းလုံးကြီးများနှင့် ယမ်းငွေ့တွေကြား မစပယ်လေးကို လက်ဆွဲ၍ ပြေးလွှားခဲ့သော မိခင်အိုကြီးသည် ယခုလည်း အခွင့်အလမ်းတို့၏ ဘူမိနက်သန်ဖြစ်သည်ဆိုသော အမေရိကန်မြေ၌ ကြိုတင်၍ မြင်နိုင်စွမ်းမရှိသော အသစ်အသစ်သော စိန်ခေါ်ချက်များကို ရင်ဆိုင်ကာ အားသစ်အင်သစ်တို့ဖြင့် ပြည့်လို့ နေပါသည်။
“လာခဲ့ ... နင်လားဟဲ့ … လောကဓံ”
ဆိုသည့် စိတ်ဓါတ်မျိုး။ သန်းခေါင်ထက် ညဥ့်နက်ဦးတော့မည်မဟုတ် ဟူ၍ မိခင်အိုကြီး အပြည့်အ၀ ယုံကြည်သည်။
ရင်သွေးငယ်သည်လည်း သူ၏ကျောင်းစာသင်ခန်းထဲတွင် တောက်ပရှင်းလင်းသော အနာဂါတ်ရှိသည်ဟု အခိုင်အမာ ယုံကြည်နေသည်။
မစပယ်ကတော့
“ ဘုရား …ဘုရား .. သူတို့တတွေ ဘာတွေလုပ်ကြဦးမှာလဲ”
“ငါ့သားလေး … ပိန်သွားတယ်”
“ဘုရား … ဘုရား ... ကယ်ပါ ... ကယ်ပါ ...”
ဟူ၍ နှုတ်မှ ရွတ်ဆို နေဆဲ။
(မေ ၁၉၊ ၂၀၀၉)
Comments