MoeMaKa Reader from Rangoon - Common Sense Prediction on DASSK trial

ထောင်တန်တဲ့ စကား၊ ရယ် … ပေါ့

မိုးမခစာဖတ်သူတဦး (ရန်ကုန်)

ဇူလိုင် ၂၉၊ ၂၀၀၉

အခု ရန်ကုန်က ပရိသတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အမှုစီရင်မှုကို အတော်ကို အဆိုးမြင်နေကြပါတယ်။ စစ်အစိုးရက အစွမ်းကုန် ယုတ်မာပြီး လုပ်ကြံဇာတ်ခင်းကြဦးမယ်လို့လဲ ယုံကြည်နေကြပါတယ်။ အမေရိကန်ပြည်က မစ္စတာယက်တောကိုလည်း ဘယ်လိုလုပ်ပြီး နားလည်ပေးရမယ်ဆိုတာကို မမှန်းနိုင်ကြပါဘူး တဲ့။ သူတို့တွေ ယေဘူယျ မှန်းချက်ပေးတာက ဒီလိုပါ။

(၁) ယက်တောကို ဒဏ်ငွေချပြီး လွှတ်ပေးလိမ့်မည်

(၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်မိတ်ဆွေတွေကို ထောင်ဒဏ် ၃ လ ကနေ ၆ လ ချမည်

(၃) ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်က ၅ နှစ် ချပြီး အရေးယူရန်၊ ပြီးနောက် သက်ညှာသောအားဖြင့်ဆိုပြီး အင်းစိန်ထောင် အထူးတိုက်မှာ (သို့မဟုတ်) နေအိမ်သို့ ထောင်ဒဏ်အစား အကျယ်ချုပ်အဖြစ် သတ်မှတ်ရန် တို့ကို ပြောနေကြပါတယ်။

နောက်တမျိုးကတော့ အန်တီစုကို တရားရုံးက မြားဦးကို ပြန်လှည့်ပြီး ရိုင်းစိုင်းတဲ့ ချောင်ပိတ်မှုနဲ့ အကျဉ်းအကြပ်တခုကို ရွေးခိုင်းပါလိမ့်မယ်လို့လဲ ပြောကြပါတယ်။ ဒေါ်စုကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ချက်ချပေးပြီးနောက် ဒေါ်စုကို မည်သည့်အပြစ်ဒဏ်မျိုးကို ရွေးချယ်မလဲ ဆိုပြီး ခိုင်းတာမျိုး။ မိတ်ဆွေတွေနဲ့အတူ အင်းစိန်မှာ ထောင်အတူ ကျခံမည်လား။ ထောင်ဒဏ်အစား အကျယ်ချုပ်အဖြစ်ကို ရွေးချယ်ကျခံလိုသလား … ဆိုပြီး ပြန်ရွေးခိုင်းလိမ့်မယ် စသည်ဖြင့် ကျနော်အနီးကပရိသတ်က ဉာဏ်တွေ ထုတ်ပြီး ပြောဆိုနေကြပါတယ်။

အခုလို စာရေးပြီး ပို့တာကလည်း ထောင်တန်တဲ့ စကား … ရယ် ပေါ့အောင် မလေးမခန့် နမိတ်ဆိုးတွေ ဖတ်ပြတာမျိုး၊ သရော်မော်ကားလုပ်တာမျိုး မဟုတ်ပါဘူး။ ပြည်တွင်းက ကျနော်တို့ ပတ်ဝန်းကျင်ဟာ ဘယ်လောက်တောင် စိတ်တွေ အကျဉ်းအကြပ်ကျနေတယ်။ စိတ်ထိခိုက်နေ၊ ခံပြင်းနေတယ်ဆိုတာကို ပြောပြချင်လို့ ရေးလိုက်မိတာပါ။

Comments