ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂၁)
၁၉၈၈ - ရှစ်လေးလုံးအရေးတော်ပုံ (ဒုတိယပိုင်း)
အောင်ဝေး
သြဂုတ် ၃၀၊ ၂၀၀၉

မြန်မာနိုင်ငံ အမျိုးသား လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု သမိုင်းမှာ အစဉ်အလာ ကြီးမားခဲ့တဲ့ ကျောင်းသား သမဂ္ဂဟာ စစ်အစိုးရရဲ့ ဖိနှိပ် ချေမှုန်းမှုတွေ အောက်မှာ ၁၉၇၆ မှိုင်းရာပြည့် နောက်ပိုင်း တိမ်မြုပ်နေခဲ့ရပေမဲ့ ၁၂နှစ်ကြာတဲ့ အချိန် ၁၉၈၈ - ရှစ်လေးလုံး အရေးတော်ပုံကြီးမှာတော့ ကျောင်းသား သမဂ္ဂ ပြန်လည် ပေါ်ထွန်းလာခဲ့ပါပြီ။
မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီဇွန်တို့ ဦးဆောင်တဲ့ ဗကသဟာ ၈၈ - ဒီမိုကရေစီ အရေးတော်ပုံမှာ တပ်ဦးက ပါဝင်ခဲ့တာကို တွေ့ရမယ်။ ဗကသရဲ့ ဦးဆောင်မှုနောက်မှာ ပြည်သူလူထု တစ်ရပ်လုံး တိုက်ပွဲဝင်လာကြတာပါ။
တစ်တိုင်း တစ်ပြည်လုံးက မလိုလားတော့လို့ သပိတ်မှောက် ဆန္ဒပြနေတဲ့ ကြားကပဲ မဆလဟာ စစ်အာဏာ တည်မြဲရေးကို သွေးရူးသွေးတန်း ဆက်လုပ်နေခဲ့ပါတယ်။ ဦးနေဝင်းက ‘စစ်တပ်ဆိုတာ ပစ်ရင် တည့်တည့် ပစ်တယ်၊ ဘယ်တော့မှ မိုးပေါ်ထောင်မပစ်ဘူး’ ဆိုတဲ့ စကားနဲ့ ထွက်ခတ်ခတ် သွားပြီး ဦးစိန်လွင်ကို တင်ပေးခဲ့တယ်။
ဦးစိန်လွင် လက်ထက်မှာ သြဂုတ်လ ဆန္ဒပြပွဲတွေကို စစ်တပ်က ရက်ရက်စက်စက် နှိမ်နှင်းခဲ့ပါတယ်။ ဦးစိန်လွင် ပြုတ်သွားပြီး ဒေါက်တာမောင်မောင် သမ္မတ ဖြစ်လာတဲ့ အခါမှာ ‘ကျောင်းသား သမဂ္ဂ အဆောက်အအုံသစ်ကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြတာပေါ့’ ဆိုပြီး ကျောင်းသားနဲ့ ပြည်သူတွေကို ပျားရည်နဲ့ ဝမ်းချခဲ့ပြန်ပါတယ်။
ဒါပေမဲ့ မရတော့ပါဘူး။ ရန်ကုန် မန္တလေး အပါအဝင် နယ်မြို့ပေါင်း (၂၇ဝ)ကျော်မှာ လူထုရဲ့ မဆလ ဆန့်ကျင်ရေး အုံကြွမှုကြီး ပေါ်ပေါက်နေပါပြီ။ အစိုးရ ဌာနပေါင်းစုံက ဝန်ထမ်း ပေါင်းစုံတွေလည်း သပိတ်ထဲ ပါလာကြပါပြီ။ အစိုးရ သတင်းစာတိုက်တွေကလည်း သပိတ်မှောက် ဆန္ဒပြ ပြည်သူလူထုရဲ့ သတင်းတွေကို ဝေဝေဆာဆာ ဖော်ပြနေကြပါပြီ။
ဆန္ဒပြပွဲ သပိတ်တိုက်ပွဲထဲ မပါတဲ့ အစိုးရဌာန ဆိုလို့ မဆလပါတီ ဗဟို ဌာနချုပ် တစ်ခုပဲ ကျန်တော့တဲ့ အခြေအနေပါ။ နောက်ဆုံးမှာ တပ်မတော် ကြည်း ရေ လေ အင်အားစုတွေ၊ ရဲ တပ်ဖွဲ့ဝင်တွေလည်း ကျောင်းသား ပြည်သူတွေနဲ့ အတူ ဆန္ဒပြ ချီတက်ပွဲတွေမှာ တက်ကြွစွာ ပါဝင်လာတာကို တွေ့နေရပါပြီ။
သမိုင်း အစဉ်အလာ၊ နိုင်ငံရေး အစဉ်အလာ ရှိတဲ့ ခေါင်းဆောင်ဟောင်းကြီးတွေလည်း ရဲရဲရင့်ရင့် လူထုတိုက်ပွဲထဲ ဝင်လာကြပါပြီ။ ဝန်ကြီးချုပ်ဟောင်း ဦးနုက လူထုကို သင်ပုန်းချေကြပါ၊ လက်စားမချေပါနဲ့ ဆိုတဲ့ ‘ချေ’နှစ်ချေ မိန့်ခွန်း ပြောလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး(ဟောင်း) သူရဦးတင်ဦးက ရန်ကုန် ဆေးရုံကြီးမှာ လူထုကို မိန့်ခွန်းပြောပါတယ်။
အရေးအခင်းအတွင်း ခေတ္တ အထိန်သိမ်းခံရတဲ့ ဦးအောင်ကြီးက အင်းစိန်ထောင်က လွတ်လွတ်ချင်း သြဂုတ်လ (၂၅)ရက်နေ့ ညနေက စမ်းချောင်း ပဒုမ္မာကွင်းမှာ မိန့်ခွန်းပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သြဂုတ်လ (၂၆)ရက် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်မှာ လူထုအစည်းအဝေး လုပ်ပြီး မိန့်ခွန်း ပြောပါတယ်။ အဲဒီပွဲကို သပိတ်မှောက် ဆန္ဒပြ အင်အားစု (၅)သိန်းကျော် တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်အဖြစ် ထောက်ခံကြောင်း ကျောင်းသားတွေ ပြည်သူတွေက သက်သေပြခဲ့ကြပါတယ်။
အရေးအခင်းအတွင်း တောရောမြို့ပါ မကျန် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်၊ စာစောင်တွေ ပလူပျံအောင် ထွက်ပေါ်လာပြီး သပိတ်သတင်းတွေကို သူ့ထက်ငါ အင်တိုက်အားတိုက် ဖော်ပြခဲ့ကြပါတယ်။
ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ရန်ကုန်မြို့ နေရာ အနှံ့မှာလည်း အစာငတ်ခံ ဆန္ဒပြပွဲတွေ တစ်ခဲနက် ကျင်းပကြပါတယ်။ ဆရာကြီး မင်းသုဝဏ်တို့လို သက်ကြီးရွယ်အိုတွေပါ မနေနိုင်တော့ဘဲ အဖြူ အစိမ်း ဝတ် ကျောင်းသားငယ်လေးတွေရဲ့ အစာငတ် ခံဆန္ဒပြပွဲကို ပါဝင် ထောက်ခံလာကြပါပြီ။
တစ်ပြည်လုံး ဒီမိုကရေစီ ဟောပြောပွဲတွေလည်း တခြိမ်းခြိမ်း ကျင်းပနေကြပါတယ်။ ရန်ကုန်မှာ ဝါရင့် နိုင်ငံရေးသမားကြီး၊ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ၊ တပ်မတော် တပ်မှူးဟောင်းတွေ၊ တတ်သိပညာရှင်တွေ၊ စာပေနဲ့ အနုပညာနယ်က ပုဂ္ဂိုလ်တွေ ဒီမိုကရေစီ ရရှိရေး၊ မဆလ ဆန့်ကျင်ရေး တရားတွေဟောပြောကြပါတယ်။
တိုက်ပွဲက တဖြည်းဖြည်း ရက်ရှည်လာပါတယ်။ မဆလအစိုးရကလည်း အာဏာကို ကုတ် ကတ် ဖက်တွယ်ထားပါတယ်။ စက်တင်ဘာလထဲကို ရောက်လာတဲ့အခါ သပိတ် အင်အားစုတွေကို စုစုစည်းစည်း ထိန်းထားနိုင်ဖို့ လိုတယ် လို့ ကျောင်းသားသမဂ္ဂက တွက်မိပါတယ်။
ဒါကြောင့် စက်တင်ဘာလ (၆)ရက် ရန်ကုန်ဆေးရုံကြီး မှာ ဗဟို သပိတ်စခန်း ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီမှာပဲ အထွေထွေ သပိတ် ကော်မတီ(General Strike Committee) GSC ကို ဖွဲ့စည်းပါတယ်။ အထွေထွေ သပိတ်ကော်မတီမှာ ရဟန်းပျိုများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ အလုပ်သမား လယ်သမားသဂ္ဂများ၊ ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ၊ ရန်ကုန်ရှေ့နေများသမဂ္ဂ၊ စာရေးဆရာသမဂ္ဂ စတဲ့ အဖွဲ့တွေကို အခြေခံပြီး ဖွဲ့စည်းတာ ဖြစ်တယ်။
GSC ဥက္ကဋ္ဌအဖြစ် ရဟန်းပျိုများသမဂ္ဂ ဥက္ကဋ္ဌဆရာတော် ဦးပြေညိန္ဒက တာဝန်ယူပြီး၊ အထွေထွေ အတွင်းရေးမှူးကတော့ ဗကသ တွဲဖက် အတွင်းရေးမှူး ဖြစ်တဲ့ ကိုဇော်ထွန်းပါ။
GSC အထွေထွေ သပိတ် ကော်မတီက (၁) အခြေခံ ဒီမိုကရေစီ အခွင့်အရေးများ ပေးရန်၊ (၂) မဆလ တစ်ပါတီ အာဏာရှင်စနစ် ဖျက်သိမ်းပေးရန်၊ (၃) ကြားဖြတ်အစိုးရ တစ်ရပ်ဖွဲ့စည်းရန် နှင့် (၄) ကြားဖြတ် အစိုးရက တာဝန်ခံပြီး အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရန် စတဲ့ နိုင်ငံရေး တောင်းဆိုချက် (၄) ရပ်ကို ထုတ်ပြန် ကြေညာပါတယ်။
ရန်ကုန်ဆေးရုံကြီး ဗဟို သပိတ်စခန်းမှာ ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် (၁၁၉) ဦး လက်မှတ် ရေးထိုးပြီး ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဗိုလ်ချုပ်ကြီး(ဟောင်း) သူရ ဦးတင်ဦး၊ ဦးအောင်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အထွေထွေ သပိတ်ကြီးရဲ့ လူထုကိုယ်စားလှယ် ခေါင်းဆောင်များ အဖြစ် တောင်းဆို အသိအမှတ် ပြုကြပါတယ်။
ကျောင်းသားတွေနဲ့ အဲဒီခေါင်းဆောင် (၄)ဦး ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ဆွေးနွေးပွဲတွေကိုလည်း အပူတပြင်း လုပ်နေကြပါတယ်။
စက်တင်ဘာလ (၉)ရက်နေ့မှာတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုက ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ သူ့ရဲ့ ရပိုင်ခွင့်တွေကို ချုပ်ကိုင်ပြီး စင်ပြိုင်အစိုးရ ဖွဲ့လိုက်ကြောင်း ကြေညာပါတယ်။ သပိတ်မှောက်အင်အားစု အသီးသီးက ဦးနုရဲ့ စင်ပြိုင်အစိုးရကို ကောင်းကောင်း အာရုံ မစိုက်နိုင်ခဲ့ကြပါဘူး။ ဥပမာ – ကျောင်းသားသမဂ္ဂက ကြားနေတဲ့ ကြေညာချက် ထုတ်ပေမဲ့ စာရေးဆရာ သမဂ္ဂ ကတော့ အတိအလင်း ကန့်ကွက်ခဲ့တာမျိုး ရှိပါတယ်။
ဒီလိုအခြေအနေမှာ စစ်အစိုးရ ထောက်လှမ်းရေးတွေရဲ့ ပြည်သူ့ တော်လှန်ရေးကို တန်ပြန် နှောင့်ယှက် ဖျက်ဆီးတဲ့ လုပ်ရပ်တွေ ဟိုက ဒီက ထွက်ပေါ်လာပါတယ်။ စစ်တပ်က စတင်ပြီး စက်ရုံတွေ၊ ဂိုဒေါင်တွေ ဖောက်တာမျိုး၊ မီးရှို့တာမျိုး လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချ တိုက်ခိုက်တဲ့ မဟုတ်မမှန် ကောလာဟလသတင်း တွေကို စစ်ထောက်လှမ်းရေးတွေက လုပ်ကြံ ဖန်တီးကြပါတယ်။
မဆလရဲ့ တန်ပြန်တော်လှန်ရေးကြောင့် ဒေါသထွက် ပေါက်ကွဲနေတဲ့ လူထုကို ဒေါ်အောင်ဆန်းစုကြည်တို့၊ မင်းကိုနိုင်တို့လို လူထု ယုံကြည်ကိုးစားတဲ့ ခေါင်းဆောင်တွေက လိုက်လံ ထိန်းသိမ်းနေရပါတယ်။
ဒီအချိန်မှာမှာပဲ စက်တင်ဘာလ (၁၆)ရက် ဖဆပလ ကျောက်တိုင် ဆရာမင်းသိင်္ခ ဒီမိုကရေစီ ဟောပြောပွဲမှာ ကာကွယ်ရေးဝန်ကြီးရုံးက စစ်တပ်နဲ့ အကြီးအကျယ် ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ တစ်ဆက်တည်း စက်တင်ဘာလ (၁၇)ရက် ကုန်သွယ်ရေးဝန်ကြီးရုံး အစောင့် စစ်တပ်ကို လူထုက ဝင်ရောက် စီးနင်း သေနတ်တွေ သိမ်းပိုက်ပြီး စစ်ဗိုလ် စစ်သားတွေကိုတော့ လွှတ်ပေးလိုက်တဲ့ ကိစ္စ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲရဲ့ ဒီရေ အမြင့်ဆုံး တက်လာတဲ့အချိန်၊ အောင်ပွဲနဲ့ လက်တစ်ကမ်း အလိုမှာပဲ စက်တင်ဘာလ (၁၈)ရက် ညနေ (၄)နာရီမိနစ် (၃ဝ)မှာ ဗိုလ်ချုပ်ကြီး စောမောင်ဦးစီးတဲ့ စစ်တပ်က အာဏာ သိမ်းလိုက်ကြောင်း မြန်မာ့အသံ ရေဒီယို ရုပ်မြင်သံကြားတွေက ကြေညာလိုက်ပါတော့တယ်။
အာဏာသိမ်းတဲ့နေ့၊ အာဏာသိမ်းတဲ့ညကစပြီး သပိတ်အင်အားစု အားလုံးကို အပြင်းအထန် ဖိနှိပ် ချေမှုန်းခဲ့ပါတော့တယ်။

[ မူရင်း - Radio Free Asia ]
Comments