My Academy Sein - Burmese Regime in Korean Mask

စစ်အစိုးရမျက်နှာဖုံးတပ်ထားတဲ့ ကိုရီးယားကားများ
သို့မဟုတ် စစ်အစိုးရရေးတဲ့ ဇာတ်ညွှန်း
မိုင်အကယ်ဒမီစိန်
အောက်တိုဘာ ၂၈၊ ၂၀၀၉


          သာမန်လူနားမလည်နိုင်သော ယုတ်မာကောက်ကျစ်မှုများ၊ အကျင့်ဆိုးများ၊ ရှိရှိသမျှသော ဆိုးရွားကောက်ကျစ်မှုမျိုးစုံ သုံးကာ မြန်မာပရိသတ်နှလုံးသားကို ဆွဲယူသွားသည့် “မေတ္တာလမ်းဆုံ” ကိုရီးယားကားထဲက မင်းသမီး “မြောင်ဂျီ” ပါတဲ့ဗျား။
          မြန်မာရုပ်ရှင်တွေထဲက လူကြမ်း အံ့ကျော်၊ အောင်ခိုင် တို့ပင် အရှုံးပေးရမည်။ မြန်မာပြည်က ဗီလိန်မင်းသမီးတွေ ခင်စိုးပိုင်၊ ဘေဘီနွဲ့ စသည်တို့ကိုသာ တွေ့ဘူး မြင်ဘူး ကြလေသောမြန်မာပရိသတ်ခင်မျာ မင်းသမီးမြောင်ဂျီကိုလည်း ကြည့်ရရော တခါတည်း လက်ဖျားရော ခြေဖျားပါ ခါရ ပါတော့သည်။
          အချိန်တန် ပုလိပ်တွေက လူဆိုးတွေကို လာဖမ်းသွားတာမျိုးသာ တွေ့ဖူးသည၊် ဟောသည်ကားထဲက လူကြမ်းမင်းသမီးကတော့ အလွယ်တကူပင် မကောင်းမှုများကို လိပ်ပြာသန့်သန့် ကျူးလွန်နေတာကို တွေ့ရ မြင်ရသည်မှာ အံ့သြစရာ ဖြစ်ခဲ့ရသည်။ သည်လောက် ယုတ်မာကောက်ကျစ်လှသည်မှာ ဘယ်သူနဲ့များ တူနေပါလိမ့်ဟု စဉ်းစားနေတာ အခုတော့ အဖြေပေါ်သွားပြီ။
          သူ့ကို အကွက်ကျကျ ပိုင်ပြီဟုထင်ပြီး မစွပ်စွဲလိုက်နှင့်။ သူက အဆင်သင့် သက်သေတု လုပ်ပြီးသား ဖြစ်နေသည်။ သည်တခါတော့ မိပြီဟု မတွေးလိုက်နှင့်၊ တဖက်လူ၏ပျော့ကွက်ကို ကိုင်ကာ သူ့ကိုစွပ်စွဲမိသူပင် တရားခံဖြစ်သွားအောင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသူ ဖြစ်သည်။ သည်တခါတော့ သက်သေရော ဘာရော ပိုင်ပြီဟု ဆိုကာ အပိုင်လုပ်ပြန်တော့ ဗိုက်ထဲက ကလေးကို ပြကာ ဒေါသတကြီး ပြန်လှန် တုန့်ပြန်တတ်သည်။ တဖက်က ပြန်တောင် တောင်းပန်လိုက်ရသည်။ တခါတော့ ဗိုက်ထဲက ကလေး၏ အသက်ကိုပင်ကျိန်ကာ သူ ကျူးလွန်သော မကောင်းမူကို ရှောင်လွှဲ ပြလိုက်ပြန်သည်။ ကိုယ့်ဗိုက်ထဲက သွေးသားကိုပင် အသုံးချတတ်သူသည် တခြားသောတစိမ်းကို ဘယ်သို့ ဆက်ဆံ ပြုမူလေမည်နည်းဟု တွေးသာ ကြည့်လိုက်ပေတော့။    
          စစ်အစိုးရက တိုင်းသူပြည်သားများကို သားသမီးများသဖွယ်ဟု ပြောဖူးခဲ့တာ ကြားပြီး ကြက်သီး ထမိရပါသည်။ တိုင်းသူပြည်သားတွေကို ပြားပြားဝပ် နှိပ်စက်နေသော စစ်အစိုးရဟာ သည်လို ရက်စက်ပြီး ခံစားချက်ကင်းမဲ့သော နှလုံးသားတွေနဲ့ပဲဟု နာကျင်စွာဖြင့် တွေ့မြင်ခံစားလိုက်ရပါတော့သည်။
          ထိုကိုရီးယားကားကို တပတ် ၂ ရက် စိတ်ရှည်လက်ရှည် စောင့်ကြည့်ကြရသည်။ တခါက အစိုးရပရော်ပါဂယ်နာ ရုပ်ရှင် ၀င်ပြသောကြောင့် မကြည့်လိုက်ရသောနေ့ကလည်း ရှိသေးသည်။ ယခုတော့ ဆို က ရေး တီး ပွဲများကို တနာရီလောက် သည်းခံပြီး စောင့်ကြည့် နေရပြန်သည်။ ထိုအခွေက အပြင်မှာလည်းဝယ်လို့မရသောကြောင့် မြန်မာ့ရုပ်မြင်သံကြားကိုသာ အားကိုးပြီး ကြည့်ခဲ့ရပါသည်။
          မိတ်ဆွေအချင်းချင်းတွေ့သည့်အခါ မင်းသမီး  မြောင်ဂျီအကြောင်းကို အမျိုးမျိုး ပြောမိကြရသည်။ သည်လောက်တောင် ပြစ်မူတွေ ကျူးလွန်ထားတာ ဘာမှလည်း မဖြစ်သေးပါလား … စသည်ဖြင့်.. စသည်ဖြင့်….။
          (သတိထားပြောဦးမှ … တော်ကြာ စစ်အစိုးရက သူ့အကြောင်းပြောတယ်မှတ်ပြီး လာဖမ်းသွားမှဖြင့်)
          ထိုကားမှ မဟုတ်။ ကိုရီးယားကားများတွင် တွေ့ကြရသည့် ဇာတ်ညွှန်းများမှာကား ကြောက်ဖွယ်လိလိ ဖြစ်သည်။ ရက်စက်မှု၊ ကောက်ကျစ်မှုများ၊ ဖောက်ပြန်မှုများကို ကျူးလွန်နေကြသူများသည် … လိပ်ပြာသန့်ကြသည်။ မျက်နှာပြောင် တိုက်ကြသည်။ လူရှေ့မှာလည်း အကြောကြီးနှင့် ဆက်ဆံတတ်ကြသည်။ မျက်နှာထား တင်း ကြသည်။ သူတပါးကို အပြစ်ရှာကာ မျက်နှာမော့၍ လူကြားသူကြားထဲ သွားလာနိုင်ကြသည်။
          မှန်ကန်သူများ၊ ဖြောင့်မတ်သူများမှာမူ မျက်နှာငယ်လှသည်။ အောက်ကျို့နေရသည်။ ဒူးထောက်၍ပင် ထိုယုတ်မာသူများကို ပြန်တောင်းပန်နေရသည်။ လူကြား သူကြားတွင်လည်း မျက်နှာငုံ့ကာ သွား လာနေရကာ ညိုးငယ်လှသည်။
          မကောင်းမှု လုပ်သူများ၊ ကျူးလွန်သူများသူတို့၏ လုပ်ရပ်များ ဗူးပေါ်သလို ပေါ်သွားတော့ ပို၍ပင် ထောင်လွှား နေကြပြန်သည်။ မျက်နှာမပျက်ဘဲ ခပ်တည်တည်ပင် ဆက်လက် လှုပ်ရှားနေကြသည်။ မှန်ကန်သူများက မျက်နှာငယ်လျက်က ငယ်လျက်ပါပဲ။
          ထိုအဖြစ်အပျက်များကိုကြည့်ရင်းနှင့် မျိုးကျေြာ့်မိုင်၏ သီချင်းထဲကလို “ ငါဟာ လူကြမ်းဖြစ်ချင်လာ …”  ဟူသော တေးသွားကို သတိရမိလိုက်ပါကြောင်းကို ပြောကြားရင်းနှင့် နိဂုံးချူပ်လိုက်ပါတယ်ခင်ဗျား….။
          “ ဖြောင်း ဖြောင်း ဖြောင်း … ဘုံး ဘုံး ဘုံး …”
          (လက်ခုပ်သံ မဟုတ်ပါ။ ကိုရီးယားကားချစ်သူများက ခဲလုံးနှင့် ပေါက်လိုက်သော အသံများ ဖြစ်ပါသည်)

Comments