အရေးတော်ပုံ ရင်ခုန်သူများ (အပိုင်း - ၈)
အောင်ဝေး
နိုဝင်ဘာ ၂၉၊ ၂ဝဝ၉
မြန်မာနိုင်ငံ သတင်းစာသမိုင်းကို ပြောမယ်ဆိုရင် ဟို လွန်ခဲ့တဲ့ (၂၁)နှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး အတွင်းက ထွက်ပေါ်ခဲ့တဲ့ ပြည်သူ့သတင်းစာတွေအကြောင်း မပါရင် ပြည့်စုံမှာ မဟုတ်ပါဘူး။ ဘာကြောင့် ပြည်သူ့သတင်းစာလို့ ပြောရတာလည်း ဆိုရင်တော့ ရှစ်လေးလုံး မတိုင်ခင်က မြန်မာပြည်မှာ အစိုးရပိုင်သတင်းစာ၊ အစိုးရဝါဒဖြန့်ချိရေး သတင်းစာတွေပဲ ရှိခဲ့လို့ပါ။
ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာတဲ့ အခါကျတော့ အဲဒီအစိုးရပိုင် သတင်းစာတွေကလည်း ပြည်သူ၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲပြီး ဒီမိုကရေစီ တိုက်ပွဲထဲ ဝင်လာကြပါတယ်။ အစိုးရပိုင် သတင်းစာတွေက မဆလ အစိုးရကို သပိတ်မှောက်လိုက်ကြပါပြီ။
အဲဒီတုန်းက ဆရာမောင်ဝံသတို့၊ ဦးအုန်းကြိုင်(အောင်ဝင့်)တို့၊ ဦးစိန်လှဦးတို့ ပါဝင်တဲ့ သတင်းစာသပိတ် ကော်မတီဆိုတာ ပေါ်ထွက်လာပါတယ်။ ဆရာဦးဝင်းတင်တို့ စာနယ်ဇင်းသမဂ္ဂဖွဲ့တော့ သတင်းစာဆရာတွေ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။ ကျောင်းသားနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုမှုတိုက်ပွဲကို သေးသိမ်အောင် ရှုတ်ချ တိုက်ခိုက် ရေးသားထားတဲ့ မဆလအာဘော် ဆောင်းပါး တစ်ပုဒ်ကို ကြေးမုံသတင်းစာတိုက်က စာစီရဲဘော်တွေက စာစီမပေးနိုင်ဘူးလို့ ကန့်ကွက်ဆန္ဒပြရာကနေ သတင်းစာသပိတ် စတင်လာခဲ့တယ်လို့ မှတ်သားရဖူးပါတယ်။
ကျောင်းသားနဲ့ ပြည်သူ လူထုလူတန်းစား အသီးသီး စာလွှာအသီးသီးက ထုတ်ဝေတဲ့ သတင်းစာ၊ သတင်းလွှာတွေနဲ့ အပြိုင်ပဲ မဆလ အစိုးရကို သပိတ်မှောက်ထားတဲ့ အစိုးရပိုင်သတင်းစာ အသီးသီးမှာလည်း ရန်ကုန်နဲ့ နယ်က သပိတ်သတင်းတွေ၊ မဆလ အစိုးရကို ဝေဖန်တဲ့ ဆောင်းပါးတွေ အင်တိုက်အားတိုက် ဖော်ပြလာခဲ့ကြပါတယ်။
ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင် အစရှိတဲ့ မဆလအစိုးရက ပြည်သူပိုင်သိမ်းခဲ့တဲ့ သတင်းစာစာတိုက်တွေက အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ ဝန်ထမ်းတွေဟာ သတင်းစာပညာကို စနစ်တကျ တတ်ကျွမ်း နားလည်ကြတဲ့သူတွေပါ။ ကျောင်းသားသမဂ္ဂကထုတ်တဲ့ သတင်းစာ၊ ကျွန်တော်တို့ စာနယ်ဇင်းသမဂ္ဂက ထုတ်တဲ့ သတင်းစာ စသည်ဖြင့် ပြည်သူလူထုထဲက သတင်းစာတွေ အမြောက်အများထွက်လာတာ မှန်ပေမဲ့ အများစုဟာ သတင်းစာပညာသဘောအရ တနစ်တကျရှိခဲ့တာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီမတတ်တတတ်နဲ့ လုပ်ခဲ့တဲ့ လူထုသတင်းစာ၊ သတင်းလွှာတွေဟာ ဒီမိုကရေစီတိုက်ပွဲကို အလင်းဆောင်နိုင်ခဲ့တယ်။ ပြည်သူကို မျက်စိဖွင့်ပေးနိုင်ခဲ့တယ်။ မဆလ အစိုးရရဲ့ အမှောင်တိုက်ကို ထိုးနှက်ဖြိုခွင်းနိုင်ခဲ့တယ်။ အရေးပေါ်သတင်းစာတွေ ဆိုပေမဲ့ အတိုင်းအတာ တစ်ခုအထိ တော်လှန်ရေးကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။
မန္တလေးမြို့မှာတော့ ရှစ်လေးလုံးသတင်းစာ ဆိုပြီး ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းစာကို မန္တလေး စာပေနှင့် အနုပညာအဖွဲ့က ထုတ်ဝေတာဖြစ်တယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ဒီရေမြင့်တက်နေတဲ့ အချိန် မဆလအစိုးရ သမ္မတဦးနေဝင်း၊ သမ္မတဦးစိန်လွင်တို့ တစ်ဆင့်ပြီးတစ်ဆင့် ပြုတ်လို့ ဒေါက်တာမောင်မောင် သမ္မတအဖြစ် တာဝန်ယူနေတဲ့ အချိန်၊ ၁၉၈၈ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ အဲဒီ မန္တလေး ရှစ်လေးလုံး သတင်းစာ အယ်ဒီတာ့အာဘော် ခေါင်းကြီးပိုင်းမှာ တိုက်ပွဲ ခေါ်သံ ပေးထားတာကို အခုလို ဖတ်ခဲ့ကြ့ပါတယ်။
“ပြည်သူ့တိုက်ပွဲကို ရှေ့တစ်လှမ်း တက်ကြစို့။ နိုင်ငံရေးထုံးတမ်းစဉ်လာအတိုင်း ပြည်သူတွေရဲ့ လိုလားချက်ကို တောင်းမယူဘဲ တိုက်ယူကြစို့။ ပြည်သူတစ်ရပ်လုံးက မဆလ တစ်ပါတီ ဖျက်ပစ်ဖို့ တောင်းဆိုခဲ့တယ်။ သူတို့က မဖျက်ခဲ့ပါဘူး။ ဒါပေမဲ့ ပြည်သူ့ တွန်းအားကြောင့် မဆလပါတီ ပျက်ပါပြီ။ နောက်တစ်ခု ဖြစ်တဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးအတွက် သပိတ်မှောက်ပြည်သူတွေက ရှေ့တစ်လှမ်း တိုးရပါလိမ့်မယ်။
ဒါကြောင့် ပြည်သူ့အာဏာရယူရေးအတွက် အာဏာသိမ်း တိုက်ပွဲများ ဆင်နွှဲရမယ့် အချိန် ရောက်ပါပြီ။ အဲဒီလိုဆင်နွှဲနိုင်အောင် ကျစ်လျစ်တဲ့ ရဟန်းတော်များ၊ ကျောင်းသားများ၊ လူတန်းစား အသင်းအဖွဲ့ သမဂ္ဂများ၊ ဖွဲ့စည်းကြရပါမယ်။ အမြန်ဖွဲ့စည်းပြီး မြို့နယ်၊ ဒေသဆိုင်ရာ ညီလာခံများ ခေါ်ရပါမယ်။ ပြီးရင် တစ်နိုင်ငံလုံး ဆိုင်ရာညီလာခံခေါ်ပြီး ဒီညီလာခံက ယာယီ အမျိုးသား အစိုးရ ဖွဲ့စည်းကြရပါမယ်” တဲ့။
အဲဒီခေါင်းကြီးပိုင်းကို ရေးသားပေးခဲ့သူက အမေလူထုဒေါ်အမာ ဖြစ်ပါတယ်။ အမေလူထုဒေါ်အမာဟာ မြန်မာ့ နိုင်ငံရေးကို အင်မတန်နားလည် ခေတ်မီတဲ့ ဝါရင့် သတင်းစာ ဆရာမကြီး တစ်ဦးပါ။
မဆလ စစ်အုပ်စုဟာ ၁၉၈၈ သြဂုတ်လကုန်လောက်ကတည်းက စပြီး မင်းမဲ့စရိုက်တွေ၊ ဆူပူအကြမ်းဖက် ဂလေဂချေ စရိုက်တွေကို လူထုကြားမှာ တစ်စ တစ်စ ဖြစ်ပွားလာအောင် လုပ်ကြံဖန်တီးလာခဲ့ပါတော့တယ်။ အဲဒီအချိန်ဟာ ကျောင်းသားတွေရဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီဇွန်၊ ဗကသများအဖွဲ့ချုပ် ပေါ်ထွက်လာပြီးတဲ့ နောက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လူထုခေါင်းဆောင် တစ်ယောက်အဖြစ်နဲ့ ဒီမိုကရေစီတိုက်ပွဲထဲ စွမ်းစွမ်းတမံ ဝင်ရောက် လာတဲ့အချိန်၊ ဒီမိုကရေစီ အင်အားစုက အသာစီရနေတဲ့ အချိန်ဖြစ်ပါတယ်။ ကြည်း ရေ လေ တပ်မတော်သားတွေ၊ အစိုးရ ဝန်ထမ်းတွေလည်း ပြည်သူလူထုနဲ့ ပူးပေါင်းလာတဲ့ အချိန်ဖြစ်ပါတယ်။
ဒီအချိန်မှာ မဆလအစိုးရ စစ်ထောက်လှမ်းရေးတွေရဲ့ တန်ပြန်တော်လှန်ရေး လုပ်ရပ်ကြောင့် တချို့ ဒီမိုကရေစီ အင်အားစုတွေ အလွန်အကျွံဖြစ်ကုန်ကြပါတယ်။ ပြည်သူတစ်စုက အဆိပ်ခတ်တဲ့ မဆလ သူလျှို တချို့ကို ခေါင်းဖြတ် သတ်ပစ်တာမျိုး အထိ ဖြစ်လာခဲ့ပါတယ်။
အဲဒီ သတင်းတွေကို သတင်းစာကျင့်ဝတ်တွေဘာတွေ စနစ်တကျ နားမလည်ခဲ့တဲ့ လူထု သတင်းစာ အချို့မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြလာတဲ့အခါမှာတော့ ဝါရင့် သတင်းစာဆရာမကြီး တစ်ဦးဖြစ်တဲ့ ခေါ်ခင်မျိုးချစ်က အခုလို သတိပေးခဲ့ပါတယ်။
“ခုတလော သတင်းစာတွေ ပလူပျံသလို ထွက်နေတယ်။ နှစ်ပေါင်း ၂၆ နှစ်ကြာ ချုပ်ကိုင်ခံခဲ့ရတဲ့ သတင်းစာလွတ်လပ်မှုကို လက်ဝယ်ရရှိခဲ့ကြတယ်။ လွတ်လပ်မှု အခွင့်အရေးကို တာဝန်မဲ့ မသုံးမိကြဖို့ အလွန် အရေးကြီးပါတယ်။ အဲဒီလို အလေ့အကျင့် အပြုအမူတွေဟာ ဒီမိုကရေစီရဲ့ အားထားရာ ဖြစ်တဲ့ သတင်းစာ လွတ်လပ်မှုကို ပျက်စီးစေတတ်ပါတယ်။ လွတ်လပ်မှုဆိုတာလည်း တာဝန်နှင့် ယှဉ်တွဲနေပါတယ်။ တာဝန်မဲ့ရင် လွတ်လပ်မှု ဆုံးရှုံးတတ်ပါတယ်။
သတင်းစာ ဆရာဆိုတာ ဒီမိုကရေစီရဲ့ မဏ္ဍိုင်ကြီးကို ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို သိက္ခာရှိရှိ ထမ်းရွက်ကြဖို့ အရေးကြီးပါတယ်။ ဝါရင့် သတင်းစာ ဆရာကြီးတွေကလည်း ထိန်းသိမ်းပေးကြပါလို့ ပန်ကြားလိုက်ပါတယ်” တဲ့။
အဲဒီဆောင်းပါးကို ဆရာမကြီး ခေါ်ခင်မျိုးချစ်ဟာ စစ်တပ်က အာဏာမသိမ်းခင် နှစ်ရက်အလို ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၆)ရက် နေ့စွဲနဲ ရေးရေးသားခဲ့တာပါ။ စက်တင်ဘာ (၁၈)ရက်နေ့မှာ စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့ပါတယ်။
အခု စစ်တပ်က အာဏာသိမ်းခဲ့တာ (၂၁)နှစ် ကျော်ပါပြီ။ ဒီမိုကရေစီ တိုက်ပွဲကို ဖျက်ဆီးပစ်ဖို့ လုပ်ကြံ ဖန်တီးထားတဲ့ စစ်အာဏာရှင် လက်တစ်ဆုပ်စာရဲ့ တန်ပြန်တော်လှန်ရေး လုပ်ရပ်တွေဟာလည်း ဒီကနေ့ အထိ ရှိနေတုန်းပါပဲ။
အခုအချိန်မှာ ဝါရင့် သတင်းစာဆရာကြီးတွေ ဖြစ်ကြတဲ့ ဆရာဦးဝင်းတင်တို့၊ ဆရာဦးအုန်းကြိုင်(အောင်ဝင့်)တို့၊ ဦးစိန်လှဦး(ဆရာမောင်နွယ်ဦး) တို့လို NLD အတွင်းက သတင်းစာဆရာတွေ၊ ဆရာလူထုစိန်ဝင်းတို့၊ ဆရာဦးသာဘန်းတို့လို NLD အပြင်က သတင်းစာဆရာတွေဟာ ဒီနေ့ခေတ်ရဲ့ အခြင်းအရာတွေကို ပြည်သူလူထုကြားမှာ ပိုပြီး ခွဲခြမ်း စိတ်ဖြာ ပြနိုင်လိမ့်မယ်လို ကျွန်တော် ယုံကြည်ထားပါတယ်။
ဒီမိုကရေစီ အင်အားစုများ အားလုံး တော်လှန်ရေးသတိ အစဉ်ရှိကြပါစို့။ ။
[ မူရင်း - လွတ်လပ်တဲ့ အာရှအသံ / Radio Free Asia ]
Comments