Maung Ye - Reorganizing NLD - CEC, EC and so on ...

မူဝါဒရေးရာ ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး - ဘာလဲ ဘယ်လဲ
မောင်ရဲ
ဇန်န၀ါရီ ၃၁၊ ၂၀၁၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းတော့မယ်၊ ဗမာတနိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ်ဥက္ကဋ္ဌတွေနဲ့ စည်းရုံး ရေးအဖွဲ့တွေဆီကို ဇန္နဝါရီလ ၂၇ ရက်နေ့ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးအောင်ရွှေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ညွှန် ကြားလွှာပေးပို့ထားတယ်လို့ သတင်းတွေမှာဖတ်ရကြားရပါတယ်။ 
အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေနဲ့ လွှတ်လပ်တဲ့အာရှအသံ မေးမြန်းခန်းမှာ ဦးခင်မောင်ဆွေက “ဗဟိုဦးစီးအဖွဲ့ဝင်များ အသစ် ပြန်လည်ဖွဲ့စည်းရေးမှာ အောက်ခြေကရွေးချယ်ပြီး ရုံးချုပ်ကိုပေးပို့ရမှာဖြစ် တယ်” လို့ ဆိုပါတယ်။  အကြမ်းဖျင်းအားဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမယ့်ဒီသတင်းမှာ မရှင်းလင်းတဲ့ ဝီ့ဝါဒကွဲစရာ အချို့အချက်ကလေး တွေပါရှိလို့နေတာ သတိထားမိလိုက်ပါတယ်။
ပထမဦးဆုံးသတိထားမိတာက ဗဟိုဦးစီးအဖွဲ့ဝင် အသစ်များ ရွေးချယ်ရာမှာလိုက်နာရမယ့်စည်းကမ်းတွေပါ။ ရွေးချယ်ရေးမှု ၅ ချက်ကို အခြေခံမယ် လို့ဆိုပါတယ်။  အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေရှင်းပြတာက
“ပထမအချက်ကတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အရည် အချင်းရှိရမယ်၊ ဒုတိယအချက် ကတော့ အဖွဲ့ချုပ်အပေါ်မှာ သစ္စာရှိရမယ်၊ တတိယအချက်ကတော့ အဖွဲ့ချုပ်ရဲ့နိုင်ငံရေးလုပ်ငန်းတွေနဲ့ မကင်းကွာဘဲ တဆက်စပ် တည်းရှိနေသူတွေဖြစ်ရမယ်၊ စတုတ္ထအချက်ကတော့ အဖွဲ့ချုပ်ကကိုင်စွဲထားတဲ့နိုင်ငံရေး ရပ်တည်ချက်တွေနဲ့ သဘော တူညီမှုရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ရမယ်၊ နောက်ဆုံးအချက်ကတော့ နံပါတ် ၅ ကတော့ အဖွဲ့ချုပ် စည်းမျဉ်းစည်းကမ်းများအရ အရေးယူ အပြစ်ပေး ထားသူတွေမဖြစ်စေရ ဆိုပြီးတော့ အဲဒီမူ ၅ ချက်နဲ့ ကျွန်တော်တို့ ရွေးချယ်သွားမှာ ဖြစ်တယ်” တဲ့။ 
ဒီနေရာမှာ နံပါတ် ၃ အချက်ဖြစ်တဲ့ အဖွဲ့ချုပ်ရဲ့နိုင်ငံရေးလုပ်ငန်းတွေနဲ့ မကင်းကွာဘဲ တဆက်စပ် တည်းရှိနေသူတွေဖြစ်ရမယ်ဆိုတာရယ်၊ နံပါတ် ၅ ဖြစ်တဲ့ အဖွဲ့ချုပ်စည်းမျဉ်း စည်းကမ်းများအရ အရေးယူအပြစ်ပေးထားသူတွေမဖြစ်စေရ ဆိုတာကို ဘယ်လိုလူမျိုးတွေကိုရည်ရွယ်တယ်ဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရှင်းရှင်းလင်းလင်း ညွှန်ကြားသင့်တယ် လို့ထင်ပါတယ်။
ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအတွက် အရေးအကြီးဆုံးအချက်ကတော့ ဗဟိုဦးစီးအဖွဲ့ဝင်များရဲ့ တာဝန်နှင့်လုပ်ငန်းစဉ်များဖြစ်ပါတယ်။  အသစ်ပဲဖွဲ့ဖွဲ့ တိုးချဲ့တာပဲလုပ်လုပ် အဓိကအချက်က ဒီခေါင်းဆောင်တွေကို ဘယ်လိုတာဝန်တွေပေးပြီး ဘာတွေကို လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုမယ် ဆိုတာပါ။ 
ဒီနေရာမှာ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေရှင်းပြတာက “ဒီလိုရှိတယ်ခင်ဗျ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အောက်မှာ  ဗဟိုလုပ်ငန်းအဖွဲ့ ဆိုတာရှိမှာပါ၊ အဲ ဗဟိုလုပ်ငန်းအဖွဲ့အောက်မှာမှ ကျွန်တော်တို့ ဗဟိုဦးစီးအဖွဲ့တွေရှိပါ လိမ့် မယ်။ အဲတော့ ဗဟိုဦးစီးအဖွဲ့ဆိုတဲ့ဟာက ခုနကကျွန်တော်ပြောတဲ့ ဗဟိုလုပ်ငန်းအဖွဲ့ကော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကော အပါအဝင်ကို ကျွန်တော်တို့ ဗဟိုဦးစီးလို့သက်မှတ်ပါတယ်” တဲ့။  ဒီရှင်းလင်းချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကရှိခဲ့တဲ့ အဖွဲ့ချုပ်ဖွဲ့စည်းပုံနဲ့ မတူခြားနားနေတာတွေ့ရပါတယ်။ 
နဂိုဖွဲ့စည်းပုံမှာ ဗဟိုဦးစီးအဖွဲ့ဝင်များဟာ တဦးချင်းအနေဖြင့် ပြည်နယ်နှင့်တိုင်းများကို တာဝန်ခံရတဲ့ စည်းရုံးရေးတာဝန်ခံများ ဖြစ်ကြတဲ့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ လုပ်ငန်းညွှန်ကြားချက်များကို မိမိတာဝန်ကျရာဒေသများမှာ အကောင်အထည်ဖေါ်ဆောင်ရွက်ကြရပေမယ့်၊ ဗဟိုဦးစီးအဖွဲ့အနေကတော့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းလမ်းစဉ် မူဝါဒများကိုချမှတ်ရခြင်းနဲ့ ချမှတ်ထားတဲ့မူဝါဒကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှုများ ပြီးမြောက်အောင်မြင်ခြင်းရှိမရှိ စောင့်ကြပ်ရသည့်တာဝန်တွေကို ပါတီညီလာခံမရှိခင် ကြားကာလမှာ တာဝန်ယူဆောင်ရွက်ရပါတယ်။ ပါတီညီလာခံက ရွေးချယ်တင်မြောက်ခြင်းခံရတဲ့ ဗဟိုဦးစီးအဖွဲ့ဝင်များအနေနဲ့ (ယနေ့ကာလ ပါတီညီလာခံမရှိခင်ကြားကာလမှာ အမြူတေပါတီဗဟိုဦးစီးအဖွဲ့ဝင်များအနေနဲ့) ၄င်းတို့ထဲကမှ သင့်တော်သော ခေါင်းဆောင်များ ကိုရွေးကောက်တင်မြှောက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပေးရခြင်းဟာလည်း ဗဟိုဦးစီးအဖွဲ့ရဲ့တာဝန်တခုပါ။ 
ဦးခင်မောင်ဆွေရဲ့ အပြောအရဆိုရင် ပါတီညီလာခံကိုယ်စား ပါတီရဲ့မူဝါဒရေးရာကို အဓိကတာဝန်ယူရတဲ့ ဗဟိုဦးစီးအဖွဲ့အစား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ချမှတ်ပေးတဲ့  မူဝါဒကိုအကောင်အထည်ဖော်ရမယ့် ဗဟိုဦးစီးအဖွဲ့ဆိုရင် အဖွဲ့ချုပ်ဖွဲ့စည်းပုံအရ ပြောင်းပြန်ဖြစ်နေပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကရှိခဲ့တဲ့ အဖွဲ့ချုပ်ဖွဲ့စည်းပုံအရ မူဝါဒရေးရာ အထက်အောက်စီးဆင်းမှုကို ဥပမာပြရှင်းရလျှင် ၁၉၉၀ ရွေးကောက်ပွဲအပြီး ဂန္ဒီခန်းမကျေညာစာတမ်းနှင့်ပက်သက်ပြီး ဆွေးနွေးကြရာမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးချမ်းအေး တင်သွင်းတဲ့ (နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အစိုးရဝန်ကြီးနေရာခွဲဝေမှုနဲ့ ဘာမှမခြားတဲ့) အလျော့ပေး စေ့စပ်ရေးမူဟာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ မူဝါဒအဖြစ် မဲခွဲအတည်ပြုခဲ့ကြပေမယ့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီမူဝါဒကို ဗဟိုဦးစီးအဖွဲ့အစည်းအဝေးမှာ တင်သွင်းမဲခွဲခဲ့တဲ့ အခါ ဗဟိုဦးစီးအဖွဲ့ကလက်မခံဘဲပယ်ချခဲ့တာတွေ့ရမှာပါ။ 
အခု အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေရှင်းပြတဲ့ အတိုင်းဆိုရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့အထက်မှာ ဘယ်သူမှမရှိ ဆိုတဲ့အနေကိုရောက်နေပါတယ်။  ဒါဟာ ၁၉၉၁ ခုနှစ်ကစပြီးရှိနေခဲ့တဲ့ အဖွဲ့ချုပ်ဖွဲ့စည်း ပုံစံနဲ့ ဘာမှမခြားသလို ဒီလိုဗဟိုချုပ်ကိုင် မှုပုံစံနဲ့ ဘာမှထူးခြားတဲ့အောင်မြင်မှု လောက်လောက်လားလား ရရှိလာစရာမရှိဘူးဆိုတာ ဖြတ်သန်း လာခဲ့တဲ့ သမိုင်းကလည်း အထင်အရှားပြပြီးသားပါ။  အဝိုင်းပတ်ပြေးတဲ့ ပြေးပွဲတခုလိုမျိုး လိုရာမရောက်တဲ့ ပြောင်းလဲမှုဆိုတာ  ပြုပြင်ပြောင်းလဲမှု မမည်ပါဘူး။ 
အောက်ခြေအဖွဲ့ဝင်များရဲ့ ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး တိုက်တွန်းတောင်းဆိုချက်များဟာ ဒီလို ဗောင်းတော်ညိမ့် ခိုင်းတာလုပ်မယ့် အဖွဲ့မျိုးမဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို မှန်မှန်ကန်ကန် ဦးဆောင်နိုင်မယ့်အဖွဲ့မျိုးပါ။
ဗဟိုလုပ်ငန်းအဖွဲ့တွေနဲ့ပက်သက်ရင်လည်း အမှန်တကယ်က ဗဟိုဦးစီးအဖွဲ့ရဲ့ အထက်က အဖွဲ့အစည်းမဟုတ်ဘဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် လုပ်ငန်းအထောက်အကူပြုအဖွဲ့များသာဖြစ်ခဲ့တာပါ။  ဦးခင်မောင်ဆွေ ရှင်းလင်းပြခဲ့တဲ့အတိုင်းဆိုရင် ယခုဖွဲ့စည်းမှုက နိုင်ငံရေး ပါတီတခုရဲ့ ဖွဲ့စည်းပုံနဲ့မတူဘဲ ဝန်ထမ်းရုံးဌာနတခုရဲ့ အထက်အောက်စီးဆင်းမှု ပုံသဏ္ဍာန်ဖြစ်နေပါတယ်။ ဒီတော့ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဖွဲ့စည်းပုံ အပြောင်းအလဲရှိ မရှိဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များအတွက် မေးစရာကိစ္စတရပ် ဖြစ်လို့လာနေပါပြီ။
နောက်ပြီး ဗဟိုဦးစီးအစည်းအဝေးခေါ်ယူရေးကာလသတ်မှတ်ချက်မှာလည်း အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေ အဆိုအရ “အခါ အားလျှော်စွာ ဒီဗဟိုဦးစီးတွေရဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေမှာဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရှေ့အလားအလာတွေကို အဲ ဗဟိုဦးစီးအဖွဲ့ တွေ့ဆုံပွဲတွေလည်း ကျွန်တော်တို့ အခါအားလျှော်စွာ ရှေ့ဆိုရင်တော့ကျင်းပသွားဖို့ရှိပါတယ်” ဆိုတော့ကာ ဒီဗဟိုဦးစီးအဖွဲ့ရဲ့ အစည်းအဝေးတွေကို ဘယ်သူကခေါ်ယူခွင့်ရှိတာလည်း၊ ဘယ်လိုခေါ်ယူမှာလည်းဆိုတာလည်း စိတ်ဝင်စားစရာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကထားခဲ့တဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက်၊ မူဝါဒသဘောထားများ မပျောက်မပျက်ဘဲ၊ ရွှေဂုံတိုင်ကြေညာချက်ကို မှန်မှန်ကန်ကန်အကောင်အထည်ဖော်ပြီး၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဆီအရောက်သွားဖို့ ယခုဗဟို အလုပ်အမှုဆောင်ခေါင်းဆောင်များနှင့် လာလတံသော ဗဟိုဦးစီးခေါင်းဆောင်များက ဦးဆောင်လျှောက်လှမ်းနိုင်ကြမှ ၁၉၉၀ ရွေးကောက်ပွဲ မှာ ပြည်သူက မဲပေးပြီးရွေးချယ်ထားရကျိုးနပ်မှာပါ။ 
ပါတီအပေါ်သစ္စာရှိမှုနဲ့ ပြည်သူအပေါ်သစ္စာရှိမှု ထပ်တူကျဖို့အရေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရေးကိစ္စဖြစ်ပါတယ်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များအားလုံး စဉ်းစာကြဖို့ပါ။     ။ 

Comments