Po Zaw (Zagarwa Myay) - Happy Birthday to Brother-Teacher Ko Zarganar

Happy  Birthday  ပါ  အကိုဆရာ
ဖိုးဇော် ( စကားဝါမြေ )
ဇန်န၀ါရီ ၂၉၊ ၂၀၁၀
ကျနော်ငယ်ငယ် တီဗွီထဲကနေ အကိုဆရာရဲ့ ဟာသပြက်လုံးတွေကို ကြည့်ခဲ့ဘူးပါတယ်။ အဲဒီအချိန်တုန်းက ကျနော်က ပန်တျာကျောင်သားဘ၀ဆိုတော့ မင်းသားရူးရူးနေတာပေါ့။  အကိုဆရာနဲ့ ဆုံလိမ့်မယ်လို့ လုံးဝမစဉ်းစားမိဘူး။ ကံတရားက ထူးဆန်းတယ်ဗျာ၊ ကျနော်ဟာ မင်းသားဘ၀ကနေ လူရွှင်တော်ဘ၀ကိုပြောင်း ကံကောင်းခြင်းများစွာနဲ့ အကိုဆရာနဲ့တွေ့ဆုံခဲ့တယ်။ ဒီလိုနဲ့ (သီးလေးသီး) ဆေးရောင်စုံ ဆိုတဲ့ နာမည်ကိုပေးပြီး ပြည်သူတွေရဲ့  ရင်ထဲကို အရောက်ပို့လိုက်တယ်ပေါ့။  
ကျနော်မှတ်မိသေးတယ်  ပထမဆုံး “လက်ဆင့်ကမ်းအငြိမ့်” ရိုက်မဲ့အချိန်ပေါ့။  ပြက်လုံးတိုက်ဖို့အတွက် အကိုဆရာရဲ့အိမ်မှာ တလကျော်ကျော်လောက် ကန့်သွင်းသလို နေခဲ့ကြတယ်။ ကျနော်တို့တတွေကတော့ ည (၁၀) လောက်ဆိုရင် အိပ်ငိုက်ပြီး အိပ်ရာဝင်ခဲ့ကြပေမယ့် အကိုဆရာကတော့ အငြိမ့်အတွက် ကွန်ပျူတာရှေ့မှာ ပြက်လုံးတွေ ထိုင်ရှာနေတယ်လေ။  နံနက် (၉) နာရီ ကျနော်တို့အိပ်ရာထတော့လည်း အကိုဆရာ တယောက် ကွန်ပျူတာရှေ့မှာ မအိပ်သေးဘဲ အလုပ်လုပ်နေတုန်းပါပဲ။   အလုပ်နဲ့ ပတ်သက်လာရင် နေ့မအိပ် ညမအိပ် ၀ိရိယထားပြီး ကြိုးစားအားထုတ်တဲ့ အကိုဆရာရဲ့ စိတ်ဓါတ်ဟာ လေးစား အတုယူစရာ ကောင်းပါတယ်။
အဲဒီ လက်ဆင့်ကမ်းအငြိမ့်ဟာ အောင်မြင်စွာနဲ့ အခွေအပိတ်ခံရတယ်လေ။  ဒါပေမဲ့ DVB ရုပ်သံကနေ ထုတ်လွှင့်သွားတဲ့အတွက် ကြိုးစား အပင်ပန်းခံရကျိုး နပ်ခဲ့ရတာပေါ့။ 
 ကျနော် အမှတ်တရ ပြောပြချင်သေးတယ်။  မျှော်စင်ကျွန်းရဲ့ တန်ဆောင်တိုင်ည ပေါ့။
ပွဲကမယ့်နေ့မှာ “ငါ့ညီတွေကမယ့်ပွဲကို အရမ်းလိုက်အားပေးချင်တယ်” တဲ့။
ဒါပေမယ့် မလိုလားအပ်တဲ့ ပြဿနာပေါ်မှာစိုးလို့ အိမ်ကနေပဲ အားပေးတော့မယ်လို့ အကိုဆရာ ပြောခဲ့တယ်လေ။  ပွဲ စကတည်းက ဟန်းဖုန်းကို ဖွင့်ထားပေးပြီး၊ ပွဲပြီးတဲ့အထိ ဖုန်းထဲကနေ အားပေးခဲ့တယ်။ ပွဲပြီးတော့ အိမ်မှာ အရက်ပုလင်းနဲ့ ကျနော်တို့ကို ထိုင်စောင့်နေတယ်။ ငါညီတွေကို ဂုဏ်ပြုချင်လို့ တဲ့။
ငါညီတွေကို အားပေးတဲ့ ပရိသတ်တွေရဲ့ လက်ခုပ်သံကို နားထောင်ရင်း ငါ မျက်ရည်တွေ ကျခဲ့ရတယ်လို့ အကိုဆရာ ပြောခဲ့တယ်လေ။  
တနေ့ ကျနော် မှတ်မိသေးတယ်။ အိတ်လေးတလုံးထဲမှာ အ၀တ်အစားတစုံရယ်၊ သွားတိုက်ဆေးဘူးနဲ့ မျက်နှာသုတ်ပါဝါရယ်၊  ပြီးတော့ ဆေးတွေရယ် ထည့်ထားတာ တွေ့ရတော့ … အဲဒါတွေ ဘာလုပ်ဖို့လဲ လို့ မေးလိုက်မိတယ်။ 
အကိုဆရာက -
“သူတို့ လာဖမ်းရင် အဆင်သင့်ဖြစ်အောင် ပြင်ထားတာ …” တဲ့။
အခုတော့ အကိုဆရာ ပြင်ထားတဲ့ အိတ်လေးနဲ့အတူ  သံတိုင်ကြားမှာ (၄၉) နှစ် မြောက် အကိုဆရာရဲ့ မွေးနေ့ကို ဖြတ်သန်းနေရပြီ ပေါ့။ အနုပညာနဲ့ တိုင်းပြည်ကိုချစ်တဲ့ အကိုဆရာ အမှန်တရားအတွက်တိုက်ပွဲနေတဲ့ အကိုဆရာဟာ အံဖွယ်မဟာလူသားတယောက် ပါဗျာ။
အကိုဆရာ ပေးအပ်တဲ့တာဝန်တွေကို အတတ်နိုင်ဆုံး ကျေပွန်စွာ ထမ်းဆောင်ပါမယ်လို့ ကတိပြုရင်း စစ်မှန်တဲ့ဒီမိုကရေစီရတဲ့တနေ့မှာ မြန်မာပြည်မှာ ပြန်ဆုံပါရစေလို့ ဆုတောင်းရင်း  (Happy Birthday) ပါ … အကိုဆရာ။       ။

Comments