Than Soe Hlaing - Undercover Journalists and their media group's responsibility

လျှို့ဝှက်သတင်းထောက်နှင့် မီဒီယာဌာနများရဲ့တာဝန်
ပြည်တွင်းက သတင်းထောက်တွေ ဘာပြန်ပြောကြသလဲ
သန်းစိုးလှိုင်
ဇန်န၀ါရီ ၂၉၊ ၂၀၁၀
မြန်မာနိုင်ငံလို သတင်းလွတ်လပ်ခွင့် မရှိပဲ သတင်းမီဒီယာသမားတွေကို အတိုက်အခံနိုင်ငံရေး သမားတွေလို သဘောထားပြီး စောင့်ကြည့်နေတဲ့ နိုင်ငံမှာ `လျှို့ဝှက်သတင်းထောက်´(ယူဂျေ - undercover journalist) အဖြစ်နဲ့ ရပ်တည်ရလုပ်ကိုင်ရတာ မလွယ်လှပါဘူး။ ထောင်နှုတ်ခမ်းနင်း ပြီးလုပ်နေရတဲ့သဘောပဲ ဖြစ်နေပါတယ်။
အတိုက်ခံနိုင်ငံရေးသမားလို အပြစ်မရှိ အပြစ်ရှာဖမ်းတာ မဟုတ်ပေမယ့် တနေရာရာမှာ အစပေါ်သွားပြီဆိုရင်တော့ ချမ်းသာမပေးတော့ပဲ ထောင်နှစ်ရှည် ချခံရဖို့သေချာနေပါပြီ။ သတင်းမီဒီယာ သမားတွေ အနေနဲ့ အဲဒီလို ထောင်နှုတ်ခမ်းနင်းတဲ့ အလုပ်ကို ဘာကြောင့်လုပ်နေကြပါသလဲ။ မီဒီယာ ဆိုတာ ပြည်သူ့နားမျက်စေ့၊ ဖုံးကွယ်နေတဲ့ အဖြစ်အပျက်တွေ ဖိနှိပ်မှုတွေ ပေါ်ထွက်လာရင် ဖိနှိပ်မှု လျော့ပါးသွားမလား၊ စစ်အစိုးရအနေနဲ့ ဆင်ခြင်နောက်တွန့်သွားမလား ဆိုတဲ့ရည်ရွယ်ချက်နဲ့ စွန့်စားလုပ်နေကြတာပါ။
ဒါပေမယ့် လျှို့ဝှက် သတင်းထောက် တယောက်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ လုံခြုံရေးဆိုင်ရာ ဗဟုသုတ၊ စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုတို့ကို စေခိုင်းကြတဲ့ သတင်းဌါနများက လေ့ကျင့်သင်ကြားပေးကြဖို့ တိုက်တွန်းလိုပါတယ်။
ယခုတလော ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ဒီဗီဘီသတင်းထောက်တယောက်ကို ထောင်ဒဏ် အနှစ် ၂၀ကျော် ချမှတ်လိုက်တာ၊ နောက်ထပ်တယောက်ကို ၁၃နှစ် ချမှတ်လိုက်တာတွေဟာ ကြားရတဲ့သူတွေ အတွက် စိတ်မချမ်းသာစရာပါ။ သူတို့လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ပိုမိုတောင်းဆိုဖို့ လိုအပ်တာမှန်ပေမယ့် အဲဒီလို အဖြစ်အပျက်တွေ ခဏခဏ မဖြစ်ဖို့သက်ဆိုင်ရာ သတင်းဌါနများ အနေနဲ့ ဂရုစိုက်ဆင်ခြင်ကြစေလိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ဝန်းကျင်က ဒီဗွီဘီ သတင်းဌါနမှ တာဝန်ရှိသူ
ဦးခင်မောင်ဝင်းနဲ့ ဗီအိုအေ မြန်မာပိုင်းအင်တာဗျူးကို နားဆင်ပြီးနောက် ပြည်တွင်းမှ သတင်းထောက် အချို့က သူတို့ရဲ့ အမြင်တွေကို ယခုလို ထုတ်ဖေါ်ထားကြပါတယ်။

ပြည်တွင်း မှ သတင်းထောက် တဦးမှ -
ပြင်ပမီဒီယာတွေရဲ့ကဏ္ဍဟာ ဒီနိုင်ငံအတွက် အင်မတန်မှ အရေးပါတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး၊ ဒါကြောင့်မို့လဲ ဒီနိုင်ငံထဲမှာ အဖမ်းဆီးခံရမယ့်အန္တရာယ်က ကင်းအောင် သတိဝီရိယထားပြီး ပြင်ပမီဒီယာတွေအတွက် လုပ်ဆောင်နေကြတဲ့ ၀ါရင့်သတင်းသမားတွေ အများကြီးရှိပါတယ်။ ဒီလိုသတိဝီရိယထားခြင်းအားဖြင့် မိမိကိုယ်တိုင်ရဲ့လုံခြုံရေးအတွက်သာမကပဲ ပြင်ပမီဒီယာတွေကို မှီခိုအားထားကြတဲ့ ပြည်တွင်းကပရိသတ်တွေအတွက်ပါ အလုပ်အကျွေး ပြုရာကြတယ်ဆိုတဲ့ စိတ်တခုနဲ့လုပ်နေကြသူတွေအများကြီးပါ၊
ဒါပေမယ့် ဒီနေ့ခန့်လိုက်တာနဲ့ဒီနေ့သတင်းထောက်စဖြစ်တဲ့ လူတိုင်းမှာ ဒီလို သတိဝီရိယမျိုး ချက်ခြင်း ပါမလာနိုင်ပါဘူး၊ အတွေ့အကြုံ အလေ့အကျင့် ကွင်းဆင်းလုပ်ဆောင်မှုတွေတင်မကပဲ မွေးရာပါ အကင်းပါးဖျတ်လတ်မှုတွေရှိမှသာ ဒီလိုအန္တရာယ်စက်ကွင်းထဲကို ၀င်ဖို့အသင့်ဖြစ်ကြမှာပါ။
ဒီမိုကရက်တစ်မြန်မာအသံ (Democratic Voice of Burma) က တာဝန်ရှိပုဂ္ဂိုလ်ကိုယ်တိုင်ကိုယ်က ဖမ်းခံရမှာ သိသိကြီးနဲ့ သတင်းထောက်တွေ ခန့်ထားတယ် ဆိုတော့ စစ်မြေပြင်ထဲကို မောင်းသူမဲ့လေယာဉ်တွေ လွှတ်လိုက်တာနဲ့ တူမနေဘူးလား။ ဒီဗီဘီအနေနဲ့ သူတို့ရဲ့ ပြည်တွင်းသတင်းထောက်တွေကို မောင်းသူမဲ့လေယာဉ်တွေလို့ သဘောမထားဘဲ အသက်သွေးခဲနဲ့ လူသားတွေ၊ အထူးသဖြင့် လေ့ကျင့်သင်ကြားပေးဖို့ လိုနေသေးတဲ့ လူငယ်ခြေတက်ကလေးတွေလို သဘောထားပြီး အန္တရာယ်စက်ကွင်းထဲကို မ၀င်ခင် စခန်းသွင်းလေ့ကျင့်မှုမျိုးတွေ ကြိုတင်လုပ်ပေးသင့်တယ်လို့ ယူဆပါတယ်။
ဒါမှမဟုတ်ရင်တော့ ဒီဗီဘီက တာဝန်ရှိပုဂ္ဂိုလ်တွေကိုယ်တိုင် အန္တရာယ်စက်ကွင်းထဲကိုဝင်လာပြီး ဘယ်လို ဆောင်ရန် ရှောင်ရန်တွေ ရှိတယ်ဆိုတာကို လက်တွေ့ကျကျ လေ့လာနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ဂျာနယ်သတင်းထောက် တယောက်ရဲ့အမြင်
အဖမ်းခံရမယ်ဆိုတာ ကြိုသိပေမယ့် ကာကွယ်မှုထက် အဖမ်းခံရပြီးမှ ကမ္ဘာသိအောင်ပဲ လုပ်နိုင်ပါတယ် ဆိုတဲ့စကားကတော့ ကိုယ့်လူကို ကိုယ် တာဝန်မယူနိုင်ဘူးဆိုတဲ့ သဘောပဲလို့ ယူဆပါတယ်။
နောက်ပြီး မီဒီယာဆေ့ဖ်တီးအတွက် ဘာမှကြိုတင်လုပ်ပေးမထားဘူးဆိုတာလည်း ထင်ရှားပါတယ်။ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ထောင်ဒဏ်တွေကနေ အမြန်ဆုံးလွတ်လပ်လာအောင် ကြိုးစားမယ် ဆိုတော့ နိုင်ငံအဝေးကနေပြီး ဘယ်လိုများလုပ်ပေးမှာလဲဆိုတာ သိချင်ပါတယ်။
ဂျာနယ်လစ်ဇင်ကို သိပြီး တိကျခိုင်မာတဲ့ သတင်းတွေဖြစ်ဖို့နဲ့ လုံခြုံရေးယူတတ်ဖို့ဆိုတာ အချိန်ပေး သင်ယူမှရတယ် ဆိုတာရယ် ကိုယ့်ဌာနအတွက်လုပ်ပေးနေတဲ့ သတင်းသမားကို ဘယ်လိုအတတ်ပညာတွေ သင်ပေးထားသလဲ၊  ဘယ်လိုလုံခြုံမှုမျိုး ပေးထားသလဲ ဆိုတာ ပြန်စဉ်းစားစေချင်ပါတယ်။ ဗီဒီယိုကင်မရာခလုတ်ကို နှိပ်တတ်ရုံနဲ့ ဗီဂျေမဖြစ်နိုင်ဘူး ဆိုတာကို လည်းပြောပြချင်ပါတယ်။
လုံခြုံမှုဆိုတဲ့အထဲမှာ အရေးပေါ်လိုအပ်လာရင်သုံးဖို့ နည်းပညာအထောက်အကူနဲ့ အသုံးစရိတ်တွေလည်း ပါဝင်ပါတယ်။

ပြည်တွင်းမှ ဖရီးလန့်စ် သတင်းထောက်တဦး
အပြင်က ဒီလုပ်ငန်းကို ညွှန်ကြားသူတွေအနေနဲ့ အတွင်းကလုံခြုံရေး၊ သတိပြုရမယ့်အချက်တွေကို သိရှိအောင် ကြိုးစားသင့်ပြီး ကိုယ့်သတင်းထောက်တွေကို အမြဲတမ်း သတိပေး၊ အကြံပေးဖို့ တိုက်တွန်းပါတယ်။ Undercover အနေနဲ့ လုပ်နေတဲ့ သတင်းထောက်ဖြစ်တဲ့အတွက် သူတို့ဟာ လုံခြုံရေးအနေအထားအရ လုပ်ဖေါ်ကိုင်ဖက် တဦး နှစ်ဦး ၀န်းကျင်ကလွဲရင် အခြားသတင်းထောက်တွေနဲ့ ထိတွေ့ခွင့်ရှိမှာ မဟုတ်ပါဘူး။
အဲဒီအချက်က လုံခြုံရေးနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ အခြားသူတွေရဲ့ အတွေ့အကြုံတွေကို ရရှိဖို့အခွင့်အလမ်း နည်းသွားပါတယ်။ ဒါကြောင့် မိခင်သတင်းဌာနအနေနဲ့ အဲဒီ အခြေအနေတွေကို အမြဲတမ်း ဖြည့်ဆည်းပေးဖို့ ပိုတာဝန်ရှိလာပါတယ်။
သတင်းထောက်တွေရဲ့ လုံခြုံရေးကို သူတို့ကိုယ်တိုင် တာဝန်ယူရတယ် ဆိုတာ လက်တွေ့အခြေအနေပါ။ ဒါပေမယ့် အဲလိုကိုယ့်လုံခြုံရေးကို မိမိဘာသာ စောင့်ထိန်းနိုင်အောင် လေ့ကျင့်သင်ကြားပေးရမှာက မိခင်သတင်းဌာန တာဝန်လို့မြင်ပါတယ်။ အကျအဆုံး အနည်းဆုံး ဖြစ်အောင် လုပ်သင့်တယ်လို့ မြင်ပါတယ်။ မကြာခဏ အဖမ်းခံရပြီး သူရဲကောင်းတွေ မွေးထုတ်တာမျိုးဆိုရင်တော့ သိပ်မသင့်တော်ဘူး လို့မြင်ပါတယ်။

ဖရီးလန့်စ် တဦး
“ကျနော်တို့သတင်းထောက်တွေ ဒါမျိုးအဖမ်းခံရမယ်ဆိုတာ ကျနော်ကတော့ ယူဆထားပြီးသားပါ။” လို့ဆိုရင် ဒီလိုအန္တရာယ်မျိုးကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်အောင် ပါးစပ်ကနေ ကိုယ့်လုံခြုံရေးကို ကိုယ်သတိထားကြဆိုပြီး ၀တ်ကျေတမ်းကျေပြောနေရုံနဲ့ မလုံလောက်ပါဘူး။
အတွေ့အကြုံနုနယ်သေးတဲ့ သတင်းထောက်တွေအတွက် ဘယ်ဟာက သူတို့ကိုအန္တရာယ်ရှိစေနိုင်တယ်၊ အဲလိုအနေအထားမျိုးမှာ ဘယ်လိုအကာအကွယ်တွေယူပြီး လှုပ်ရှားသင့်တယ်ဆိုတာကို သိနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။
ပြည်ပသတင်းဌာနတွေနဲ့ ချိတ်ဆက်လုပ်နေကြတဲ့ အတွေ့အကြုံမရှိသေးတဲ့ သတင်းထောက်အတွက် သတင်းစာပညာကို စနစ်တကျ သင်တန်းပေးဖို့ လိုအပ်သလို သူတို့တတွေ ဘေးကင်းရေးအတွက်လည်း စနစ်တကျ သင်တန်းတွေပေးပြီးတော့မှ လုပ်ငန်းခွင်ထဲ ၀င်ခိုင်းဖို့ သင့်ပါတယ်။
နောက်ပြီး သတင်းထောက်တွေကို စီမံခန့်ခွဲနေရတဲ့သူတွေ ကိုယ်တိုင်ကလည်း သူတို့အောက်က သတင်းထောက်တွေကို ဘေးမဖြစ်စေဖို့ အစဉ်မပြတ်ဂရုစိုက်ပေးနေဖို့လိုအပ်ပါတယ်။
ကိုယ်နဲ့နှိုင်းစာပြီး သတင်းထောက်တွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးဖို့သင့်ပါတယ်။ အဓိကပြောချင်တာက အဖမ်းခံရပြီးမှ နိုင်ငံတကာက သိသွားအောင် လုပ်နေတာထက်၊ အဖမ်းခံမထိအောင် အစကတည်းက ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။

မိုးမခမှာ ပါခဲ့တဲ့ စာနဲ့ အွန်လိုင်းပေါ်က ဗွီအိုအေ အင်တာဗျုး အညွန်း

သင့် သတင်းထောက်ကို သင်ကိုယ်တိုင် ကာကွယ်ပါ
သန်းစိုးလှိုင်၊ ရန်ကုန်
ဇန်န၀ါရီ ၁၅၊ ၂၀၁၀

အန္တရာယ်ကြားက ပြည်တွင်းသတင်းထောက်များကို ကာကွယ်ကူညီပေးဖို့
သန်းလွင်ထွန်း (VOA) ၏ ခင်မောင်ဝင်း (DVB) သို့ အင်တာဗျူး
ဇန်န၀ါရီ ၁၇၊ ၂၀၁၀

(ဓာတ်ပုံ - ၂၀၀၉ ခုနှစ်၊ အင်းစိန်ထောင်ရှေ့၊ အကျဉ်းသားများ လွှတ်မည်ဆို၍ စောင့်ဆိုင်းနေသော မြန်မာပြည်တွင်းက သတင်းထောက်နှင့် စာနယ်ဇင်းသမားများ၊ File Picture – MoeMaKa)

Comments

Unknown said…
ဒီသတင်းရေးတဲ့သူဟာ သူကိုယ်တိုင်ပြောထားတဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ လိုင်းစုံမီဒီယာလုပ်ငန်း လည်ပတ်ပုံတွေကို ဘာတခုမှ မသိသလိုပဲ။ သူ့အာဘော်ရဲ့ အဓိက ဆိုလိုရင်းက သတင်းဌာနတခုကို သတင်းရင်းမြစ်ခိုင်လုံမှု မရှိဘဲ တိုက်ခိုက်ချင်တဲ့ လေသံ ဖြစ်နေတယ်။ ကြားနေ စာဖတ်သူတစ်ယောက်အနေနဲ့ ဒီရေးသားသူရဲ့ ဒီအကြောင်းအရာ ရေးသားမှု ၂ခုလုံးကို သဘောမတွေ့လှပါ။ မနာလိုတာလား။ ဘာကို မကျေနပ်တာလဲ နားမလည်ဘူး။ ဘယ်သူ့အတွက် ဘာအကျိုးရှိမလဲ။ မိုးမခ အနေနဲ့လဲ သတင်း မီဒီယာဌာနအချင်းချင်း တိုက်ခိုက်လိုမှု အရေးအသားမျိုးကို သေချာ စဉ်းစား စိစစ်သင့်ပါတယ်။