TheGeek - To Ko Zarganar - New Ideas for our 2010

ကိုဇာဂနာ ဖတ်ဖို့ ဟာသ
၂၀၁၀ အကြံသစ် ဉာဏ်သစ်များ
 
ပျော်တော်ဆက်သာဂိ
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၀
၂၀၁၀ အတွက် အစွမ်းကုန် ပြင်ဆင်နေကြချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေက ထောင်ထဲမှာ ဘာတွေ ပြင်ဆင်ကြရင် ကောင်းမှာလဲ အကို။ တလောက အေအေပီပီက ကြေညာချက်ထုတ်သလို ထောင်ထဲမှာ အနှစ် ၁၀၀ ကနေ ကမ္ဘာ တသိန်းလောက် နေရတော့မယ့်အတူတူ ထောင်ထဲမှာ စိတ်ချမ်းသာအောင် ထားကြပါလို့ပဲ ၀ိုင်းပြောကြရင် ကောင်းမှာလား။
အကိုတို့ကို ထောင်ထဲမှာ စာဖတ်ခွင့်၊ ထမင်းချက်စားခွင့်၊ ရုပ်ရှင်တို့ ၀တ္ထုတို့ ရေးသား ထုတ်ဝေခွင့် စသည်တို့ကို ပြင်းထန်စွာ တောင်းဆိုလိုက်သည်ပေါ့လေ။ အင်း … ဒါက လက်တွေ့ပိုကျလေမှာလား။
ဟိုတနေ့က ပြည်ပရောက် စာပေလုပ်သားညီလာခံကြီး ကျင်းပကြတယ်လို့ သတင်းကြားလိုက်တယ် အကိုရေ။ ပြည်တွင်းက စာပေလုပ်သားညီလာခံတွေမှာတော့ ပြည်သူ့ဆိုင်က ဆီ ဆန် ဆား သကြားတွေ ထုတ်ပေးတဲ့ လက်မှတ်တွေ ရသလို၊ ပြည်ပက စာပေလုပ်သားညီလာခံက ဘာရသလဲ။ မြန်မာပြည်တွင်းက အကျဉ်းထောင်ထဲမှာ အကျဉ်းကျနေတဲ့ စာပေ အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေအတွက် ဆုမွန်ကောင်းတွေ တောင်းလိုက်ကြမယ် ထင်ပါရဲ့။ အဲသည် လက်မှတ်တွေ ပြပြီးတော့ အကျဉ်းထောင်က ၀န်ထမ်းတွေကို နားချကြည့်ရမှာပဲ။ ထောင်ထဲမှာ ငါတို့လို နိုင်ငံရေးအကျဉ်းသားတွေသာ မရှိတော့ရင် မင်းတို့ဝန်ထမ်းတွေ အလုပ်မရှိတော့ အလွန်ပျင်းစရာကောင်းမှာပဲနော် ဆိုပြီး။
အဲသည်နေ့ကပဲ ထောင်ဝင်စာပြင်ဆင်နေတဲ့ မိသားစုနဲ့ စကားပြောဖြစ်လိုက်ပါသေးတယ်။ သူတို့တတွေအနေနဲ့ ထောင်ဝန်ထမ်းတွေ၊ လုံခြုံရေးတွေ၊ စစ်အာဏာပိုင်တွေနဲ့ နေ့တဓူဝ တွေ့ဆုံ ဆက်ဆံနေရ၊ ဝေးလံခေါင်ဖြားတဲ့ ခရီးလမ်းပမ်းတွေ သွားလာနေရတော့ အိမ်မှ ကျန်ရစ်ခဲ့တဲ့ သားသမီးတွေက အဖေ၊ အမေ၊ အဖိုး၊ အဖွားတွေ အားလုံး ထောင်ကျနေပြီလို့ ထင်တော့သတဲ့။ အိမ်မှာမှ လူကြီးတွေ မရှိတော့တာကိုးလေ။
“ဟော … အဖိုး ထောင်က ပြန်လာပြီ။ ဟော .. အမေ ထောင်က ပြန်လာပြီ။ စားစရာ ဘာဝယ်လာသလဲ အမေ …။ သားတို့ ကျုရှင်စာရိတ်တို့ စာမေးပွဲအောင်ဖို့ လာဘ်ထိုးဖို့ စာရိတ်လေးတွေလည်း ချန်ထားပါဦးနော် …” လို့ သားသမီးတွေက အမှာစကားတွေ ပြောကြတော့ အကျဉ်းထောင်တွေနားမှာ မိသားစုတွေ ပြောင်းရွှေ့နေကြရင် ကောင်းမလားတောင် စဉ်းစားမိသတဲ့။
ဂလိုဘယ်လိုက်ဇေးရှင်းကာလဆိုတော့ အစိုးရအလိုတော်ရိတွေ ကမ္ဘာပတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အစွံထုတ်နေကြချိန်ကိုး၊ ဈေးကွက်စီးပွားရေးခေတ်ဆိုတော့ အစိုးရဘက်တော်သားတွေက နိုင်ငံတကာမှာ မျက်နှာပန်းပွင့်ပြီး လက်ဖြန့်ခံကောင်းနေချိန်ဆိုတော့ အတိုက်အခံမိသားစုတွေကလည်း ခေတ်နဲ့ လိုက်လျောညီထွေအောင် လိုက်လုပ်ကြမှ ဖြစ်မယ်လို့ ကျနော်တော့ ထင်မြင်မိတာပဲ အကိုရယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားမိသားစုများ သမဂ္ဂတို့၊ အစည်းအရုံးတို့ကို ထူထောင်ပြီးတော့ ၎င်းမိသားစုများသက်သာချောင်ချိရေး သမ၀ါယမအသင်းခွဲတွေ ထူထောင်သင့်ပြီလို့ ဗိုလ်သန်းရွှေကို ဒူးတိုက်ပြီး ပြောကြည့်မှနဲ့ တူတယ်။ လွန်ခဲ့တဲ့ စစ်အစိုးရရဲ့ စီမံကိန်းများဖြစ်တဲ့ ကိုယ်ထူကိုယ်ထလမ်းဖောက်၊ တံတားဆောက်တာတို့လိုမျိုး - ကိုယ်ထူကိုယ်ထ နိုင်ငံရေးအကျဉ်းသားများ  သက်သာချောင်ချိရေး လုပ်ငန်းတွေကို စစ်အစိုးရ၏ အကျိုးကော၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကျိုးပါကြည့်ပြီးတော့ ရင်ကြားစေ့သင့်တယ်လို့ စာတင်မှ ဖြစ်မယ်။
ထောင်ဝင်စာအတွက် ချက်ပြုတ်နေရတဲ့ အချောက်အခြမ်းတွေ၊ အကြော်အလှော်တွေကို ကျနော်တို့ နိုင်ငံရေးအကျဉ်းသားမိသားစုများသက်သာချောင်ချိရေး သမ၀ါယမအသင်းက မိသားစုတွေကိုယ်တိုင် ချက်ပြုတ်ထုတ်ပိုးပြီး ဈေးသက်သာစွာနဲ့ အသင်းဝင်တွေအချင်းချင်း ဖြန့်ချိပေးမယ်၊ အခြားလုပ်ငန်းတွေက မ၀ယ်တော့ဘူး။ ဆေးလိပ်တို့ စီးကရက်တို့ကိုလည်း လက်ကားဈေးနဲ့ ကျနော်တို့သမ၀ါယမဆိုင်က ၀ယ်ယူပြီး အကျဉ်းထောင်တွေအရောက် ပို့ဆောင်ပေးမယ်။ နိုင်ငံရေးအကျဉ်းသားမိသားစုများသက်သာချောင်ချိရေး သမ၀ါယမအသင်းကနေပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆိုတဲ့ ပွဲတော်တွေမှာ ရန်ပုံငွေအဖြစ် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေနဲ့ ပြက္ခဒိန်တွေ ပုံနှိပ်ပြီး ရောင်းချမယ်လို့ ကျနော်တို့တတွေ စာတမ်းတင်ပြီး ပရိုဂျက်တို့ ပရပိုဇယ်တို့ တိုက်ရိုက် လျှောက်ကြည့်ကြရင် မကောင်းဘူးလား ကိုဇာဂနာ။
ပြီးတော့လည်း ကျနော်တို့ သမ၀ါယမအသင်းကြီးက ဖက်စပ်အဖြစ် မြန်မာပြည် တောကြိုတောင်ကြား အနှံ့၊ ထောင်ပေါင်းစုံ လိုင်းကားတွေထောင်ပြီး ပြေးဆွဲပေးကြမယ်။ ရန်ကုန်က ကန်ထုတ်လိုက်တဲ့ ဘတ်စကားအဟောင်းတွေ ၀ယ်ပြီး လိုင်းဆွဲကြရင် နိုင်ငံရေးအကျဉ်းသားမိသားစုတွေမှာ ကားခလည်း သက်သာမယ်၊ ဆွေမျိုးတွေလည်း အလုပ်အကိုင်တွေ ရနိုင်ကြမယ် လို့ ထင်မိတာပဲ။ ဟိုကောင် ဗိုလ်တေဇရဲ့ ပုဂံတို့၊ ဂန်ဖလားတို့ဆိုတဲ့ လေကြောင်းလိုင်းတောင် အခါအားလျော်စွာ ငှားပြီး မြစ်ကြီးနားထောင်၊ ပိုတာအိုထောင်တို့ကို ထောင်ဝင်စာ လာတွေ့လို့ရမယ်ဆိုရင် ဉက္ကဋ္ဌကြီး ဗိုလ်သန်းရွေှ့ကလည်း သဘောတောင် ကျအုံးမယ် မဟုတ်ဘူးလား ကိုဇာဂနာ။
တကယ်တန်း ဈေးကွက်စီးပွားရေးခေတ်ကြီးမှာ ကျနော်တို့က ထိပ်တိုက်ရင်ဆိုင်ရေးတို့၊ အာဏာဖီဆန်ရေးတို့ မသုံးစွဲသင့်တော့ဘူး ကိုဇာဂနာ။ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုများသက်သာချောင်ချိရေး သမ၀ါယမအသင်းကနေပြီး မိတ်ဖက်အသွင်နဲ့ အကျဉ်းထောင်ဝန်ထမ်းများ သက်သာချောင်ချိရေး သမ၀ါယမအသင်းကြီးများ ဖြစ်ပေါ်လာရေးကို အားပေး ဆွဲဆောင်သင့်တယ်လို့လဲ ကျနော်က စီမံကိန်းကြီးအဖြစ် တင်သွင်းလိုက်ချင်တာပဲ။
အကျဉ်းထောင်ဝန်ထမ်းများ သမ၀ါယမအသင်းတို့၊ အကျဉ်းဦးစီးသမဂ္ဂတို့ကနေပြီးတော့ ထောင်ဝင်စာတွေ့ဆုံရန် ကိုယ်စားလှယ်လုပ်ငန်းတို့၊ အမြန်ချောမွေ့ရေး လုပ်ငန်းတို့ တိုးချဲ့ ပံ့ပိုးသင့်တာပေါ့ ခင်ဗျား။ ထောင်ဝန်ထမ်းတွေ ကိုယ်တိုင် ဖွင့်လှစ်တဲ့ ထမင်းဆိုင်လုပ်ငန်းများ၊ ဆတ္တာသည်နှင့် ပင်မင်းလုပ်ငန်း၊ တည်းခိုခန်းများ၊ စာတိုက်လုပ်ငန်း၊ ထောင်ဝင်စာတွေ့ဆုံရန် ကြိုတင်လက်မှတ်ဝယ်ယူရေး လုပ်ငန်းများကို ဖွင့်လှစ်ပေးလိုက်မယ် ဆိုရင် ဘယ်လောက် ကောင်းလိုက်လိမ့်မလဲဗျာ။ ပြီးတော့ ဆက်သွယ်ရေးစခန်း၊ အင်တာနက်ကဖေးဆိုင်များ ဖွင့်လှစ်ပြီးတော့ အကျဉ်းထောင်ထဲမှာ ဗီဇက်အိုတို့၊ ဂျီတော့ခ်တို့ စတဲ့ အွန်လိုင်း ရုပ်သံ ချက်ခန်း (chat room) များနဲ့ အဝေးရောက် ထောင်ဝင်စာတွေ့ဆုံရေး အစီအမံတွေကို ခေတ်နှင့်အပြိုင် နည်းပညာကိုသာ ရင်ဘောင်တန်းပြလိုက်လို့ကတော့ ဟိုတခါက ဘာတဲ့ နရသိန်ဆိုတဲ့ ထောင်အကြောင်းနားလည်ဖို့ မဂ္ဂဇင်းထုတ်တာထက် ပိုအကျိုးရှိပြီး အောင်မြင်မယ် ထင်ပါတယ်။ မြန်မာပြည်မှာ နရသိန်လိုမျိုးစာအုပ်က ဘယ်သူက စိတ်ဆင်းရဲခံပြီး ဖတ်နေကြမှာတုံး - ဦးနှောက်ကလေးများ ရှိခဲ့ရင် နည်းနည်းလောက် သုံးပြီး စဉ်းစားသင့်ပါရဲ့။
အကျဉ်းထောင်တွင်းဘ၀များ သာယာချောမွေ့စေရေး စီမံချက်ကြီးသာ အောင်မြင်သွားမယ်ဆိုရင် ၂၀၁၀ မှာ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ လွှတ်တော်ပဲ ခေါ်ခေါ်၊ အာဏာပဲ ပြန်သိမ်းသိမ်း၊ နောက်ထပ် ထောင်ဒဏ်တွေ လေးသင်္ချေနဲ့ ကမ္ဘာ တသိန်းပဲ တိုးတိုး ပြည်သူလူထုက ထောင်တန်းကျမှာကို တစက်ကလေးမျှ မကြောက်တော့ပဲ ပျော်ပျော်ကြီး ဆန္ဒတွေ ပြကြ၊ ဆန့်ကျင်ကန့်ကွက်ကြ၊ နောက်ပြီးတော့ ခုနင်က သမ၀ါယမအသင်းကြီးများရဲ့ အကူအညီနဲ့ ထောင်ထဲကို တခဲနက် ၀င်ထွက်သွားလာကုန်ကြတာ ပွဲတော်ကြီးတမျှ ဖြစ်လာလိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ် အကိုဇာဂနာခင်ဗျား။
အဲသည်ကျ မောင်သန်းရွှေတို့ မိသားစုကလည်း အခုလိုမျိုး အကျဉ်းထောင်သာယာရေးနဲ့ အကျဉ်းသားမိသားစုများ သက်သာချောင်ချိရေး လူနေမှုစနစ်သစ်ကြီး၊ လောကနိဗ္ဗာန်လူ့ဘောင်သစ်ကြီးကို သွားရေတမြားမြားနဲ့ အားတွေ ကျတော်မူပြီး ငါတို့တတွေလည်း နေပြည်တော် ရွှေုမြို့တော်ကြီးကို အုတ်နံရံလေးဘက် ခိုင်ခိုင်ကာရံပြီးတော့ အကျဉ်းထောင်သားဘ၀ကို ခံစားပါရစေဆိုပြီး ကိုဇာဂနာတို့ထံမှာ လေးဘက်ထောက် လာတောင်းပန်နေမှာ မြင်ယောင်နေသေးတော့ဗျာ။
တကယ်တန်းမှာတော့ အခုလို ခေတ်နှင့်အညီ မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ၊ စီမံကိန်းတွေနဲ့ ပြန်လည်သင့်မြတ်ရေးတို့၊ အမျိုးသားရင်ကြားစေ့ရေးတို့ (ကြံကြံဖန်ဖန်ဗျာ … အမျိုးသားက ရင်ကြားစေ့သတဲ့) တွေ့ဆုံဆွေးနွေးရေးတို့ကို အသံကောင်းဟစ်နေချိန်မှာ တဖက်ကလည်း လူကြားကောင်းအောင်ကတော့ - စစ်အစိုးရ ကျဆုံးပါစေ … တို့။ နိုင်ငံရေးအကျဉ်းသားတွေ ချက်ခြင်းလွှတ် … တို့။ ကိုဇာဂနာကြီး ကျန်းမာပါစေတို့ ကတော့က လည်ချောင်းကွဲအောင် ကုန်းတော့ အော်နေရဦးမှာပဲ။
နို့ … အဲဒါ မအော်လို့ ဘာသွားအော်နေရမှာလဲ အကို။ ၂၀၁၀ ရွေးကောက်ပွဲကြီး ၀ှဲချီးပြီး ပွဲတော်ကြီးအဖြစ်ကျင်းပရင်တော့ ရန်ပုံငွေအတွက် ဈေးရောင်းဖို့ ဆိုင်ခန်းတခန်းလောက် သွားကြိုတောင်းထားရင် ကောင်းမှာလား။ အင်း … ခင်ဗျား မလွတ်သေးရင်တော့ ခင်ဗျားဓာတ်ပုံနဲ့ ပိုစတာလုပ်ရောင်းမယ်ဗျာ။ မတော်မတည့် ခင်ဗျားတို့ လွတ်လာရင် ၂၀၁၀ ဈေးပွဲတော်ကြီးမှာ ဘယ်သူ့ပိုစတာကို ရန်ပုံငွေအတွက် လုပ်ရောင်းရ ကောင်းမှာလဲ။ အကြံရ ခက်ပါဘိ (အဟိ)။

Comments