Swan Zarny banned for 3 yrs

ဇာတ်မင်းသား စွမ်းဇာနည် ၃ နှစ် အပိတ်ခံရ
မိုးမခအထောက်တော် အမှတ် ၀၀၅
မတ် ၃၀၊ ၂၀၁၀

ဒဏ်ခတ်ပိတ်ပင်မှုကို လိုက်နာခြင်းမရှိသည့် စွမ်းဇာနည်အား ဇာတ်ကခွင့်၂ နှစ် ထပ်မံ ပိတ်ပင်လိုက်ကြောင်း သဘင်အစည်းအရုံး တာဝန်ခံတဦးဖြစ်သည့် ဦးနန်းဝင်းက ပြောကြားသည်ဟု ယမန်နေ့ကရက်စွဲဖြင့် ထုတ်ဝေသည့် အလင်းတန်းဂျာနယ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံးက သူ့အား ဇာတ်ကခွင့် ၁ နှစ်ပိတ်ပင်ထားသည့် အမိန့်ကို “မနာခံ၊ မထီမဲ့မြင်ပြုသည့်သဘော သက်ရောက်သဖြင့်” ထပ်မံ အပြစ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

မင်းသားကို ငှားရမ်းခဲ့သည့် ဇာတ်အဖွဲ့သည်လည်း ကပြခွင့် ၁ နှစ် ပိတ်ပင်ခံရမည်ဟု သဘင်အာအာဏာပိုင်အဖွဲ့ကို ကိုးကားပြီး အလင်းတန်းတွင် ရေးထားသည်။

မင်းသား စွမ်းဇာနည် ကနဦး ဒဏ်ခတ်ခံရသည့် အကြောင်းရင်းမှာ “ပရိသတ်အပေါ် မထီမဲ့မြင်ပြုမှု” ကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဒဏ်ခတ်မှုနှင့် ပတ်သက်ပြီး ဇန်န၀ါရီ ၂၂ ရက်နေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ်တွင် သဘင်အစည်းအရုံး တာဝန်ရှိသူတဦး၏ ပြောပြချက်ကို အောက်ပါအတိုင်း တွေ့ရသည်။

''စွမ်းဇာနည်နဲ့ ပတ်သက်လို့ ပခုက္ကူမြို့နဲ့ သုံးခွမြို့တို့က တိုင်ကြားလွှာကို သဘင်အစည်းအရုံးက ဆောင်ရွက်တဲ့ ကိစ္စမှာ တိုင်ကြားတဲ့ သူတွေဆီကို သူတို့က သွားတောင်းပန်တယ်။ ပြေလည်အောင် ညှိနှိုင်းခဲ့တယ်။ တိုင်ကြားတဲ့သူတွေ ကလည်း ကပြခွင့် ပိတ်တဲ့အထိ ပြင်းပြင်းထန်ထန် မလုပ်ဖို့ မေတ္တာရပ်ခံစာ ပြန်ပြီးတော့ အစည်းအရုံးကို တင်ပြလာတဲ့ အတွက် ဒီကနေ့ (၁၁၊၁၊ ၂ဝ၁ဝ)ရက်မှာ စွမ်းဇာနည်တို့ သားအမိနဲ့ မန်နေဂျာတို့ကို ခေါ်ပြီးညှိနှိုင်းတာပါ။ အဲဒီလို ညှိနှိုင်းတဲ့နေရာမှာ နောက်နောင်ကို ပရိသတ်များကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြောကြားဖို့နဲ့ နောက်ပြီးတော့ သူ့ရဲ့ အရင်ဇာတ်ဆရာ ကိုစိုးပိုင်တို့နဲ့ ချုပ်ထားတဲ့ စာချုပ်ပါ စည်းကမ်းချက်အတိုင်း ဒီနှစ်တန်ခူးလကုန်အထိ ပွဲကပြမှု ရပ်ဆိုင်းထားဖို့၊ နောက်လာမယ့် ကဆုန်လမှပဲ ပွဲတည်ထောင်ကပြ ခွင့်ပြုနိုင်ဖို့ အစည်းအရုံးက ပံ့ပိုးပေးနိုင်မယ့် အကြောင်းနဲ့ ဧပြီလမကုန်ခင်အထိ သီဆိုကပြ ဖျော်ဖြေမှုတွေ မလုပ်ဖို့ကို သဘင်အစည်းအရုံး ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက ခေါ်ယူပြောကြားတာပါ။ အခုလောလောဆယ်မှာ တခြား ဘယ်အဖွဲ့နဲ့မှလည်း ဧည့်သည် အနေနဲ့တောင် ဖျော်ဖြေသီဆိုခွင့် မရှိပါဘူး''

Comments