Maung Yit - First 4 Months in USA - conflict and confusion - left & right

၂၀၁၀ ခုနှစ် ပထမ ၄ လပတ် အမေရိကန်ပြည်တွင်းရေး ပဋိပက္ခများ
မောင်ရစ်
ဧပြီ ၃၀၊ ၂၀၁၀
ဟဲ ဟဲ …။ ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် လျောက်ရေးတာပါဗျာ။ ပြီးတော့ စာသားတွေက မဖြစ်စလောက် ချိုမိုင်မိုင် က သလိုမျိုး အပေါစားတွေ ရေးမှာပါ။ အရေးကြီးတာက စာခေါင်းစဉ်လောက်ဖတ်ပြီး ဆက်မဖတ်ကြရင် စာဖတ်သူတွေ စိတ်ထဲမှာ အမေရိကန်ပြည်ကြီးမှာ ပြည်တွင်းရေးပြဿနာတွေ ရှိနေပြီ ပဋိပက္ခတွေ ဖြစ်နေပြီလို့ မသိစိတ်က စွဲမှတ်သွားရင် မောင်ရစ် စာရေးရတာ အောင်မြင်ပြီ။
စစ်အေးခေတ်က နှစ်ဖက်ဝါဒဖြန့်သမားတွေက ဒီလိုမျူိးနည်းတွေ သိပ်သုံးတယ်။ “အသက်မပြည့်သူ ကလေးသူငယ်များကို ရှေ့တန်းတွင် အသေခံခိုင်းနေသော သန်းရွှေဦးဆောင်သည့် အာဏာရှင်အစိုးရ” ဒါပဲ … စာဖတ်သူတွေက ဒီထက်ပို မဖတ်ပါဘူး။ မသိစိတ်က စွဲသွားပြီပေါ့ဗျာ။  အခုလည်းပဲ ဒီအတိုင်းပါပဲ။ မပြောင်းလဲသေးပါဘူးလို့ ပြောချင်တာပါ။ စကားကို ဆက်ပြောသွားရရင် …
စီးပွားကျနေတဲ့ ၂၁ ရာစု အမေရိကန်မှာ ခေါင်းထောင်ပြီး အစွမ်းကုန် ထကြွနေကြတာက ရှေးရိုးစွဲတွေ၊ လက်ယာအစွန်းရောက်တွေ ဖြစ်ပါတယ်။ သူတို့က လူဖြူတွေအပေါ်မှာ တက်ပြီး သမ္မတဖြစ်နေသူ လူမည်း အိုဘားမားရဲ့ အစိုးရနဲ့ ပတ်သက်ရင် ခါးခါးသီးသီးပါပဲ။
အမေရိကန်ပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ရေးလှုပ်ရှားမှု (Health Care Reform) ကို ဆန့်ကျင်တဲ့နေရာမှာ - အိုဘားမားကို ဂျာမဏီပြည်က လူသားမျိုးတုန်းစေသူ အာဏာရှင် ဟစ်တလာနဲ့ နှိုင်းကြတယ်။ ဘယ့်နှယ် လူမည်းခေါင်းဆောင်တဦးကို ဂျာမဏီက လူဖြူကြီးစိုးရေးဝါဒီ ဟစ်တလာနဲ့ အမျိုးစပ်ပစ်လိုက်ပုံက အံ့ဖွယ်သုတ။ ပြီးတော့ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာဟာ သက်ကြီးရွယ်အိုတွေကို ကွပ်မျက်ပစ်ဖို့၊ သုတ်သင်ရှင်းလင်းဖို့ ကြံစည်သူ - သေစားသေစေ ပါးကွက်သားကြီးလို့လဲ သမုတ်လိုက်ကြသေးတယ်။ ကဲ သတင်းခေါင်းစဉ်တွေ ကြွေးကြော်သံတွေဟာ အမေရိကန်တ၀ှမ်းလုံး ညံသွား (သွားတယ်လို့ ထင်အောင်) မီဒီယာတွေက သတင်းပို့လိုက်တဲ့အခါ အဲသည် အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ရေးပြောင်းလဲရေးဆိုတာ ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရတော့တာပါပဲ။
လက်ယာအစွန်းရောက်တွေရဲ့ နိုင်ငံရေးကစားကွက်တွေဟာ တတိယနိုင်ငံတွေက အာဏာရှင်တွေနဲ့ သိပ်တော့ မခြားပါဘူး။ လူထုရဲ့ ကြောက်စိတ်ကို ကောင်းကောင်းအသုံးချတယ်လို့ မြင်ပါတယ်။ ပြီးတော့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးကို ရှေ့တန်းတင်လာတဲ့အခါမှာ မသိနားမလည်တဲ့ လူပါးမ၀တဲ့ ပြည်သူကို သူတို့အကျိုးလိုလို့ ညောင်ရေလောင်းသလိုမျိုး ပုံသွင်းတော့တာပါပဲ။
အမေရိကန်ပြည်ထောင်စုမှာ ဥပဒေမျိုးစုံ၊ စည်းကမ်းမျိုးစုံ ပြဌာန်းရင်း၊ တိုးချဲ့ရင်းနဲ့ ဈေးအကြီးဆုံး အမြတ်အများဆုံး စီးပွားရေးလုပ်ငန်းက ကျန်းမာရေးစောင့်ရှောက်မှု ဈေးကွက်ဖြစ်ပါတယ်။ လူလတ်တန်းစားတွေနဲ့ တကယ်မကျန်းမာသူတွေမှာ ကျန်းမာရေးအာမခံဝယ်ယူဖို့ အခက်အခဲတွေ ရှိကြတယ်။ အမေရိကန်မှာက ဆင်းရဲရင် အစိုးရနဲ့ ပြည်နယ်က စောင့်ရှောက်မှု ရနိုင်တယ်။ ချမ်းသာရင် ကိုယ့်ဖာသာ စောင့်ရှောက်နိုင်တယ်။ လူလတ်တန်စားတွေကတော့ အလယ်မှာ လပ်ကုန်ကြတယ်လို့ ဆိုကြပါတယ်။ ဆင်းရဲတယ်လဲ ပြောလို့မရ၊ ချမ်းသာတဲ့ အတန်းလဲ မ၀င်တော့ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေအများဆုံး လူလတ်တန်းစားတွေ၊ အလုပ်သမားတွေဟာ ဈေးကြီးတဲ့ ကျန်းမာရေး အာမခံစာရိတ်တွေ ပိနေတော့တာပါပဲ။
လူလတ်တန်းစားတွေဟာ တိုင်းပြည်ရဲ့ အခွန်ကို အများဆုံး ထမ်းထားရတော့ လူဆင်းရဲတွေကို ကုသပေးရတဲ့စာရိတ်ကိုလည်း သူတို့က ပေးနေရတယ်လို့ ဆိုနိုင်ပါတယ်။ လူချမ်းသာများက ယခင်သမ္မတ ဘွတ်ရှ်ရဲ့ လူချမ်းသာတွေ များများ လှူနိုင်တန်းနိုင်အောင်၊ လုပ်ငန်းတွေ များများမြှပ်နိုင်အောင် အားပေးတဲ့ အခွန်လွတ်ဥပဒေအောက်မှာ အခွန်အတုတ်တွေ သက်သာနေကြတော့ အခုစီးပွားပျက်ကပ်မှာ အခွန်တွေပိ၊ အလုပ်တွေပြုတ်၊ အကြွေးသံသရာလည်ပြီး လူလတ်တန်းစားတွေ၊ အလုပ်သမားတွေဟာ ဒေါသူပုန်ထသူတွေ ဖြစ်နေကြတာပေါ့ ခင်ဗျာ။
အဲသည် ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ရေးလှုပ်ရှားမှုနဲ့ အရင်းရှင်ဆေးဝါးလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အကျိုးစီးပွားတွေကို စိစစ်ဖို့၊ အကျိုးအမြတ်တွေ ရသမျှကို ကျန်းမာရေးလုပ်ငန်းတွေမှာ အမှန်တကယ် သုံးစွဲဖို့၊ လူတိုင်း ဆေးကုသခွင့်၊ ကျန်းမာရေးအာမခံထားပိုင်ခွင့်ရဖို့ ကြိုးစားကြတာကို လက်ယာအစွန်းရောက်တွေက ဒါဟာ တိုင်းပြည်ကို ဆိုရှယ်လစ်ဇာတ်သွင်းပြီလို့ အော်သူက အော်။ လွတ်လပ်စွာ ဆေးကုသခွင့် မရှိတော့ဘူး၊ လူတွေရဲ့ အသက်တွေကို အစိုးရက ချုပ်ကိုင်ပြီလို့ ဟစ်လို ဟစ်ကြတော့တာပါပဲ။
အထက်နဲ့ အောက်လွှတ်တော်က လက်ယာယိမ်း ရစ်ပတ်ဘလစ်ကန်အမတ်တွေက လူနည်းစုတွေ ညီညွတ်ကြဆိုပြီး လွှတ်တော်တွင်းမှာ ဒါကို ပိတ်ဆို့၊ တိုင်းပြည်တ၀ှမ်းလုံးမှာလည်း တီးပါတီလှုပ်ရှားမှု (လွန်ခဲ့တဲ့ နှစ် ၂၀၀ - အမေရိကန်တို့ အုပ်စိုးသူ ဗြိတိန်ကို တော်လှန်ခဲ့စဉ်၊ လဖက်ခြောက်အခွန်သပိတ်မှောက် လှုပ်ရှားမှု) ထူထောင်ပြီး အိုဘားမားအစိုးရကို ဆန့်ကျင်ကန့်ကွက်ပွဲတွေ ဖုံတလုံးလုံးထအောင် လှုပ်ရှားကြတာတွေကို မြင်ခဲ့ရပါတော့တယ်။ ၂၀၀၈ သမ္မတရွေးကောက်ပွဲ မနိုင်လိုက်တဲ့ ဆာရပေလင် အမျိုးသမီးကလည်း အိုဘားမားကြောင့် တိုင်းပြည်ဟာ ချောက်ထဲ ကျကုန်ပြီဆိုပြီး ညာသံတွေ ပေးပြန်တာလည်း တမှောင့်ပေါ့လေ။
တကယ်တမ်းမှာကျတော့ သမ္မတဘွတ်ရှ်လက်ထက် စစ်စာရိတ်များ၊ လူချမ်းသာများထံက မရလိုက်တဲ့ အခွန်ငွေများ၊ စီးပွားရေးလောဘသားများရဲ့ အိမ်ခြံမြေ နဲ့ စတော့ဈေးကွက်များ ကစားမှုတွေကြောင့် တိုင်းပြည် စီးပွားကျနေချိန်ဖြစ်တယ်၊ ဒါကို အားလုံးက ၀ိုင်းဝန်း ဆောင်ရွက်ကြရမယ်။ ရေရှည်အကျိုးဖြစ်မယ့် အကာအကွယ်တွေ လုပ်ကြရမယ်လို့ သမ္မတကြီး အိုဘားမားနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လက်ဝဲယိမ်းတဲ့ ဒီမိုကရက်ပါတီ အမတ်တွေက လှည့်လည်ဟောပြောကြ၊ ရီပတ်ဘလစ်ကန်အမတ်တွေနဲ့ မျက်နှာချင်းဆိုင် စကားစစ်ထိုးကြ၊ ကျန်းမာရေးအာမခံစာရိတ်ကို စီးပွားပျက်နေတဲ့ကြား၊ အမြတ်တွေ ထွက်နေတဲ့ကြားက လူတွေဆီက အတင်းကာရောဈေးမြှင့်တောင်းလာတဲ့ အာမခံကုမ္မဏီတွေကို လက်ညှိုး ငေါက်ငေါက်ထိုး ရှင်းပြကြတော့မှ နောက်ဆုံး ၂၀၁၀ မတ်လထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ နှစ် ၁၀၀ ကျော် ပြင်ဆင်ပြုပြင်ဖို့ သမ္မတအဆက်ဆက် လုံးပမ်းခဲ့တဲ့ သမိုင်းမော်ကွန်းဝင်မယ့် ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ရေး ဥပဒေကြီး တရားဝင် အတည်ပြုနိုင်ပါတော့တယ် ခင်ဗျား။
၂၀၁၀ နှစ်ဆန်းကစလို့ ပထမ ၄လပတ်ဟာ အမေရိကန်ပြည်ရဲ့ နိုင်ငံရေးစင်မြင့်မှာ ရှေးရိုးစွဲ လက်ယာစွန်းတွေရဲ့ အတွေးအခေါ်တွေနဲ့ ခေတ်ပေါ်နောက်လိုက်သူ လက်ဝဲသမားတွေရဲ့ သဘောထားတွေ တခြိမ်းခြိမ်းနဲ့ ခေါင်းချင်း ဆိုင် တိုက်ကြတဲ့ ကာလတွေ ဖြစ်ပါတယ်။ လက်ယာယိမ်းတွေက လူတွေကို ကြောက်လုံး လှန့်လုံးတွေနဲ့ စည်းရုံးတယ်။ အစွန်းရောက်အကြမ်းဖက်တွေကို မကာကွယ်နိုင်တဲ့ အိုဘားမားအစိုးရ ဆိုတာမျိုး … လက်ဝဲသမားတွေကလည်း တဖက်သတ်ရန်လိုမှုတွေ၊ ရှေးဆန်တဲ့ အတွေးအခေါ်ဟောင်းတွေနဲ့ ပြဿနာတွေကို မချည်းကပ်နိုင်ဆိုတာမျိုးနဲ့ ချေပတယ်။ မှားနေတာကို ဖုံးမထားနဲ့ ပြောပါ။ ဆွေးနွေးကြည့်မယ်။ နှစ်ဖက်စလုံး ပြင်ရင် မဖြစ်နိုင်ဘူးလား စတဲ့ လေချိုသွေးတာမျိုးတွေကို အိုဘားမားတို့တွေက လုပ်ကြတယ်လို့ မြင်မိပါတယ်။
ဒါကြောင့်မို့လို့ပဲ အီရန်ပြဿနာ၊ မြန်မာပြဿာနာတို့မှာ လက်ယာတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်လိုမှုဟာ လက်ဝဲတို့ရဲ့ ပျော့ပြောင်းတဲ့ ဟန်ထက် အများကြိုက်ဖြစ်လာတာကို တွေ့နိုင်ပါတယ်။ (သည်နေရာမှာ ရစ်ပတ်ဘလစ်ကန်တွေက လက်ယာတွေ၊ ဒီမိုကရက်တွေက လက်ဝဲလို့ သုံးစွဲတာဟာ သူတို့သတင်းစာတွေမှာ တရားဝင်သုံးစွဲနေလို့ လိုက်သုံးစွဲတာ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာပြည် ရေမြေသမိုင်းနောက်ခံနဲ့ နှိုင်းပြီး လွယ်လွယ် မြင်အောင် ရေးပြတာ ဖြစ်ပါတယ်)။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူးခင်ဗျာ။ ၂၀၀၈ စီးပွားပျက်ကပ်ကျစဉ်က စပြီး ဘဏ်တွေကို ကယ်ရတာ၊ လုပ်ငန်းတွေကို ကူရတာ၊ လူတွေကို ရှားပါးစာရိတ်တွေ ထောက်ရတာ စသည်ဖြင့်တွေကို အစိုးရတရပ်အနေနဲ့ ဆောင်ရွက်ခဲ့ကြရပေမယ့် ရေရှည်မှာ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စလိုပဲ အမေရိကန်ပြည်ငွေကြေးဈေးကွက် ပြုပြင်ရေးလှုပ်ရှားမှု လိုအပ်တယ် (Financial Reform) လုပ်ကြစို့လို့ အိုဘားမားက အသံလည်း ပစ်လိုက်ရော ရှေးရိုးစွဲ လက်ယာစွန်းတွေက အရင်းရှင်တွေကို မနာလိုလို့ သူတပါးချမ်းသာတာကို မရှု့စိမ့်လို့ ဆိုရှယ်လစ်ဇာတ်သွင်းဖို့ လုပ်လာပြန်ပြီလို့ ငယ်သံပါအောင် အော်ကြပြန်ပါလေရောတဲ့ခင်ဗျာ။
ငွေကြေးဈေးကွက်ပြင်ဆင်ဖို့ လိုတယ်လို့ ပြောရတာက ငွေရှင် ကြေးရှင်ကြီးတွေကို အစိုးရတွေ၊ ပြည်သူတွေက အခွန်ထမ်းပိုက်ဆံတွေနဲ့ သူတို့တွေ ဒုက္ခရောက်စဉ်မှာ ကူခဲ့ကြပေမယ့် အဲသည်ကူငွေတွေကို ယူပြီးတော့ အမြတ်တွေထွက်လာပြန်တဲ့အခါ ပြည်သူတွေကို ဘဏ်တွေ၊ ငွေကြေးကုမ္ပဏီတွေက ပြန်ကူဖို့၊ ငွေချေးတာတွေ၊ အတိုးလျော့တာတွေ၊ သက်ညှာတာတွေ မစဉ်းစားဘဲ၊ သူတို့ အစုရှင် အရှင်းရှင်တွေ အချင်းချင်း အမြတ်တွေ ထုတ် ခွဲဝေယူကုန်လို့ အိုဘားမားတို့က ပြုပြင်ရေးလိုတယ်လို့ ထောက်ပြရတာ ဖြစ်ပါတယ် ခင်ဗျာ။
ဒါကြောင့်မို့လို့ ၂၀၁၀ ခုနှစ် ပထမ ၄ လပတ် အမေရိကန်ပြည်တွင်းက ပဋိပက္ခတွေဟာ အလွန် ကြည့်လို့ကောင်းတဲ့ နိုင်ငံရေးပွဲကြည့်စင်ကြီး ဖြစ်နေတော့တာပါပဲ။ ကိုယ်ကျိုးစီးပွား သက်သက်ကို ကာကွယ်ဖို့ ဆိုတဲ့ အတ္တသက်သက်ကို ကြည့်လိုက်တဲ့အခါ ပရဟိတစိတ်ဆိုတာဟာ အတော်ရှားပါးတာကိုလည်း တွေ့ရပါတယ်။
တိုင်းပြည်တပြည်လုံးကနဲ့ အစိုးရတဖွဲ့လုံးက အတန်တန်တားနေတဲ့ကြားက မက္ကစီကိုပြည်နဲ့ နယ်ချင်းကပ်နေတဲ့ အာရီဇိုးနားပြည်နယ်က သူတို့ပြည်ဆင်းရဲရတာ၊ ရာဇ၀တ်မှုတွေ များနေရတာ နယ်စပ်က ခိုးဝင်လာတဲ့ တရားမ၀င်နေထိုင်သူတွေကြောင့်လို့ လက်ညိုး ငေါက်ငေါက်ထိုး စွပ်စွဲပြီးတော့ကာ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးနှိမ်နှင်းဖို့ ပုလိပ်တွေကို အာဏာကုန်ပေးလိုက်တာကလည်း လူ့အခွင့်အရေးဦးထိပ်ပန်ဆင်ပါတဲ့ဆိုတဲ့ ပြည်ကြီးအမေရိကန်လို့တောင် ထင်ရက်စရာ မရှိတဲ့ အဖြစ်ပါပဲ။ (အဲသည်ပြည်နယ်ရဲ့ လူ ၂၆ % က တောင်အမေရိကန်သားတွေ၊ မက္ကစီကိုတွေ အပါအ၀င် တဲ့)
ပုလိပ်တွေက လမ်းမှာ မသင်္ကာတဲ့ မည်သူကိုမဆို မှတ်ပုံတင်တောင်း စစ်ဆေးခွင့်၊ မှတ်ပုံတင်မပြနိုင်ရင်၊ တရားဝင်နေထိုင်သူဖြစ်ကြောင်းတို့၊ နိုင်ငံသားဖြစ်ကြောင်းတို့ မပြနိုင်ရင် ဖမ်းဆီးပိုင်ခွင့်၊ ပြီးတော့ ပြည်နယ်ကနေ ဗဟိုအစိုးရရဲ့ လူဝင်မှုကြည့်ကြပ်ရေးကို လွှဲပေးပြီး တိုင်းပြည်မှ နှင်ထုတ်နိုင်ရန် ဆောင်ရွက်ခွင့်တွေကို ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုပြီး အာရီးဇိုးနား ပြည်နယ်ဥက္ကဋ္ဌက လက်မှတ်ထိုးလိုက်ပြီတဲ့ ခင်ဗျ။ မကြာမီ လများအတွင်း အာရီဇိုနားမှာ မှတ်ပုံတင် လည်မှာဆွဲပြီး လူဖြစ်ကြောင်း ထောက်ခံစာ မပါက လူအဖြစ် မသတ်မှတ်ဟု လုပ်တော့မှာ ဆိုတော့ အမေရိကန်သမ္မတနဲ့တကွ ပြည်နယ်တော်တော်များများက လူသားတွေက ရှုပ်ချဝေဖန် ကန့်ကွက်နေကြပါတယ်။
လက်ယာစွန်း ကိုယ့်အကျိုးကွက်ကွက်လေးကြည့်သူများကတော့ ဒါကို လုပ်သင့်တယ်လို့ မြင်ကြပါတယ်။ ကိုယ့်အိမ်မှာ အမှိုက်လာရှုပ်တဲ့သူကို ရိုက်ထုတ်သင့် ရိုက်ထုတ်ရမှာပဲလို့ တွေးလိုက်တဲ့အခါ တလမ်းသွားလမ်းကြီးကဲ့သို့ ဖြစ်သွားတော့၊ ကိုယ်လာခဲ့ရာလမ်းဖြစ်တဲ့ တပြည်တရွာက ရွေ့ပြောင်းလာသူတို့ရဲ့တိုင်းပြည် ဒို့အမေရိကန်ပြည်ဆိုတာကို လည်ပင်းကလေးတောင် စောင်းလို့ ပြန်မလှည့်ကြည့်နိုင်အောင် ဖြစ်ကြရပါတယ်။
မြန်မာပြည်မှာ နေစရာအိမ်တောင်မရှိလို့ မိတ်ဆွေ သားချင်းများအိမ်မှာ သန်းကောင်စာရင်းတိုင်ပြီး လှည့်လည်နေထိုင်ရသူ တိုင်းပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်၊ မိမွေဖမွေအိမ်ကလေးကိုတောင် ပြင်ချင်တိုင်း ပြင်ခွင့်မရလို့ စစ်အစိုးရမင်းများထံမှာ လျောက်လွှာအဆင့်ဆင့်တင်ပြီး ကိုယ့်အိမ်မှာတင် ကိုယ့်အကျယ်ချုပ်ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အတွက်ကတော့ အာရီဇိုးနားအာဏာပိုင်တွေရဲ့ လုပ်ရပ်ကို အထူးတလည် အံသြကြမယ် မထင်မိပါဘူးလေ။ မြန်မာပြည်က အာဏာရှင်တွေကိုယ်တိုင်ကလည်း အမေရိကန်မှာတော့ ငါတို့တိုင်းပြည် ဖက်ဆစ်မြန်မာပြည်လို လမ်းမှာ မသင်္ကာတဲ့လူတွေ့ရင် တားချင်တိုင်းတား၊ စစ်ချင်တိုင်းစစ်၊ ဖမ်းချင်တိုင်း ဖမ်းလို့ရတဲ့ ဘ၀ချင်းတူတဲ့ ငါတို့ဖက်တော်သား အမေရိကန်ပြည်နယ်တခုနဲ့ သေဘော်ညှိလို့ရပြီ ဆိုပြီးတော့ ရွှေဝမ်းတော်တွေ သာပြီး အခြေခံဥပဒေထဲတောင် နောက်တိုး ထည့်သွင်းရေးဆွဲလိမ့်မယ် ထင်မိပါရဲ့။ အာရီဇိုးနားက ဆီနိတ်တာ အမတ်မင်း (ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ထောက်ခံသူ ဟု ဆိုသူ) ရစ်ပတ်ဘလစ်ကန်ခေါင်းဆောင်ကြီး မက်ကိန်းခင်ဗျာလည်း ၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲကို ဒိုင်လူကြီးလုပ်ဖို့ လာမယ်          ဆိုရင် မှတ်ပုံတင်ကလေး မေ့မလာဖို့ မြန်မာပြည်က မှာလိုက်ပါသတဲ့ ခင်ဗျာ။
မုဒိတာ ပွားနိုင်ကြပါစေ။ (အဟိ …)



Comments

Unknown said…
ဒီဆောင်းပါးလေးကို google reader ကတစ်ဆင့် ဖတ်လိုက်ရတော့ comment ပေးချင်တဲ့စိတ် က တားမရဘူး။ ဒါကြောင့် မရ ရ အောင် ကျော်ခွပြီး Comment ရတာပါ။ ပြောချင်တာက အလွန်နှစ်သက် လို့ပါ။ ကျေးဇူးတင်ပါတယ်။ ကွက်ကွက် ကွင်းကွင်းလည်း မြင်အောင် ယှဉ်လဲယှဉ်သာအောင် ဆွဲဆောင်မှုလည်းရှိအောင် ရေးတတ် ရေးနိုင်ဖို့က မလွယ်သလို၊ Satire ကို နှစ်ဖက်အမြင်နဲ့ ညစ်ညမ်းတဲ့ အသုံး လည်း မပါအောင် ရေးထားတာ ဖတ်လို့ကိုမ၀ပါ။ များများရေးနိုင်ရင် အလွန်ကောင်းမှာဘဲ။ မျှော်လင့်နေကြပါတယ်။ ထပ်ရေးပါဦး။ စိတ်ရှုပ်ထွေး စရာများလွန်းတဲ့ ကာလပျက်ကြီး ထဲမှာ ပြုံးကနဲ ဖြစ်အောင်ရေးနိုင်သူ သိတ်မရှိတော့ဘူးလေ။