Interview with Khin Lun - The Living Death Poet

ရှင်လျက်နဲ့ သေနေတယ်ဆိုတဲ့ ကဗျာဆရာ ခင်လွန်း
အင်တာဗျူး
ဇူလိုင် ၂၉၊ ၂၀၁၀
ပစ္စဘတ်မြို့၊ ဆန်ဆိုနီယဝေး အနုပညာစာစောင်မှာ ဖော်ပြထားတဲ့ မြန်မာကဗျာဆရာတဦးရဲ့ အင်တာဗျူး

၁။ ဘယ်ခုနှစ်က ဘာအကြောင်းကြောင့် မြန်မာပြည်ကို စွန့်ခွာလာခဲ့တာပါလဲ။

ဖြေ  - ၁၉၉၉- မှာ မြန်မာပြည်က ထွက်ခွာလာခဲ့ပါတယ်။ ထွက်ခွာလာတဲ့အကြောင်းရင်းတွေက..
၁။ ၁၉၈၈- ခု စက်တင်ဘာလ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံသားအားလုံးရဲ့  လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသား ဖန်တီးခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေကို စစ်တပ်က မတရားဥပဒေတွေထုတ်ပြန်ပြီး ကန့်သတ်မှုများ ပြုလုပ်ခဲ့ပါတယ်။
၂။ ၁၉၉၀ - ခု ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD- National League for Democracy) ကို အာဏာလွှဲပြောင်းပေးမှုမရှိတဲ့အပြင် နိုင်ငံရေးပါတီတခုရဲ့ရပိုင်ခွင့် များအားလုံးကို ( ပြောဆို စည်းရုံး ရေးသား ထုတ်ဝေခွင့်) ပိတ်ပင်ခဲ့ပါတယ်။ ပြည်သူနဲ့ NLD ပါတီ ထိတွေ့ခွင့်မရစေရန် ဖြတ်တောက်တာဖြစ်ပါတယ်။
          ၃။ စစ်တပ်က  မီဒီယာများအားလုံးကို ထိန်းချုပ်ထားပြီး ပြည်တွင်း-ပြည်ပ နိုင်ငံရေးအခင်း အကျင်းများကို  ပြည်သူများသိရှိခွင့်မရှိအောင် ဆင်ဆာဖြတ်တောက်ခြင်း၊ အနုပညာအရပ်ရပ်ရဲ့ လွတ်လပ်စွာ ဖန်တီးရေးသားခွင့်တို့ကို တင်းကြပ်စွာကန့်သတ်ခဲ့ပါတယ်။
၎။ အထက်မှာပြောခဲ့တဲ့အချက်တွေအပြင် အာဏာသိမ်းစစ်အစိုးရရဲ့ နိုင်ငံနဲ့အ၀န်း ဆိုးရွား တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မတရားအကျိုးစီးပွားရှာမှုတွေ၊ NLD အပါအ၀င် ဒီမိုကရေစီရေးလှုပ်ရှားနေသူ ရဟန်းသံဃာ၊ ကျောင်းသားပြည်သူတွေအပေါ် စစ်တပ် က မတရားဖိနှိပ် အနိုင်ကျင့်နေတာတွေ၊ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလူမျိုးစုတွေအပေါ် လူမျိုးတုန်းစစ်ပွဲဆင်နွှဲနေတာတွေ ကို နိုင်ငံတကာကမ္ဘာ့ပြည်သူတွေသိရှိအောင် ဖွင့်ချချင်ပါတယ်။
ဒီ့အတွက် ၁၉၉၆-၉၇မှာ ပြည်ပ(ထိုင်း)ရှိ ဒီမိုကရေစီရေးလှုပ်ရှားနေသူများနဲ့ဆက်သွယ်ပြီး ပြည်တွင်းအခြေအနေတွေကိုဖွင့်ချနိုင်မည့်သတင်းဌာနတခုတည်ထောင်ဖို့ကြိုးစားခဲ့ပါတယ်။(လစဉ်ထုတ်မိုးကြိုးသတင်းစဉ် MoJo Newsletter ထုတ်ဝေနိုင်ခဲ့၊ ယခုတိုင် ထိုင်းနယ်စပ်တွင်ထုတ်ဝေဆဲ)
          ဒီကိစ္စကို စစ်ထောက်လှမ်းရေးကသတင်းရသွားပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။ မိမိ လွတ်မြောက်ပြီး ထိုင်းနိုင်ငံကိုထွက်ခွာလာခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဘက်(၂)ဦး ဖမ်းဆီးထောင်ချခံရ ကာ ထောင်ဒဏ်(၈)နှစ်ကျပါတယ်။ သူတို့ဟာ ၂၀၀၄-ခုနှစ်မှာ CPJ ကချီးမြှင့်တဲ့ သတင်းနဲ့စာ နယ်ဇင်းလွတ်လပ်ခွင့်ဆု ရရှိခဲ့ပါတယ်။

၂။ မြန်မာပြည်တွင်းမှာတုန်းက ဘယ်လိုစာပေအမျိုးအစားတွေကို ဘယ်လောက်ကြာကြာ ဖန်တီးခဲ့ ပါသလဲ။

ဖြေ - ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါးများ ရေးသားခဲ့ပါတယ်။          ပထမဆုံးကဗျာကို ၁၉၇၅- မှာ စတင် ပုံနှိပ်ဖော်ပြခဲ့ရပါတယ်။ ကဗျာကိုအများဆုံး ရေးသားပြီး ယနေ့ထိတိုင် ရေးသားဆဲဖြစ်ပါ တယ်။ 
ဝတ္ထုတိုနဲ့ ဆောင်းပါးများကိုလည်း အခါအားလျော်စွာ ရေးသားခဲ့ပါတယ်။ စာပေဆောင်းပါး၊ လူငယ် တိုးတက်ရေးနဲ့ စီးပွားရေးအနုပညာဆိုင်ရာ ဆောင်းပါး၊ အားကစားဆောင်းပါးများ ရေးသားခဲ့ပါ တယ်။ ဘ၀သရုပ်ဖော်ဝတ္ထုတိုများလည်း ရေးသားပါတယ်။ ကလောင်အမည်အမျိုးမျိုးနဲ့ ရေးသားခဲ့ တာဖြစ်ပါတယ်။ နှစ်ပေါင်း (၂၀)ခန့်ထိ စာပေရေးသားခြင်း၊ စာပေလုပ်ငန်းတွင် ဘ၀နစ်မြှုပ်ထား ခြင်းတို့ဖြင့် အချိန်ကုန်ခဲ့ပါတယ်။

၃။ မိမိတိုင်းပြည်ကိုစွန့်ခွာခဲ့ရခြင်းဟာ ကဗျာဆရာတယောက်ရဲ့ဘ၀ကို ဘယ်အတိုင်းအတာအထိ ထိခိုက်စေခဲ့ ပါသလဲ။ စွန့်ခွာခဲ့ရမှုကြောင့် တစုံတရာကောင်းကျိုးရော ရှိခဲ့ပါသလား။ ရှိခဲ့မယ်ဆိုရင် အဲဒါ ဘာဖြစ်ပါသလဲ။

ဖြေ - မိမိတိုင်းပြည်ကိုစွန့်ခွာခဲ့ရခြင်းဟာ ကဗျာဆရာတယောက်ရဲ့ဘ၀မှာ ထိခိုက်ဝမ်းနည်း ကြေ ကွဲဖွယ်ရာတွေ အများကြီးရှိခဲ့ပါတယ်။   
          ကဗျာဆရာတွေဟာ မိခင်တိုင်းပြည်ရဲ့ အငွေ့အသက် မိမိလူမျိုးရဲ့ယဉ်ကျေးမှုဓလေ့စရိုက် ထုံးတမ်းအစဉ်အလာတွေကို အင်မတန်ချစ်မြတ်နိုးကြသူများပါ။ ဒါတွေသာမက လူသားဘာဝ မိမိ မိဘ မောင်နှမ ဘ၀၀န်းကျင်များအကြား အေးချမ်းမှုရှိတဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားကြသူများ ဖြစ်တဲ့အတွက် အဲဒါတွေကို ယခုအချိန်အထိ ပြန်မရတော့အောင် ဆုံးရှုံးခဲ့ရပါပြီ။
(ယခုအချိန်ထိ ဇာတိမြေနဲ့ မည်သို့သောအကြောင်းနဲ့မှ မဆက်သွယ်တော့ပါ။ စစ်တပ်က သိခဲ့ရင် မိခင်အိုနဲ့တကွ ပတ်သက်သူအားလုံးကို မတရားပုဒ်များတပ်ကာ ဖမ်းဆီးထောင်ချလေ့ရှိ)
          နောက်ဆုံးရှုံးမှုတခုက ပြည်ပမှာရပ်တည်ရမှုဟာ အနုပညာနယ်မဟုတ်တော့ဘဲ ဒီမိုကရေ စီရေးလှုပ်ရှားရာနေရာဖြစ်တဲ့အတွက် စာပေရေးဖွဲ့ရေးဟာ နောက်တန်းရောက်သွားခဲ့ပါတယ်။ အနု ပညာဖန်တီးမှုအတွက် အခက်အခဲကြီးမားသွားပါတယ်။ ပြည်တွင်း စာနယ်ဇင်းများနဲ့ မျက်ခြေပြတ် သွားတာဟာလည်း စာရေးဖြစ်ဖို့လှုံဆော်မှုကို ဆုံးရှုံးရတာပါပဲ။ အဓိကအကျဆုံးက စာဖတ်သူများရဲ့ မြင်ကွင်းမှ ပျောက်ကွယ်ရခြင်းဟာ အထီးကျန်မှုထက်ပိုတဲ့ ကြေကွဲဖွယ်ဆုံးရှုံးမှုများပဲ ဖြစ်ပါတယ်။
ဒါဟာ အနုပညာသမားတယောက်အတွက် ရှင်လျက်သေဆုံးရခြင်းနဲ့ ဘာမှမခြားတဲ့ နိဂုံး လို့တောင် ဆိုလို့ရပါတယ်။
            ဒါပေမဲ့ ပြည်ပရောက်လာမှ အကျိုးရှိတွေလည်းရှိပါတယ်။ ကောင်းကျိုးလို့တော့ မဆိုချင်ပါ။
အနုပညာရှင် မည်သူတဦးတယောက်မျှ အမိမြေကထွက်ခွာလာရတာကို ကောင်းကျိုးလို့ ဆိုနိုင်ဖို့ ခက်လှပါတယ်။ ( အစိုးရကိုဖီဆန်လို့ တိမ်းရှောင်ထွက်ပြေးလာသူများကိုသာ ဆိုလို)
          မိမိ ပြည်ပကိုထွက်ခွာလာရတာဟာ တရားဝင်ရောက်လာတာမျိုးမဟုတ်ဘဲ ရာဇ၀တ်သား အဖြစ် ရှောင်ပုန်းပြေးလွှားခဲ့ရတာသာဖြစ်ပြီး ထိုင်းအစိုးရက တရားမ၀င် ရောက်လာတဲ့လူတွေကို မျက်နှာသာပေးလေ့မရှိပါဘူး။
ဒါပေမယ့် ထိုင်းမှာနေရင်း မြန်မာစစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖိနှိပ်ရက်စက် သတ်ဖြတ် အနိုင်ကျင့် စတဲ့ လူမဆန်မှုတွေကို ခါးစီးခံနေကြရတဲ့ တနိုင်ငံတည်းသား တိုင်းရင်းသားလူထုရဲ့ ဘ၀များကို မျက်ဝါးထင်ထင် ကိုယ်တွေ့ကြုံရတဲ့အခါ စစ်အာဏာရှင်စနစ် မြန်မာပြည်မှာ အပြီးတိုင် ပျက်သုဉ်းဖို့ မဖြစ်မနေလိုအပ်လာပြီဆိုတာကို ပိုမို အလေးအနက် ပြုမိလာပါတယ်။
ပြည်မမှာသာ ကျင်လည်ခဲ့တဲ့မိမိအဖို့ နယ်စပ်တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုနဲ့ ကရင်အမျိုးသားများအပေါ် စစ်အစိုးရက လူမျိုးတုန်းသတ်ဖြတ်နေတာတွေကို ပိုမိုစာနာ နားလည်လာနိုင်တာဟာ ကြီးမားတဲ့အသိတန်ဖိုးလို့ မြင်မိပါတယ်။ ပြည်သူလူထုလိုလား တဲ့ အေးအတူပူအမျှ ပြည်ထောင်စုကြီးတခု မဖြစ်မနေတည်ဆောက်ဖို့ လိုအပ်ပါလားဆိုတဲ့ အသိ ဟာ ယခင်ကထက် ပိုခိုင်မြဲလာပါတယ်။ ဒါဟာ အင်မတန်တန်ဖိုးကြီးတဲ့အသိလို့ ဆိုချင်ပါတယ်။
          နောက်တခုက လက်ရှိအနေအထားမှာ တဦးပေါ်တဦး နားလည်မှုကွဲလွဲနေတဲ့ တိုင်းရင်း သားများအကြား ညီညွတ်ချစ်ကြည်နေထိုင်ဖို့ မိမိကိုယ်တိုင် လက်တွေ့ကြိုးစားနေထိုင်ပါတယ်။ ဒါ ဟာ အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးရလဒ်ပါ။

၎။ ပြည်ပကိုရောက်တဲ့အခါ စာရေးခြင်း၊ ကဗျာရေးခြင်းအလုပ်ကို ဆက်လုပ်နိုင်ခဲ့ပါသလား။ ဘယ်လိုနည်းနဲ့ စာဆက်ရေးခဲ့ပါသလဲ။

ဖြေ - ပြည်ပရောက်စမှာ အတိုက်အခံအင်အားစုတွေထုတ်ဝေတဲ့ဂျာနယ်များမှာ  အခါအားလျော်စွာ ကဗျာရေးသားခွင့်ရပါတယ်။ ၂၀၀၁-၀၂-ခုများမှာ ပြည်ပရောက်မြန်မာတွေ အင်တာနက် ၀က်ဆိုက် တွေ တည်ထောင်လာကြတော့ စာပေနယ်တရပ် ပီပြင်ထွန်းကားလာပါတယ်။
အဲဒီအတွက် မိမိရေးသားဖန်တီးလိုတာများ ရေးခွင့်ရလာပါတယ်။ ယခုနှစ်များအတွင်းမှာ ဂျာနယ်၊ မဂ္ဂဇင်းများပါထုတ်ဝေလာကြတဲ့အတွက် ပါဝင်ရေးသားခွင့် ပိုရလာပါတယ်။

၅။ ပြည်တွင်းမှာအနုပညာဖန်တီးရတာနဲ့ Exile ဘ၀နဲ့ ပြည်ပမှာနေပြီးအနုပညာဖန်တီးရခြင်းအတွက် ကွာ ခြားတဲ့ခံစားချက်ကို ပြောပြပေး ပါလား။ 

ဖြေ -    ပြည်တွင်းမှာ အနုပညာဖန်တီးရတာဟာ အာဏာပိုင်နဲ့ စီးချင်းထိုးရတာမျိုးပါ။ အားချင်း ဉာဏ်ချင်းပြိုင်ရတာပါ။ စာတပုဒ်ရေးသားနိုင်တာဟာ အတားအဆီး အပိတ်အပင် အစောင့်အကြပ် များလှတဲ့ ဘဏ္ဍာသိုက်ထဲကရတနာတွေကို ခက်ခက်ခဲခဲကျော်လွှားပြီးရယူနိုင်တဲ့ သူရဲကောင်းတဦး ရဲ့ခံစားမှုမျိုးနဲ့ တူပါလိမ့်မယ်။ အင်မတန်ပီတိဖြစ်ရပါတယ်။ စစ်ပွဲတပွဲအောင်နိုင်သလိုမျိုး ခံစားရပါ တယ်။ ဒါပေမယ့် ပိတ်ပင်တားမြစ်မှုတွေကာလကြာရှည်လာတဲ့အခါ လူတွေဟာ မွန်းကျပ်မှုဒဏ် ကြောင့် မပွင့်လန်းနိုင်တော့တာမျိုးလည်း ရှိကြပါတယ်။
          ပြည်ပမှာက အာဏာပိုင်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့မလိုတော့တဲ့အတွက် ရေးသားဖန်တီးရတာ ပိုမိုလွတ်လပ်တာ အမှန်ပါ။ ဒါပေမယ့် အကြွင်းမဲ့လွတ်လပ်မှုအောက်မှာ ဖန်တီးတဲ့အနုပညာဟာ တခါတခါ နိုင်ငံရေးကြေညာစာတမ်း ဆန်သွားတတ်တာနဲ့  အနုပညာအားနည်းပြီး ရသဗေဒထိခိုက် သွားတတ်တာဆိုတဲံ အစွန်းနှစ်ခုကို တွေ့ရတတ်ပါတယ်။
          မိမိကတော့ တိုင်းပြည်မှာ အရေးတကြီးလိုအပ်နေတဲ့ (ထောင့်) ဒေါင့်တွေကို တတ်စွမ်းတဲ့ ရသဗေဒကို လက်စွဲအဖြစ်အားပြုပြီး ရေးသားတင်ပြနေပါတယ်။ ဘာပဲပြောပြော လွတ်လပ်မှုဆိုတဲ့ တန်ဖိုး အကြီးဆုံးလာဘ်တပါးကိုရထားတာတော့ အမှန်ပါပဲ။ ကျေနပ်စရာကောင်းပါတယ်။

၆။ အခုအချိန်မှာ ဘယ်လိုအနေအထားမျိုး ဘယ်လိုပုံစံမျိုး (အလုပ်အကိုင်မျိုး) နဲ့ ဘ၀ရပ်တည်နေပါသလဲ။ 

ဖြေ -   ၂၀၀၁- ခုကနေ ၂၀၀၆- နှစ်လည်အထိ ပြည်ပမှာ မိမိတို့ကြိုးပမ်းမှုရလဒ်အရ ယနေ့တိုင် ထုတ်ဝေနေဆဲဖြစ်တဲ့ မိုးကြိုးသတင်းစဉ်မှာ Volunteer လုပ်ခဲ့ပါတယ်။ အယ်ဒီတာအဖြစ်ပါ။ အခမဲ့ ဖြန့်ချိတဲ့တော်လှန်ရေးသတင်းစားဖြစ်တဲ့အတွက် လစာ ထောက်ပံ့မှု စသည် တစုံတရာ မရခဲ့ပါ။    ၂၀၀၄- ခုနောက်ပိုင်းမှာ UNHCR မှာ ဒုက္ခသည်အဖြစ်လျှောက်ခဲ့ပြီး တတိယနိုင်ငံ အခြေချ နိုင်ရေးအတွက် ၂၀၀၆- စက်တင်ဘာမှာ ထိုင်း-မြန်မာနယ်စပ်က နို့ဖိုးဒုက္ခသည်စခန်းကို ၀င်ခဲ့ပါ တယ်။ ယခုတိုင် ဒုက္ခသည်စခန်းထဲမှာ ခိုလှုံနေရပါတယ်။
          ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့် မပေးတဲ့အတွက် ဘာမှမလုပ်နိုင်ပါ။ UNHCR ကထောက်ပံ့သည့် ရိက္ခာ၊ အိုး အိမ်တို့နဲ့ ကျရာဘ၀မှာ ဖြစ်သလိုနေထိုင်ပါတယ်။ အခါ အားလျော်စွာ စာပေရေးသားခြင်းအလုပ်ကို လုပ်နေပါတယ်။

၇။ မြန်မာကဗျာဆရာတယောက်အနေနဲ့ အနာဂတ်မှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာဖြစ်ပါသလဲ။

ဖြေ -   ပထမဆုံးက တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တာပါပဲ။ အမုန်းအာဃာတတွေ ကင်းစင်ပြီး တိုင်းရင်းသား ညီအကိုများအချင်းချင်း လေးနက်တည်ကြည် အနှစ်သာရရှိတဲ့ အေးအတူ ပူအမျှ ဘ၀မျိုးနဲ့ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်ချင်ပါတယ်။ ကာလတာရှည်အဖြစ်ဆိုး သံသရာကြီးထဲ က အမြန်ဆုံးလွတ်မြောက်ချင်ပါတယ်။ နယ်ပယ်အသီးသီးကိုလဲ လွတ်လပ်မှုရစေချင်ပါတယ်။
မိတကွဲ ဖတကွဲ သားတကွဲ မယားတကွဲအဖြစ်တွေ နိဂုံးချုပ်ကြပါစေ။ တိုင်းပြည်ကြီး အေး ချမ်းပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့အဆင့်မျိုးရောက်ဖို့ အမျိုးသားညီညွတ်ရေး ဖြစ်ပေါ်စေ ဖို့ဟာ အခုရော အနာဂတ်မှာရော ထာဝရအဖြစ်ချင်ဆုံး ဆန္ဒပါ။

Comments