Rangoon: city for millions of rats

ကြွက်များပျော်ပြီး အမှိုက်များတောင်လိုပုံတဲ့ မြို့တော်ရန်ကုန်
ဝင်းမြတ်၊ ရန်ကုန်
ဇူလိုင် ၂၉၊ ၂၀၁၀ ရန်ကုန်မြို့ ရန်ကင်းမြို့နယ် တစ်နေရာတွင် အမှိုက်ပုံမှ ပလပ်စတစ်၊ ကြေး၊ သံ၊ စက္ကူ တို့ကို ရွေးချယ် ဖယ်ထုတ်နေသည့် စည်ပင် အလုပ်သမားများ

မမေမိုးရဲ့ တစ်နေ့တာကို ရေနွေးအိုး တည်ခြင်းနဲ့ စတင်ပါတယ်။ ရေနွေးအိုး မဆူခင် နောက်ဖေး မီးဖိုချောင်ထဲမှာ ပျံ့ကြဲနေတဲ့ ကြွက်ချေးနဲ့ အမှိုက်တွေကို ရှင်းလင်းရပါတယ်။ ရေနွေးအိုး ဆူပြီ ဆိုတာနဲ့ နောက်ဖေး လမ်းကြားထဲကနေ အိမ်ထဲ ၀င်လာတဲ့ ကြွက်တွေကို ရေနွေးနဲ့ လိုက်ပက်ခြင်းဟာ မမေမိုးရဲ့ နံနက်ခင်း အလုပ်တွေပဲ ဖြစ်ပါတယ်။

မမေမိုးဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်အတွင်းက ရှစ်လွှာတိုက်တလုံးရဲ့ မြေညီထပ်မှာ နေထိုင်သူဖြစ်ပါတယ်။ သူတို့ နောက်ဖေးလမ်းကြားမှာ အမှိုက်ပုံကြီးက တောင်လို ပုံနေပြီး နောက်ဖေးတံခါးဟာ အမှိုက်ပုံထဲ နစ်မြုပ်နေတာကြောင့် ဖွင့်လို့ မရတာ ကြာပါပြီ။

`အမှိုက်ပုံပေါ်မှာ အိမ်ဆောက်နေရသလိုပဲ´လို့ မမေမိုးက ညည်းတွားပါတယ်။

တံခါးရဲ့ အောက်ခြေမှာ ကြွက်တွေ ကိုက်ဖောက်ထားတဲ့ အပေါက်တွေကြားကနေ ရေဆိုးတွေ စီးဝင်လာတတ်လို့ အင်္ဂတေနဲ့ ပိတ်ထားရပါတယ်။ မမေမိုးရဲ့အိမ်ထဲကို ၀င်လာတဲ့ ကြွက်တွေရဲ့ မူလရင်းမြစ်ကတော့ နောက်ဖေး လမ်းကြားက အမှိုက်ပုံကြီးပဲ ဖြစ်တယ် ဆိုတာ အထူးတလည် ပြောနေစရာ မလိုတော့ပါဘူး။

လူဦးရေ များလာသလို ကြွက်ကောင်ရေလည်း တိုးလာ
ရန်ကုန်မြို့ရဲ့လူဦးရေဟာ တစ်နှစ်ထက် တစ်နှစ် များပြားလာတာကြောင့် စွန့်ပစ်တဲ့ အမှိုက် တန်ချိန်ကလည်း ပိုမို များပြားလာခဲ့ပါတယ်။ မြို့တော် သန့်ရှင်းရေး အတွက် တာဝန်ယူထားတဲ့ စည်ပင် သာယာရေး အဖွဲ့ရဲ့ သန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်မှုတွေက တိုးတက်လာတဲ့ လူဦးရေကို လိုက်မမီနိုင် ဖြစ်နေပါတယ်။ သည်အချက်တွေကြောင့် ရန်ကုန်မြို့ပေါ်က နောက်ဖေး လမ်းကြားတွေ၊ လမ်းမတွေပေါ်မှာ အမှိုက်တွေ တောင်လို ပုံလာခဲ့ပါတယ်။

သည်အမှိုက်ပုံတွေဟာ စားကျွင်းစားကျန်တွေကို မီခို အသက်ရှင်တဲ့ ကြွက်တွေ အတွက်တော့ ရိက္ခာ အပြည့်အစုံနဲ့ ခိုလှုံပေါက်ပွားရာ ဗိမ္မာန်ကြီးတွေ ဖြစ်လာခဲ့ပါတယ်။ တိုက်ခန်း အောက်ခြေတွေမှာ ကြွက်တွေက လိုဏ်ခေါင်းတွေ တူးထားပြီး အမှိုက်ပုံနဲ့ အိမ်ထဲကို ကူးလူး ဆက်သွယ် သွားလာကြပါတယ်။ ကြွက်တွေက အကောင် အကြီးကြီးတွေမို့ လူတွေကို တော်ရုံနဲ့ မကြောက်ကြဘူးလို့ တိုက်ခန်း နေသူတွေက ပြောကြပါတယ်။

တနည်းအားဖြင့် ရန်ကုန်မြို့ရဲ့ တိုးတက်လာတဲ့ လူဦးရေ အချိုးနဲ့ အမျှ ရန်ကုန် ကြွက်ကောင်ရေလည်း တိုးတက်လာတဲ့ သဘောပါ။

ဘေးဘယ်ညာမှာ ပြူတင်းပေါက် မရှိတဲ့ မမေမိုးရဲ့ တိုက်ခန်းလေးထဲမှာ အမှိုက်ပုံက ထွက်တဲ့ အနံ့ဆိုးတွေ၊ ကြွက်တွေ စွန့်ပစ်ထားတဲ့ အညစ်အကြေးတွေနဲ့ ကြွက်ကိုယ်က ထွက်တဲ့ အနံ့ဆိုးတွေဟာ ရောပြွမ်းနေပါတယ်။ အင်္ဂတေ ကြမ်းခင်းပေါ်မှာ ခင်းထားတဲ့ သစ်သား ကွပ်ပျစ်တွေ ကြားမှာလဲ ကြွက်တွေ ဖောက်ထားတဲ့ အပေါက်တွေကို ဟိုနေရာတစ်ပေါက် သည်နေရာ တစ်ပေါက် တွေ့နိုင်ပါတယ်။

ပလိပ်ရောဂါနဲ့ ကြွက်
လူတွေကို ကပ်ရောဂါအသွင်နဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ ပလိပ်(Plague) ရောဂါဟာ ကြွက်မွေးတွေကြားမှာ နေထိုင်တဲ့ ကြွက်လှေး(Rat flea) တွေကနေ လူကို ကူးစက်တာ ဖြစ်တယ်လို့ ရန်ကုန်မြို့ရှိ အဏုဇီဝဗေဒပညာရှင် တစ်ဦးက ပြောပါတယ်။

`ကြွက်ကတစ်ဆင့် လူကိုကူးတဲ့ ရောဂါတွေထဲမှာ ပလိပ်ရောဂါဟာ ကြောက်စရာ အကောင်းဆုံးပဲ´ လို့ သူက ပြောပါတယ်။

ရောဂါရှိတဲ့ ကြွက်ရဲ့သွေးကို စုပ်တဲ့ ကြွက်လှေးထဲကို ဘက်တီးရီးယားပိုးတွေ ၀င်သွားပါတယ်။ အဲသည့် ကြွက်လှေးက လူကို ကိုက်တဲ့အခါ လူ့ကိုယ်ခန္ဓာထဲကိုလည်း ဘက်တီးရီးယားတွေ ၀င်သွားပြီး ပလိပ်ရောဂါ ဖြစ်စေနိုင်ပါတယ်။

ပလိပ်ရောဂါကို အကျိတ်ရောင်ပလိပ် (Bubonic Palgue)၊ အဆုတ်ရောင် ပလိပ်(Pneumonic Plague) နဲ့ သွေးဆိပ်တက် ပလိပ် (Septicemic Plague) ဆိုပြီး သုံးမျိုး တွေ့နိုင်ပြီး အဆုတ်ရောင်ပလိပ်နဲ့ သွေးဆိပ်တက်ပလိပ်တွေဟာ ကူးစက်မြန်ပြီး သေဆုံးမှု များတယ် လို့ ရှင်းပြပါတယ်။

သည်လို ရောဂါတွေတင် မကသေးပါဘူး၊ မမေမိုးရဲ့ အိမ်ချင်းကပ်လျက်က ကလေးငယ်တစ်ဦး အိပ်ပျော်နေတုန်း ကြွက်ကိုက်ခံရပါသေးတယ်။ ကလေးကို မိဘတွေက ဆေးခန်း အချိန်မီ ပြနိုင်ခဲ့လို့ ရောဂါ အကြီး အကျယ် မရခဲ့ဘူး လို့ ဆိုပါတယ်။

ကြွက်ကိုက်ခံရတဲ့အခါ Rat bite fever ဆိုတဲ့ အဖျားရောဂါ တစ်မျိုးလည်း ရနိုင်တယ်လို့ အဏုဇီဝပညာရှင်က ပြောပါတယ်။

ရောဂါပိုးတွေ သယ်ဆောင်လာတဲ့အပြင် လူတွေရဲ့ အစား အသောက်တွေ၊ အ၀တ်အထည်တွေကိုပါ ကိုက်ဖြတ် စားသောက်တတ်တဲ့ ကြွက်တွေကို နည်းမျိုးစုံနဲ့ နှိမ်နင်းဖို့ ကြိုးစားကြပါတယ်။ ကြွက်ထောင်ချောက်၊ ကြွက်သတ်ဆေးတွေ ချတဲ့အခါ ကြွက်သေတွေကို မြှုပ်စရာ မြေမရှိတာကြောင့် အမှိုက်ပုံကိုပဲ သွားပစ်ကြရပါတယ်။

တစ်ချို့ အိမ်တွေက လူငှားပြီး ကြွက်သတ်ကြပါတယ်။ မြို့ပေါ်က ကြွက်မုဆိုး မြို့တော်စည်ပင်ကလည်း ကြွက်တွေကိုနှိမ်နင်းဖို့ ကြွက်ဖမ်း ကျွမ်းကျင်သူတွေကို လောက်စာလုံး၊ လေးခွနဲ့ မီးအိမ် တစ်ယောက်တစ်လုံးစီ ပေးပြီး ရန်ကုန်မြို့ပေါ်မှာ တရားဝင် ကြွက်ဖမ်းခွင့် ပေးထားပါတယ်။ သို့ပေမယ့် စနစ်တကျ မဟုတ်တာကြောင့် ထိရောက်မှု မရှိလှပါဘူး။

စည်ပင်က ကြွက်ဖမ်းဖို့ ခေါ်ထားတဲ့ သူတွေက တစ်လမ်းဝင် တစ်လမ်းထွက် တွေ့သမျှ ကြွက်တွေကို လေးခွနဲ့ပစ်ခတ် သတ်ဖြတ်ကြပါတယ်။ စည်ပင်က ကြွက်အမြီး တစ်ချောင်းကို ငါးဆယ်ကျပ် ပေးပြီး ကြွက်အသားတွေကိုတော့ ဆင်ခြေဖုံးတွေမှာ ရှိတဲ့ စားသောက်ဆိုင်တွေကို သွင်းရင် တစ်ပိဿာ နှစ်ထောင် ရပါတယ်။

အဲသည့် ကြွက်ဖမ်းသူတွေဟာ လက်ဗလာ ခြေဗလာနဲ့ လမ်းတကာမှာ ကြွက်လိုက်ဖမ်းနေတာကြောင့် ကြွက်က တစ်ဆင့် ကူးစက် နိုင်တဲ့ ရောဂါတွေ ကြွက်မုဆိုး ဘယ်နှစ်ယောက်လောက် ကူးစက် ခံနေရမှန်း မသိနိုင်ပေမယ့် ကြွက်တွေကတော့ ရန်ကုန်မြို့ပေါ်မှာ ပပျောက်သွားခြင်း မရှိသေးပါဘူး။

`ကြွက်တွေကိုလိုက်သတ်နေတာထက် ကြွက်တွေရဲ့အဓိကနေရာကို ရှင်းထုတ်နိုင်မှ ကြွက်ရန်က ဝေးမှာ´ လို့ မမေမိုးက သူ့အမြင်ကို ပြောပါတယ်။ ကြွက်တွေ ပေါက်ပွားရာ အရင်း အမြစ် ဖြစ်တဲ့ အမှိုက်ပုံတွေကို ရှင်းလင်းဖို့ အတွက်တော့ သက်ဆိုင်ရာရဲ့အကူအညီမပါဘဲ ရှင်းလင်းဖို့ ခက်ခဲပါတယ်။

လူတွေ ပိုက်ဆံစုပြီး နောက်ဖေး လမ်းကြားက အမှိုက်ပုံကို ရှင်းလင်းနိုင်ပေမယ့် အမှိုက်တွေကို သယ်ဖို့ ကား မရှိတာကြောင့် စည်ပင်ရဲ့ အမှိုက်ကား အကူအညီ လိုပါတယ်။ စည်ပင်ကို အမှိုက်ကား အကူအညီတောင်းတဲ့အခါ သက်ဆိုင်ရာ ဌာနမှာ အသိမိတ်ဆွေ ဒါမှမဟုတ် အရာရှိ ကြီးကြီးတွေနဲ့ ရင်းနှီး ကျွမ်းဝင်မှ အကူအညီ တောင်းနိုင်ပြီး ကားလာတဲ့အခါမှာလည်း ခေါက်ရေ အလိုက် လောင်စာဆီနဲ့ ငွေကျပ် သောင်းဂဏန်းအထိ ပေးရတတ်တယ် လို့ စည်ပင်အမှိုက်ကား ငှားဖူးသူ တစ်ဦးက ပြောပါတယ်။

တာမွေဈေးရှေ့ ဗညားဒလလမ်းမပေါ်မှာ အမှိုက်ပုံကြီးက လမ်းတစ်ဝက်ထိ နေရာယူနေတာကို ကြည့်ခြင်းအားဖြင့် ရပ်ကွက်တိုင်း လမ်းတိုင်းမှာ အမှိုက် စွန့်ပစ်ဖို့ အမှိုက်ကန် မထားပေးနိုင်ခြင်းနဲ့ အမှိုက်တွေကို ပုံမှန်သိမ်းဖို့တောင် စည်ပင်မှာ ၀န်ထမ်း အင်အားနဲ့ အမှိုက်သယ်ယာဉ် လုံလောက်အောင် မရှိသေးတာ တွေ့နိုင်ပါတယ်

ဝန်နဲ့အားမမျှ
ရန်ကုန်မြို့တွင် အမှိုက်ကား အစီး ၂၀၀ ကျော်၊ ၀န်ထမ်းအင်အား သောင်းဂဏန်းနဲ့ အမှိုက် သိမ်းဆည်းနေပေမယ့် သန်းချီတဲ့ ရန်ကုန်လူထုရဲ့ အမှိုက် စွန့်ပစ်မှုနှုန်းကို လိုက်မမီနိုင်သေးဘူး လို့ စည်ပင် တာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီး ဂျာနယ်တစ်စောင်က ဖော်ပြထားပါတယ်။ ၂၀၀၇ ခုနှစ် စာရင်းများအရ ရန်ကုန်မြို့ရဲ့ အမှိုက်ထွက်ရှိမှု နှုန်းက တစ်နေ့ တန် ၁၅၀၀ ခန့် ရှိပြီး မီးဖိုချောင်ထွက် အမှိုက်(စားကြွင်းစားကျန်) ၇၃ ရာခိုင်နှုန်းခန့် ပါဝင်နေတယ်လို့ သိရပါတယ်။

အမှိုက်ပစ်ဖို့နေရာ သတ်သတ်မှတ်မှတ်မရှိ၊ အမှိုက် ပုံမှန် လာမသိမ်းတာရယ်တို့ကြောင့် လူတွေက အလွယ်တကူ အမှိုက်ပစ်ကြလို့ နောက်ဖေး လမ်းကြားမှာ အမှိုက်တွေ ပုံလာတာ ဖြစ်တယ်လို့ အထပ်မြင့် တိုက်ခန်းနေသူတွေက ပြောကြပါတယ်။

မိုးရွာတဲ့အခါ အမှိုက်ပုံက ရေဆိုးရေညစ်တွေ လမ်းမတွေပေါ်မှာ ပြည့်နေပြီး နောက်ဖေး လမ်းကြားက ရေဆိုးတွေဟာလည်း နောက်ဖေး မီးဖိုချောင်က တစ်ဆင့် မမေမိုးရဲ့ တိုက်ခန်းလေးထဲကို ၀င်လာတတ်ပါတယ်။ ရေကြီးတဲ့ အခါ အမှိုက်ပုံထဲမှာ ခိုအောင်းနေတဲ့ ကြွက်တွေဟာလည်း လူနေ တိုက်ခန်းတွေထဲကို ပြေးဝင် ခိုလှုံလာကြပါတယ်။ မမေမိုးကတော့ နောက်ဖေးခန်းထဲကို ၀င်လာတဲ့ ရေစိုနေတဲ့ ကြွက်တစ်ကောင်ကို ရေနွေးနဲ့ လှမ်း ပက်လိုက်ပြီး နီးစပ်ရာ ခွေးခြေတစ်ခုပေါ်ကို ပြေးတက်လိုက်ပါတော့တယ်။

ရန်ကုန်မှာ နေထိုင်သူတွေရဲ့ အမှိုက်စွန့်ပြစ်မှု ပြဿနာ၊ သိမ်းဆည်းမယ့် စည်ပင်ရဲ့ အားနည်းချက်၊ သိမ်းသူ မလာလို့ နီးရာမှာ စွန့်ပစ်၊ အဲဒီ အကျိုးဆက် ကွင်းဆက်တွေထဲမှာ မမေမိုး လတ်တလော ဖြတ်တောက်နိုင်တာ ကိုယ် လက်လှမ်းမှီတဲ့ ကြွက်ကို ရေနွေးနဲ့ လှမ်းပက်ခြင်းပဲ ဖြစ်ပါတော့တယ်။

Comments

Anonymous said…
ခွေးသူခိုးစစ်အစိုးရတွေဘာလုပ်နေကြလဲ
ပြည်သူကိုဘယ်တော့မှလှည့်မကြည့်ဘူး
Once a Public Servent in Burma. said…
There is no good public services exit in Burma these days! Most rules and regulations of the government's organizations (supposed to name public service department) and their administrative organizations (formed to protect the military regime) of Burma today is to make money (robbing the public).
Unknown said…
ဒီနွားတွေအုပ်ချုပ်နေသရွေ့ ရေနွေးသာဆက်တည်ပြီးအကုသိုလ်ယူနေရအုံးမှာဘဲရန်ကုန်သူ/သားတို့ ရေ..ခွေးမသားစစ်ခွေးတွေ