Citizen of Burma - SF Chapter will do community out-reach activity

ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်မိသားစု လာမည့်စနေ စာပေဟောပြောပွဲ သွား အားပေးကြမည်
မိုးမခအထောက်တော် ၀၀၂
စက်တင်ဘာ ၃၀၊ ၂၀၁၀
လာမယ့် စနေနေ့၊ အောက်တိုဘာ ၂ ရက်၊ ညနေ ၅ နာရီက ၁၀ နာရီအထိ ကျင်းပမည့် ဆန်ဖရန်ဘေးဧရိယာ မြန်မာစာပေဟောပြောပွဲ (Los Cerritos Community Center, 3377 Alder Avenue (Cross Street Fremont Blvd), Fremont, CA 94536 - Speakers, Dinner, Classical Music Performance and Children Poem Recitation)) မှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာက ပြည်သူ့ဂုဏ်ရည်မိသားစုများက တက်ရောက် အားပေးကြမည့်အပြင် ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုတွေ မြန်မာအသိုင်းအ၀န်းအတွင်း ပိုမို သိရှိကျယ်ပြန့်စေဖို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပြည်သူ့ဂုဏ်ရည်တီရှပ်များ ရောင်းချပြီး ရန်ပုံငွေ ရှာဖွေခြင်းတို့ ပြုလုပ်ကြမယ် ဖြစ်ပါတယ်။
          ယခင် စက်တင်ဘာ ၂၅ က အယ်လ်အေ ပြည်သူ့ဂုဏ်ရည်မိသားစုများရဲ့ လှုပ်ရှားမှုဖြစ်တဲ့ ဂီတဆည်းဆာနဲ့ ရသာစုံညချမ်း မိတ်ဆုံပွဲကလည်း အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ရန်ပုံငွေ ဒေါ်လာ ၂၆၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
လာမယ့် အောက်တိုဘာ ၃၀ မှာ နီဗားဒါးပြည်နယ်၊ လပ်စ်ဗေးဂတ်စ်က ပြည်သူ့ဂုဏ်ရည်မိသားစုများကလည်း ရန်ပုံငွေနဲ့ မိတ်ဆုံပွဲအဖြစ် - ဂီတဆည်းဆာနဲ့ ရသာစုံညချမ်း မိတ်ဆုံပွဲတော်ကို ကျင်းပကြဖို့ ပြင်ဆင်နေတယ်လို့လဲ သိရှိရပါတယ်။
၂၀၁၁ မေလထဲမှာ ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားပြုလုပ်ဖို့ စီစဉ်နေကြပြီး၊ နေရာကတော့ ဆန်ဖရန်ဘေးဧရိယာမှာ လို့ သိရပါတယ်။
မြန်မာပြည်တွင်းက စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများ စွမ်းဆောင်လုပ်ကိုင်သူများကို ဂုဏ်ယူဖွယ်ရာ မြန်မာများအဖြစ် ထုတ်ဖော်မှတ်တမ်းတင်ခြင်း၊ ၎င်းတို့အထဲမှာ ပြည်သူ့ဂုဏ်ရည် မိသားစုများက ဆန်ကာတင်စာရင်း ထုတ်ပြန်ပြီး အများပြည်သူရဲ့ ဆန္ဒမဲနဲ့ ပုဂ္ဂိုလ် တဦး သို့မဟုတ် အဖွဲ့တဖွဲ့ကို နှစ်စဉ် အခမ်းအနားဖြင့်ဂုဏ်ပြုချီးမြှင့်ခြင်းတို့ကို ၂၀၁၀ နှစ်ဆန်းက စတင်ခဲ့ပါတယ်။ ပြည်ပရောက် မြန်မာများကနေပြီး ပြည်တွင်းက ကိုယ်ကျိုးစွန့် စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများကို  ပထမဦးဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခဲ့ရာမှာ နာရေးကူညီမှုအသင်း- ရန်ကုန်က ကိုကျော်သူ ၂၀၁၀ ဧပြီလက လက်ခံရရှိပြီး ဖြစ်ပါတယ်။
          ယခုအချိန်မှာ အမေရိကန်ပြည်ထောင်စုအတွင်းက မြို့နယ်ပေါင်း ၁၅ မြို့နယ်က မြန်မာမိသားစုတွေ ၀ိုင်းဝန်းစည်းရုံးဆောင်ရွက်နေပြီး လုပ်အားပေးများ၊ စေတနာရှင်များ၊ ၀ိုင်းဝန်း ကူညီအားပေးမည့်သူများ၊ လမ်းညွှန်ဦးဆောင်ပေးမည့်သူ၊ နောက်လိုက် အကောင်အထည်ပေးမယ့်သူတွေ လိုအပ်လျက်ရှိတယ်။ ဆက်လက် တိုးချဲ့ လက်တွဲကြဖို့ ဖိတ်ခေါ် ကြိုဆိုလျက် ရှိတယ်လို့ သိရပါတယ်။ http://www.citizenofburma.org မှာ ဂုဏ်ယူဖွယ်ရာ မြန်မာများ စာရင်းကို ၀ိုင်းပြီး သွင်းပေးကြဖို့ ဖိတ်ခေါ် ကြိုဆိုလျက် ရှိပါတယ်။

Comments