ခေတ်ပေါ် ဟစ်ဟော့သီချင်း
ဆောင်းယွန်းလ
အောက်တိုဘာ ၁၊ ၂၀၁၀
အပျင်းပြေရအောင်သတင်းတွေ နားထောင်နေတာမဟုတ်ဘူး
စိတ်ရူးပေါက်တိုင်း ပေါက်ကွဲပြီး လျှောက်ဆဲနေတဲ့
မောင်းကွဲအော်လံကြီးတွေကိုလည်း နားငြီးတယ်..
နှိပ်ပြီဆိုရင်လည်း
အညောင်းပြေအောင်
ဘူဒိုဇာနဲ့သာ တက်ကြိတ်ပစ်လိုက်ပေါ့
စန္ဒယားခလုတ်ကလေးတွေကို မလှုပ်တလှုပ် နှိပ်သလိုမျိုှး
တိုးတိုးတိတ်တိတ်
ခိုးခိုးနှိပ်နေတာတွေကို မြင်ရတော့လည်း ခါးသီးတယ်...
မိုးသက်လေပြင်းတွေ
တနာရီ မိုင်တထောင်နှုန်းလောက် တိုက်နေတဲ့ လမ်းမှာ
”ပန်းတွေလန်းနိုင်သေးတာ ဘာကြောင့်ပါလိမ့်” လို့
ထွေလီကာလီ နဖူးပေါ်ကို
ကယောင်ခြောက်ခြား လက်ဖဝါးတင်ပြီး
မယောင်ရာ ဆီလူးနေသူတွေကို တွေ့ရတော့လည်း
ခေတ်ပျက်ကြီးကိုပဲ အားနာတယ်...
တခါတလေ ကိုယ်ဖော့အတွေးနဲ့
ကိုယ့်အကြောင်းကိုယ် ငေးနေတာတောင်မှ
အလစ်ချောင်းနေတဲ့ သိက္ခာဖြို လက်ဝါးစောင်းတွေက
ကမူးရှုးထိုး သိုင်းကွက်နင်းပြီး
အမှောင်ကြို ချောင်ကြားကနေ
ငလျင်လှုပ်သလို ပြိုကျလာတတ်သေးတော့
ပြိုကျလာတဲ့ လက်ဖဝါးတွေကိုပဲ သနားလာတယ်....
ဘရိတ်ဖတ်စ်ကို
တိုင်းရေးပြည်ရာဘီယာနဲ့ မြည်းသူတွေ များလာတော့
မလွတ်မကျွတ်နိုင်သေးသူတွေရဲ့ ဘဝကို သနားလာတယ်....
နေ့လည်စာကို
ဒီမိုကရေစီဝေဖန်ရေးဖျော်ရည်နဲ့ မြောချသူတွေများလာတော့
၆၅နှစ် အကျဉ်းကျနေသူတွေ အတွက် အားနာတယ်...
“ဒီမိုကရေစီတော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ” လို့
လက်သီးလက်မောင်းတန်းပြီး
ကြင်ယာအသစ်ရဲ့ ခြင်ထောင်ထဲမှာ ဒင်နာကိုစား
ဘလူးလေဘယ်လ်နဲ့ လေလုံးထွားသူတွေ ပိုများလာတော့
ငှက်ဖျားကို စောင်လိုခြုံပြီး
တော်လှန်စစ်အတွက်
အသက်ပုံအပ်ထားသူတွေရဲ့ ဘဝကို သနားလာတယ်...
အမှန်ကိုသိဖို့ မှန်ကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး
ကိုယ့်ကိုယ်ကို ဝေဖန်ကြည့်ဖို့ ကျတော့လည်း
ကိုယ့်ကိုယ်ကိုပဲ အားနာတယ်
ကိုယ့်ကိုယ်ကိုပဲ သနားလာတယ်.။ ။
Comments