Moemaka quotes in Oct 2010

မိုးမခ၏ အောက်တိုဘာလ စာကိုး စကားကိုး
အောက်တိုဘာ ၂၉၊ ၂၀၁၀

ကျမတို့ရွာမှာ အိမ် ၂၃၅ ကျော် ရှိတာ၊ အားလုံးပျက်စီးတယ်။ စက်လှေ ၂ စီးထဲက ယောက်ကျား ၆ ယောက် သေတယ်။ စက်လှေကို ဘေးလွတ်အောင် တနေရာကို ရွှေ့နေတုန်း ရေထဲ မျောသေတာ။ ဘေးနားက ငါးရွှီကျိုင်မှာတော့ ကလေး ၂ ယောက်နဲ့ မိခင်တဦးက ရေတက်လာတဲ့အခါ ထွက်ပြေးတယ်။ ရေလည်း နစ်၊ အပင်လည်း ပိပြီး သေတာ။
ဂီရိမုန်တိုင်းဒဏ် ခံလိုက်ရသော ပေါက်တောမြို့နယ်၊ ငါးရပွက်ကျိုင် ကျေးရွာသူ
မဇ္ဈိမသတင်းဌာန၊ အောက်တိုဘာ ၂၈
--------------------------------------

လူတွေဟာ စီးပွားရေးကြောင့် ရွေးကောက်ပွဲမှာ စိတ်မ၀င်စားနိုင်အောင် ဖြစ်နေကြတယ်။ ကျွန်တော် ဂျာနယ် ရောင်းနေတော့ လူတွေနဲ့ တွေ့ထိနေရတယ်။ တချို့ တစ်စောင် ကျပ် ၃၀၀ တန် ဈေးအပေါဆုံး ဂျာနယ်ကိုတောင် ၀ယ် မဖတ်နိုင်ရှာကြဘူး။ ကျွန်တော့ သူငယ်ချင်းတွေနဲ့ နိုင်ငံရေး အကြောင်း၊ ရွေးကောက်ပွဲ အကြောင်းတွေ ဆွေးနွေးဖို့ ကြိုးစားကြည့်တော့ သူတို့မှာ ဒါတွေ ထိုင်ပြောနေဖို့ အချိန် မရှိပါဘူး။ မင်း နိုင်ငံရေးက ကိုက်စားလို့ မရဘူးကွ။ ထမင်း နပ်မှန်အောင် စားနိုင်ဖို့က အရေးကြီးတယ် လို့ ပြောကြတယ်။ ကိုမောင်သန်း၊ ပညာတတ်၊ စစ်သည်ဟောင်း၊ ဂျာနယ်ရောင်းသူ၊ ကလောင်ရှင်
မြန်မာတိုင်းမ်၊ အောက်တိုဘာ ၎
---------------------------------

ကျနော်တို့ ရခိုင်ပြည်နယ်မှာ သဘာဝဓာတ်ငွေ့တွေလည်း အများကြီး ထွက်နေပါရဲ့နဲ့ ကျနော်တို့ဆီမှာ လျှပ်စစ်မီးလေးတောင် ပြည့်ပြည့်၀၀ မရဘူး။ ကျနော်တို့ မြို့တင် မဟုတ်ပါဘူး၊ ရခိုင်တပြည်နယ်လုံးပါပဲဗျာ။ သံတွဲမြို့ခံတဦး
ဧရာဝတီသတင်းဌာန၊ အောက်တိုဘာ ၁
----------------------------------


စားပြီးပြီလား၊ ဘာဟင်းချက်လဲ ဘာဟင်းနဲ့လဲ ဆိုတာက ကိုယ်တို့ လူမျိုးတွေရဲ့ ဟောင်းအာယူ တမျိုးပဲ။ ထမင်းစားချိန်မှာ စားပြီးနေရင် (fine) ဖိုင်းတယ်။ မစားရသေးရင် မဖိုင်းဘူး။ တခုခုပဲ။ ဒီလိုပဲ ဟင်းကောင်းရင် ဖိုင်းတယ်။ ဟင်းမကောင်းရင် မဖိုင်းဘူး ဒါသေချာ သလောက်ပါပဲ။

အဲ့လို ဟင်းမေးလို့ ငါးဘတ်မွှေ ချက်တယ်တို့၊ ငါးမြွေထိုးခြောက်ကြော်နဲ့ ချဉ်ရည်တို့ ပြောလာရင်..ဒီလူတွေ မဖိုင်းဘူး။ဘာလို့လဲ ဆိုတော့ ငါးကြင်း၊ငါးခူလိုမျိုးတွေ ငါးရံ့ခြောက်ဆိုတာတွေက ကိုယ်တို့ ငယ်ငယ်က သူသူငါငါ စားနိုင်ကြတဲ့ဟင်းမျိုးကိုး။ အဲ ငါးမြင်းဆီပြန်လိုမျိုး ပုဇွန်ထုတ်လိုမျိုးဆိုရင်တော့ ရေရေလည်လည် ဖိုင်းနေတယ်ပေါ့။ ဒီလို ဟင်းမျိုးကို ဟင်းရံ ငါးပိတစ်လုပ်စားနိုင်တဲ့ အမေမာတို့ ခေတ်ကလူတွေ ရေရေလည်လည် ရှယ် ဖိုင်းတယ် ပြောရမယ်။

ခုခေတ်ကတော့ ငါးတူနီခြောက်တွေ ငါးပြေမတွေကစ နိုင်ငံခြား သွားကြတဲ့ခေတ်...ဘရိန်းထရိန်း ငါးထရိန်း ပုဇွန်ထရိန်း -းဘရိန်းခေတ်မှာ ငါးမြင်းငါးပိတစ် ငါးဘတ် ငါးပိတစ် တွေကို ငါးပိကျက် ချက်ဖို့မတွေးနဲ့ ထမင်းစားပြီးပြီလား ဘာဟင်းနဲ့လဲလို့ မေးဖို့ တောင်လိုမယ် မထင်တော့ပါဘူး။ လူအများကတော့ နည်းနည်း မဖိုင်းတာ ရေရေလည်လည် မဖိုင်းတာ ရှယ် မဖိုင်းတာပဲ ကွာမယ် မဖိုင်းကြဘူးကွယ်။
အယ်ဇီ၊ ဘလော်ဂါ
allmymemo.blogspot.com အောက်တိုဘာ ၁၉
---------------------------------

လွတ်လပ်ရေး ဘာရေးညာရေး ရအောင်ယူသွားတဲ့ ဘိုးဘွားတွေကိုပဲ ထထ စိတ်ဆိုးချင်ပါတယ် လွတ်လပ်ရေးတွေ ဘာတွေ ရအောင် ယူမသွားကြရင် ပြည်တွင်းစစ်ကြီးလဲ ဖြစ်စရာမလို စစ်အာဏာရှင်ကြီးများလဲ ဗိုလ်လုပ်ချင်တိုင်း လုပ်ခွင့် မရနိုင်တော့မှာလို့ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းတပါးကျွန် ဘာကျွန် ညာကျွန် အဖြစ်ကမှ လွတ်လပ်နိုင်ပါသေးတယ် ဒို့ဗမာအစည်း အရုံး ထောင်ခွင့် ဘာညာ ရှိပါသေးတယ်။ ဟော နိုင်ငံရေးလုပ်လို့ နေမ၀င်အင်ပါယာကြီးကို ပုပ်ခတ်စော်ကားလို့ ဘာလို့ဆိုရင်လဲ ထောင်ခြောက်လပဲ ကျသကိုး

ခု ကိုချစ်ဖေတို့ ၈၈ မျိုးဆက် ကျောင်းသားတွေ ခေတ်နဲ့တော့ ကွာပါ့ဗျာ။ နေမ၀င်အင်ပါယာ အုပ်ချုပ်ရေး စနစ်ကြီးကို အတုယူပြီး လ နဲ့ နှစ် နားကြားမှားပြီး ၆၅ နှစ်ချလိုက်သလား မသိပါဘူးဗျာ။ နေရရ မနေရရ နှစ်စေ့မှ လွတ်မယ်ဆို ထောင်ထဲမှာပဲ သေရရုံပါပဲ ဆိုသလို။ အပြစ်ကလဲ ကြီးပေသကိုး။

ခုရောဘာထူးသေးတုန်း တိုင်းတပါးမှာ ထွက်အလုပ်လုပ်ရတော့လဲ တိုင်းတပါးကျွန် ဖြစ်တာပါပဲ မဟုတ်လားဗျာ။
ကိုချစ်ဖေအဲ့လိုပြောရင် ပြည်ပအားကို ပုဆိန်ရိုး ဘာရိုး ညာရိုး ပြောခံရဦးမယ် ဒါနဲ့ပြောချင်တာ တောင်ဘယ်ရောက် သွားပါလိမ့် ရွေးကောက်ပွဲ ရွေးကောက်ပွဲ ကို ဘယ်တုန်းကမှ စစ်အစိုးရ အဆက်ဆက်က ယုံကြည်လို့ ပါလဲ ဥပဒေဘောင်ထဲက ၀င်ပူးပြီး ရတဲ့နေရာလေးက ပြောမယ် မလိမ်မိုးမလိမ်မာ စစ်သားတွေကို စည်းရုံးပြီး ဆရာကြီးတက်လုပ်မယ် ဆိုတဲ့သူတွေကော နောက်ဆုံးမှာ ဘယ်လို အဆုံးသတ်သွားတယ် ဆိုတာလဲ အားလုံး သိကြပါတယ်။
ကိုချစ်ဖေ၊ ဘလော်ဂါ
kochitphay64.blogspot.com အောက်တိုဘာ ၇
---------------------------------

(photo:99sanay.com)
ပင်ပေါင်ကစားတာကို ကျွန်မ ရူးသွပ်ခဲ့တယ်။ ဘောလုံးသေးသေးလေးကို ဘက်တန်သေးသေးလေးနဲ့ စားပွဲခုံထဲက မထွက်အောင် ရိုက်ရတာကိုက စိတ်လှုပ်ရှားစရာ.... တချို့က ပင်ပေါင်ကို လူပျင်းကစားနည်းလို့ ဆိုကြတယ်။ ဝေးဝေးပြေးစရာမလို၊ မြင့်မြင့်ခုန်စရာလဲမလို ဒီစားပွဲခုံလေးတစ်ဝိုက်မှာပဲ ကုန်းကုန်းကွကွ ကစားနေလို့ပါတဲ့.... တကယ်ဆို ဘယ်လို အားကစားမှာပဲဖြစ်ဖြစ် ပင်ပန်းတာချည်းပဲ၊ ပညာသားပါတာချည်းပဲ။ ပင်ပေါင်မှာလည်းကြည့်လေ ဘောလုံးကို တိုတိုထိုးမလား? ရှည်ရှည်ထိုးမလား? ပွပွထိုးမလား? ပင့်တင်မလား? ရိုက်ချမလား? ဘောလုံးက တိုတိုလေးနဲ့ လှိမ့်နေတယ်ဆိုပေမယ့် အားစိုက်ပြီး ပင့်တင်ရတာပဲ။ အာရုံစူးစိုက်မှုရှိရတာပဲ။ သူ့ပညာနဲ့သူတော့ရှိတယ်...
နိုင်းနိုင်းစနေ၊ ဘလော်ဂါ
99sanay.com အောက်တိုဘာ ၁၃
---------------------------------


နိုင်ငံရေးအကြောင်းကို သိလည်း မသိပါဘူး။ နားလည်း မလည်ပါဘူး။ ရှင်းရှင်း ပြောရရင်လူကြီးတွေက လူကြီး အလုပ် လုပ်သလို ကလေးတွေက ကလေး အလုပ် လုပ် ဆိုသလိုပဲ လက်ခံထားပါတယ်။ ကိုယ်လုပ်နေတဲ့ အနုပညာ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ရပ်တည်နိုင်အောင်ပဲ ဆုံးဖြတ် လုပ်ကိုင်နေပါတယ်။ အဲဒီအကြောင်းတွေကို လုံးဝ မသိပါဘူး။
မယ်လိုဒီ၊ သရုပ်ဆောင်
7Day News ဂျာနယ်၊ အောက်တိုဘာ ၂၁
-----------------------------------

ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတချို့ (photo: moemaka)
Watch Dog ဟု မီဒီယာကို ကျွန်မတို့ ခေါ်ကြသည် မဟုတ်ပါလား။ ဤနေရာတွင် အိမ်ရှင်နိုင်ငံ၏မီဒီယာ သို့မဟုတ် အိမ်စောင့်ခွေးသည် တရားမဝင် ဝင်လာသည်ဖြစ်စေ၊ တရားဝင် ဝင်လာသည် ဖြစ်စေ နိုင်ငံခြားသားကို နိုင်ငံသားထက်ပို၍ ဦးစားမပေးနိုင်ပါ။

သူတို့၏သတင်းများကို ဝယ်ယူအားပေးကြသော ပရိသတ်နှင့်အတူ မီဒီယာမှာ အတူ နေလေ့ရှိပါသည်။ ထို့ကြောင့် ကြိုးဆွဲထားသော တိုင်းသူပြည်သား၏ လက်က အချက်မပြလျက် အမှန်ဖြစ်နေသည့်တိုင် နိုင်ငံခြားသား အလုပ်သမား ကောင်းကြောင်း မီဒီယာက ရေး၍ မရပါ။ ကြိုးကိုင်ထားသော စာဖတ်ပရိသတ်က ဟောင်ရန် အချက်ပြလိုက်လျှင် မီဒီယာမှာ တဝုန်းဝုန်း မရပ် မနား ဟောင်တော့သည်။ မြန်မာများကို ပုံဖော်သည့် နေရာတွင် ထိုင်းဘာသာဖြင့်ရေးသော သတင်းစာများ ဆိုးဆိုးရွားရွား ဘက်လိုက်တတ်ခြင်းကို ၎င်းတို့၏ ကိုယ်ကျိုးစီးပွား ဘာမှ မပတ်သက်ဘဲ မြန်မာများ အတွက် ကြားက ဒေါသထွက်ပေးသော ထိုင်းစာဖတ်တတ်သည့် အနောက်တိုင်းသား ပညာရှင် မိတ်ဆွေများကိုလည်း ကြုံခဲ့ဖူးပါသည်။ သို့သော် စိတ်ကူးဖြင့် ထိုင်းများ၏နေရာတွင် ခဏလောက် ဝင်နေကြည့်ပါ။ နံနက်မိုးလင်း အိမ်ရှေ့တံခါး ဖွင့်သည်နှင့် နိုင်ငံခြားသား အလုပ်သမားတွေ လမ်းပေါ် ရောက်နေတာကို သဘောထား ကြီးနိုင်ဖို့ ကျွန်မတို့ တတ်နိုင်ပါရဲ့လား။ နှစ်ဖက်မျှအောင် တွေးကြည့်ခြင်းသာ ဖြစ်ပါသည်။
နွဲ့ကေခိုင်၊ ဆောင်းပါးရှင်
The Voice ဂျာနယ်၊ အောက်တိုဘာ ၂၅
---------------------------------

အမြဲ တမ်း ကွန် ပြူ တာ စ ဖွင့်  ပြီး နာရီ ၀က် လောက် ကြာမှ ကိုးနတ် ရှင် နတ် မင်း ကြီး က ကိုယ် ထင် မပြချင် ..ပြချင်..ပြလေတယ်...။ပက်ကျိ တို့..လိပ် တို့ က အဘ ခေါ် ရ လောက် တဲ့ ကွန် နက် ရှင် က လေး စချိတ် မိ တော့ လည်း...မော်ဇီလာ မီးမြေ ခွေး က နေ ဂူး ဂဲ ကမ္ဘာ ထဲ ၀င်ဖို့ နာရီ ၀က် လောက် ..ကို try again ပေါင်း ၅ ခါ လောက်အ နဲ ဆုံးကလစ် ပြီး မှ ဂူး ဂဲ ရှာ ဖွေ ရေး စခန်း ကို ရောက်...။ဒါ တောင်..ကိုယ် ရှာ ဖွေ ကြည့် ရှု ချင် တဲ့ အရာ တွေ ကို တွေ့ ဖို့ မြင် ဖို့..ကျော် ရ ..ခွ ရ... စိတ် ရှည် ရ.. ကလဖန် ထိုး.ရ...ရ....ရ.။ အိုး ....မောပါ ဘိ.ကွယ်။ ကိုယ့် ဘလော့ လေးတောင်တခါ တလေ ၀င်ကြည့် လို့ မရ တတ်...။မအူ မလည် နဲ့  ဟို ဒီ ငေးမော နေတုံး....ကိုး နတ် ရှင် ကြီး.က ..ရိုက်ပုတ် ချလား...ချ ရဲ့ ...။
ဖေ့စ်ဘွတ် တို့ တွစ် တာ တို့  ဝေး လို့  ဂျီ တော့ ကလေး သုံး နေ တာတောင် သုံး နေရင်း တပြုတ် တည်း ပြုတ်ကျနေ တော့...ဒဏ်ကြေ လိမ်း ဆေး တွေ ဆေး တိုက် တတိုက် စာ လောက် ...၀ယ်ထားရ မလို...။ ( ဝေနှင်း ကို အားကျလို့ကိုယ် တို့ လဲ....မိုးကောင်းကင် အင်တာနက် က ခုန် ခုန် ချ နေ ရ တာ ပေါ့ကွယ်..း)
အခု ..တို့ အန် တီ စု တောင် အခုန်အပျံ ကျင့်  ရတဲ့..မြန်မာ့.အင်တာနက် သုံးစွဲသူများ စာရင်း ၀င် တော့မလို့ တဲ့...။ ကိုယ် တို့ တွေ တအား တက်တာပေါ့ နော်း) ဂျီ တော့ ချက် တင်ပွင့် တာ နဲ့ ဘီ ဇီးနေ လား...နီ နေလား ...စိမ်း နေလား..၀ါ နေလား ..ယဉ်ကျေး မနေအား...တွေ့  တုံး ကမန်းကတန်း နှုတ်ဆက်နေတုံး...ဗြုန်းကနဲ နတ်သက်ကြွေ သလို...ကြွေ ကျ ..။ တာ့ တာ ..တောင် မပြ လိုက်ရ..။
နီဇူလိုင်၊ ဘလော်ဂါ
nijuly.blogspot.com အောက်တိုဘာ ၂၆
---------------------------------

ဒိန်းမတ်မှာ ငှက်ပျောပင် မရှိပါဘူး။ သူတို့တွေ ငှက်ပျောသီးသာ စားနေကြတာ ငှက်ပျောပင် မြင်ဘူးပုံ မရဘူး။ ကျနော်တို့ ရွှေတွေအတွက်လည်း ငှက်ပျောပင် မရှိတော့ မုန့်ဟင်းခါးချက်တဲ့အခါ အင်္ဂါမစုံ ဖြစ်ရပါတယ်။
သက်ဦး၊ ဘလော်ဂါ
thetoo.blogspot.com အောက်တိုဘာ ၂၅
---------------------------------


ဖြူဖြူသင်း (photo: Moemaka)
အိတ်ခ်ျအိုင်ဗွီ ကုသပေးတဲ့ ဆေးရုံ နှစ်ရုံပဲ ရှိတယ်ဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အရမ်းကို နည်းပါးတာပေါ့နော် နည်း ပါးတယ်ဆိုတဲ့အခါကျတော့ အမှန်တကယ် ဒီရောဂါကို လျော့နည်းသွားအောင် ထိန်းချုပ်ထားနိုင်အောင် ဆိုလို့ရှိရင် ဒီသက်ဆိုင်ရာ အာဏာပိုင်တွေမှာ အများကြီး အာဏာရှိတယ်။ ဒါကြောင့်လည်း သူတို့ ဦးဆောင်ပြီး သူတို့ မလုပ်နိုင်ရင်တောင် လုပ်နိုင်တဲ့သူကို တွန်းအားပေးတာမျိုးတွေ၊ ပူပေါင်းဆောင်ရွက်မှုမျိုးတွေ လုပ်မှပဲ ဒီရောဂါကို ထိန်းချုပ်လို့ရမှာ။
မဖြူဖြူသင်း
DVB အသံလွှင့်ဌာန၊ အောက်တိုဘာ ၁
-----------------------------------
တောင်ငူမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ပိတ်ထားတဲ့ ပလီတွေပေါ့၊ တောင်ငူမှာ လေးလုံးကလွဲရင် ရှစ်လုံး၊ ကိုးလုံးလောက်ကို ပိတ်ထားတယ်။ အဲဒီဟာတွေကို တောင်ငူမှာ အရွေးခံမဲ့ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းကနေ သူတို့ ကြံ့ခိုင်ရေးသာ အရွေးခံရလို့ရှိရင် ဒီပလီတွေကို ပြန်ဖွင့်ပေးပါမယ် ဆိုပြီးတော့ မူစလင်တွေကို သူက စည်းရုံးထားတာ ရှိတယ်။
တောင်ငူမြို့နယ်မှာ ကြံ့ခိုင်ရေး ပါတီ အနိုင်ရခဲ့ရင် လက်ရှိ ဖွင့်ထားတဲ့ ဗလီတွေကို ပြန်လည် ပြင်ဆင်ခွင့် ပြုမဲ့အပြင် ပိတ်ထားတဲ့ ဗလီတွေကိုပါ ပြန်ဖွင့်ပေးမယ်လို့ ပြောဆိုစည်းရုံးခဲ့ကြောင်း သိရပါတယ်။
အစ္စလာမ် ဘာသာဝင်တဦး၊ တောင်ငူမြို့
RFA အသံလွှင့်ဌာန၊ အောက်တိုဘာ ၂၇
-----------------------------------

(လေဘာပါတီ ညီလာခံမှာ ပြောတဲ့)ကျမရဲ့ မိန့်ခွန်းကို ကြည့်ပြီးတဲ့ အခါမှာ သူတို့ တခုခု လုပ်ချင်လာတယ်၊ သူတို့ ဘယ်လို ပါဝင်လို့ရမလဲ၊ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ သူတို့လည်း လှုပ်ရှားမှု တခုခု လုပ်ချင်တယ် ဆိုပြီးတော့ မြန်မာလူငယ်တွေ ဆက်သွယ်လာတာ အများကြီးရှိတယ်။
ဝေနှင်းပွင့်သုန်
ဧရာဝတီ သတင်းဌာန၊ အောက်တိုဘာ ၇
----------------------------------

နိုင်ငံခြားခရီးစဉ်တွေများလို့ ဘယ်လို အောင်မြင်တယ်ဆိုတာထက် ကျွန်တော်တို့ ဘယ်လို ဒုက္ခရောက်ခဲ့တယ် ဆိုတာကို ရေးတာများတယ်။ အဓိကက နောက်လူတွေ နိုင်ငံခြားသွားတီးရင် ဒုက္ခ မရောက်စေချင်တဲ့ စေတနာ၊ ကျွန်တော်တို့ကို အထင်ကြီးတဲ့သူတွေ နောက်ကွယ်မှာခံရတာတွေကိုသိစေချင်တယ်။ ကောင်းတာကတော့ ကျွန်တော် မရေးဘူး။ ကျွန်တော့်အကြောင်း သူများ ရေးလိမ့်မယ်။
နိုင်ဇော်၊ Lazy Club တီးဝိုင်း
First Music ဂျာနယ်၊ အောက်တိုဘာ ၅
---------------------------------

ခုချိန်မှာတော့ ကိုယ်က နေတိုင်း နေ့တိုင်း ဘုရားရှိခိုး၊ ပုတီးစိပ်ဖြစ်သလို ပဋာန်း အကျယ်ရွတ် ဖတ်တယ်။ ပြီးတော့ ကျွန်မ ၁၅ နှစ် သမီးထဲက ဓမ္မစကြာ ရွတ်လာတာ။ အခု အသက် ၄၄ နှစ်အထိ တစ်ရက်မှ မပျက်ခဲ့ဘူး။
ထွန်းအိန္ဒြာဗို၊ အဆိုတော်၊ သရုပ်ဆောင်
First Music ဂျာနယ်၊ အောက်တိုဘာ ၅

---------------------------------



Comments