Than Myint Aung - Sun Set Villa for the Burmese Aged

ရင်ထဲကဆည်းဆာရိပ်
သန်းမြင့်အောင်
ဒီဇင်ဘာ ၃၁၊ ၂၀၁၀
နှင်းဆီအိမ်ဆိုတဲ့ ခြံတခါးဝက ဆိုင်းဘုတ်ကလေးကို မြင်လိုက်တာနဲ့
“ပြင်ဦးလွင်မြို့ကိုရောက်ရင် တခြား ဘာမှမလုပ်နဲ့ ဆည်းဆာရိပ်အကြောင်းကို အရင်ရေးဟာ။ အဲဒီဆောင်းပါး မရေးဖြစ်မချင်း ညီမ မပြန်နဲ့”
ဆိုတဲ့ မမဝင်း(ဆရာမကြီးဒေါ်ကလျာ)ရဲ့စကားကို ဖျတ်ကနဲ သတိရ လိုက်ပါတယ်။
ကွှန်မက အစ်မကြီးတွေ မမဦး(ဆရာမကြီး ဒေါ်ခင်ဆွေဦး) မမဝင်းကို ဇူလိုင်လမှာ ပြင်ဦးလွင်မြို့ကို လိုက်ပို့ပေးမယ် ဆိုတဲ့ ကတိအတိုင်း ခုတော့ ရောက်ခဲ့ပါပြီ။ မန္တလေးနဲ့ ပြင်ဦးလွင်မြို့ လာစရာကိစ္စတွေကလည်း သုံးမျိုးထက် မနည်း ရှိနေလေတော့ တစ်ချက်ခုတ် လေးချက်ပြတ်လို့ပဲ ပြောရလေမလားဘဲ။
ကျွန်မနဲ့ညီမစုထား (Dr ထားထား) တို့ သုခရိပ်မြုံကိစ္စအတွက် သွားလာ တွေ့ဆုံဆွေးနွေးစရာတွေ၊
ကျွန်မ၏ မိသားစု ကိုယ်ရေးကိုယ်တာ ကိစ္စ၊
မန္တလေးက ညီမကြီးဝင်း၏ တူမသမီး၊ ကျွန်မတို့၏တူမလေး စုရတနာ၏မင်္ဂလာကိစ္စ၊
ပြင်ဦးလွင်မြို့က လူမှုရေး လုပ်ဖေါ်ကိုင်ဘက်မောင်နှမများနှင့် တွေ့ဆုံရန် စတဲ့ အကြောင်းကြောင်းတွေကြောင့် အစ်မနှစ်ယောက်ကို ယခုတော့ ပြင်ဦးလွင်မြို့သို့ ပို့ဖြစ်ခဲ့ပါပြီ။
ပြန်ခေါ်လာပါမည်ဟု ကတိ မရှိခဲ့ပါဟူသော အကြောင်းပြချက်ဖြင့် သူတို့ ပြင်ဦးလွင်မြို့တွင် နေပြီး စာရေးကြမည့် တစ်ပတ်(သို့မဟုတ်) ၁၀ ရက်ကိုဖြင့် ကျွန်မ မစောင့်နိုင်တော့ဘဲ နှစ်ရက်နှင့် ရန်ကုန် ပြန်ပြေးရပေတော့မည်။ ကျွန်မနှင့်စုထား နှစ်ယောက်လုံးက သုခရိပ်မြုံဂေဟာနှင့် ဆည်းဆာရိပ်ဂေဟာမှ ရက်ရှည်ခွာ၍ မရသောသူများ….။
ကျွန်မတို့ ခရီးစထွက်ခဲ့သည့် ၂၂-၇-၂၀၁၀ နေ့တွင် သုခရိပ်မြုံမှ သားလေး သုံးယောက်က ဝေဘာဂီဆေးရုံတွင် ဆေးရုံ တင်ထားရပြီး ဆည်းဆာရိပ်မှ အဖွားအိုတစ်ယောက်ကိုလည်း မြောက်ဥက္ကလာပ ဆေးရုံတွင် တင်ထားဆဲဖြစ်သည်။
မလာမဖြစ်သော ကိစ္စများကြောင့်သာ ထွက်လာရသော်လည်း နှစ်နေရာလုံးကို စိတ်က ရောက်နေသည်။ အထူးသဖြင့် ယခုမှ စတင်ဆဲဖြစ်သော ဆည်းဆာရိပ်မှ အဖိုးနှင့်အဖွားများ..။
”ဆည်းဆာရိပ်” က သက်တမ်း အလွန်နုနယ်ပါသေးသည်။
စေတနာမေတ္တာကြီးမားသော အလှူရှင်မိသားစုများ၏ ပံ့ပိုးမှုကြောင့်သာ ကျွန်မတို့ စတင် အကောင်အထည် ဖေါ်နိုင်ကြခြင်းဖြစ်သည်။ ဒါတောင် သံလျှင်က မြေနေရာကလေးကို မြေညှိ ခြံခတ်၊ မီးသွယ်ထားနိုင်ရုံမျှသာ ရှိသေးပြီး အဆောက်အဦး မဆောက်နိုင်သေးပါ။
ကလျာမဂ္ဂဇင်းတွင် ပါဝင်သော ဆောင်းပါးနှင့် ဂျာနယ်သတင်းများကြောင့် အလှူရှင်များနှင့် အကူအညီ တောင်းသူများက ဆက်သွယ်လာသောအခါ ကျွန်မတို့ အမြန် အကောင်အထည်ဖေါ်ဖို့ ကြိုးစားရပါတော့သည်။ ကျွန်မ၏ စိတ်ကူး အိပ်မက်ကို အကောင်အထည်ဝိုင်းဖေါ်ကြသော ကျွန်မ၏ချစ်လှစွာသော သူငယ်ချင်းများနှင့် စာပေမောင်နှစ်မ၊ ညီအစ်မများကိုဖြင့် အထူးပင်ကျေးဇူး တင်စကားပြောကြား၍ ကုန်အံ့ မထင်တော့ပါ။
ယခုအချိန်မှာတော့ အလွယ်တကူ အလျှင်အမြန် အကောင်အထည်ဖေါ်နိုင်သည့် ဆည်းရိပ်(၂) မြေနေရာအမှတ် ၃၀၃/၃၀၅ မဟော်သဓာလမ်း (၁၂) ရပ်ကွက် အရှေ့ဒဂုံ၊ ဖုန်း ၇၃၀၁၈၀၀၇ တွင် ၃၀ပေ × ၄၅တစ်ထပ် အဆောက်အဦးကလေးကို ကိုသက်ချိုဦး + မယဉ်ယဉ်ကြည်မော် မိသားစုက ဆောက်လုပ်လှူဒါန်းသဖြင့် ၂၀၁၀ ဧပြီလမှ စတင်၍ ခိုကိုးရာမဲ့ နာမကျန်းဘိုးဘွား ၈ ဦးကို စတင် လက်ခံပြုစုနေပြီဖြစ်ပါသည်။
လာရောက်ခေါ်ယူပြုစုစောင့်ရှောက်ရန် ကျွန်မတို့ထံ သတင်းပေးကြသော ဦးရေမှာ မနည်းလှပါ။ သို့သော် သင့်တင့်သော အဆောက်အဦး၊ ဝန်ထမ်းအင်အား၊ နေရာထိုင်ခင်း အခက်အခဲကြောင့် သတင်းပေးလာသော ဦးရေထဲမှ အဖွဲ့လိုက် နေရာအရောက် သွားရောက်ကြည့်ရှူစစ်ဆေးပြီး အလိုအပ်ဆုံးနှင့် အခြေအနေအဆိုးဆုံး အဘိုးအဘွားများကို ကိုယ်တိုင် သယ်ယူလာပြီး ပြုစုစောင့်ရှောက်ဖြစ်နှင့်သည်။
ခိုကိုးရာမဲ့ နာမကျန်း ဆိုသည့်အတိုင်း သားထောက်သမီးခံ မရှိ၊ နေစရာအိမ် မရှိ၊ စားစရာအစားအစာမရှိ၊ ကုသစရာဆေးဝါးမရှိကြသည်ကို သနားကြင်နာပါလျှက် ပြုစုစောင့်ရှောက်နိုင်စွမ်း မရှိကြသော အမြင် မတော်သူများ၏ လာရောက် သတင်းပေးသည့် ကျေးဇူးဖြင့် ကျွန်မတို့တစ်တွေ အမေစား၊ အဖေစား၊ အဘွားအစား ရနေကြပါပြီ။
သို့သော်လည်း ကျွန်မတို့ အားချည်းပဲဖြင့်တော့လည်း မစွမ်းဆောင်နိုင်ပါ။ အချိန်တန် ရေချိုးပေးရသော၊ လိုအပ်လျှင် ထမင်းခွံ့ကျွေးရသော၊ အညစ်အကြေး သုတ်သင်ရှင်းလင်း လျှော်ဖွပ်ပေးရသော၊ အချိန်မှန်မှန် ဆေးတိုက် ကျွေးရသော၊ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ ချိန်းသော ရက်ချိန်းအတိုင်း မှန်မှန် ဆေးကုသမှုသွားရောက် ခံယူရသော တာဝန် ဝတ္တရားတွေကိုဖြင့် (ဗော်လံတီယာ) ဘော်လံဒီယာ လုပ်အားပေးများနှင့်ဝန်ထမ်းများက မနားမနေ တာဝန်ယူ ထမ်းဆောင်ရပါသည်။
အသက် အရွယ် အိုမင်း ရင့်ရော်လာသည်နှင့်အမျှ ဦးနှောက် သိမ်လှီ ကျုံ့ဝင်သွားတတ်သည်ဟု ဆေးပညာရှင်များ၏ ပြောစကားများ အတိုင်း အဘိုး အဘွားများကို ကြည့်ရင်း ကျွန်မ အကြွင်းမဲ့ ယုံကြည် လက်ခံမိသည်။ စကားမပြောနိုင်၍ မပြောသော်လည်း သူတို့၏ လိုအင်ဆန္ဒတစ်ခုခုကို တောင့်တနေသော အမူအရာနှင့် အခြေအနေ(ဥပမာ..ကျွန်မ အနားကနေ ထသွားတော့မည် ပြုသောအခါ ကျွန်မ၏ထဘီကို လက်ဖြင့် တင်းကျပ်စွာ မလွတ်တမ်း ဆုပ်ယူဆွဲကိုင်ထားနေခြင်း)၊ စကားပြောနိုင်သောသူက ပြောပြီးသားစကားကို မပြောရသေးဘူး ထင်ပြီး ထပ်တလဲလဲပြောနေမှုများကို သီးခံနားလည်စာနာပေးရသည်။ ဘဝတစ်ခုကို နေရသော သက်တမ်းဟု အဓိပ္ပါယ်ဖွင့်ဆိုလျှင် ထို သက်တမ်း သည်ကား အချိန်ပင်ဖြစ်ပေလိမ့်မည်။
သာမန်လူတစ်ယောက်အတွက် အချိန်တိုင်းသည် အရေးကြီးချင်မှ ကြီးပေလိမ့်မည်။ မေ့မေ့ လျော့လျာ့ ပေါ့ပေါ့တန်တန် နေကောင်း နေဖြစ်ကြပါလိမ့်မည်။ သို့သော် ခိုကိုးရာမဲ့ နာမကျန်းဟူသော ဂီလာနများ အတွက်ကတော့ မိနစ်တိုင်း စက္ကန့်တိုင်းသည် ရောဂါဝေဒနာ၏ နှိပ်စက်ကလူပြုမှုကို အလူးအလဲ ခံနေကြရသည့်အချိန်မို့ အလွန် အရေးကြီးသည်ကား အမှန်ပင်ဖြစ်ပါသည်။
ကျွန်မတို့၏လူ့ဘဝ လူ့အဖွဲ့အစည်းတွင် ကံမကောင်း အကြောင်း မလှစွာဖြင့် လူ့လောကထဲသို့ စတင် ဝင်ရောက်ခဲ့ပြီးမှ မိဘမဲ့သွားရှာသော မိဘ စောင့်ရှောက်နိုင်စွမ်း မရှိသည့် ကလေးသူငယ်များ၏ အနာဂတ်ကို ပြုစုပျိုးထောင်ပေးရန် ကျွန်မတို့မှာ တာဝန် ရှိသကဲ့သို့ လူ့ဘဝ၏နေဝင်ချိန် အိုမင်းမစွမ်းမကျန်းမာ၍ ခိုကိုးရာမဲ့နေသော မိအိုဘအို ဘိုးဘွားများကိုလည်း နောက်ဆုံးထွက်သက်ထိ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဘဝ ကူးသွားစေနိုင်ရန်လည်း ဝိုင်းဝန်း ကူညီကုသိုလ်ယူကြဖို့ ကျွန်မတို့အားလုံးတွင် တာဝန်ရှိသည်ဟု ယူဆမိပါသည်။
ကျွန်မတို့ ကိုယ်တိုင်ကော သက်ကြီးရွယ်အို ဖြစ်လာလျှင်၊
သတိ ချွတ်ယွင်းလာလျှင်၊
ရောဂါ ဝေဒနာတစ်ခုခု၏ ဖိစီးမှုဒဏ်ကြောင့် စိတ်သွားတိုင်းကိုယ် မပါဘဲ အားမလို အားမရ ဖြစ်လာလျှင်၊
အငြူစူခံ၊ အပစ်ပယ်ခံ ဘဝဆိုးမျိုးနှင့် ဘဝနေဝင်ချိန်ကို ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းကြရပါလျှင်…..။
ကျွန်မ မတွေးရဲပါ။
အစားထိုး၍မရနိုင်သောအရာများတွင် မိဘများ ရှေ့ဆုံးက ပါဝင်ကြောင်း ကျွန်မ ပြောစရာပင် လိုမည် မထင်ပါ။
မိခင်ဖခင်များ ကွယ်လွန်သွား၍ အစားထိုး ပြုစုချင်သူများ၊ မိဘများ ကျန်းမာ သန်စွမ်းသေးပြီး သူတို့အတွက် ပြီးပြည့်စုံ၍ အချိန်ပိုကိုတန်ဖိုးရှိစွာ အသုံးချလိုသူများ ဆည်းဆာရိပ်မှဘိုးဘွားများကို အချိန်ပိုင်း လာရောက်ပြုစုနိုင်ကြပါသည်။
ဆည်းဆာရိပ်တွင် အဘိုးဆောင်နှင့် ဘိုးဘွားများ အတွက် အဆောက်အဦး မလုံလောက်သေးဘဲ နောက်ထပ် အဆောင်တစ်ခု ဆောက်လုပ်ဆဲမို့ လတ်တလော အခြေအနေတွင် အဘွားဆောင် တွင် ခေတ္တ နေရာ ပေးထားရသော လေဖြတ်ဝေဒနာသည် အဘိုးတစ်ယောက်နှင့် မျက်မမြင် အဘွားနှစ်ယောက်၊ ပေါင်ကျိုးနေသော အဘွား တစ်ယောက်၊ ခါးရိုးကောက်ပြီး သူငယ်ပြန်လုလု အဘွားတစ်ယောက်၊ လေးဘက်နာ၊ ဆီးချို၊ သွေးချို၊ သွေးတိုးနှလုံးနှင့် အာဟာရ ပြတ်ပြီး ချိနဲ့နေသောအဘွား ခုနှစ်ယောက် ရှိပါသည်။
နောက်အဆောင် တစ်ခု ပြီးလျှင်တော့ စာရင်းပေးထားသော အဘိုးအဘွားများအား ထပ်မံ ခေါ်ယူပြုစုရပေလိမ့်ဦးမည်။
ကျွန်မတို့၏ ဘိုးဘွားများသည် အားအင်ချိနဲ့ကာ လမ်းလျှောက်နိုင်စွမ်း မရှိကြပါ။ အခုတော့ သုခ ကုသိုလ်ဖြစ်ဆေးခန်းမှ သမားတော်ကြီး၏ ကုသပေးမှုကို ခံယူဆဲဖြစ်ပြီး အချို့မှာ ကိုယ်တိုင် ထမင်းလုပ်ကို ယူစားနိုင်ပြီး အချို့မှာအထောက် အကူ ပြုလမ်းလျှောက်တုတ်ဖြင့် လမ်းပင် စမ်းလျှောက်နိုင်နေပြီမို့ ကျွန်မတို့မှာ ဝမ်းသာရပါသည်။ နာရေး ကူညီမှုအသင်း၏ သုကုသိုလ်ဖြစ် ဆေးခန်းနှင့် အထွေထွေကု သမားတော်ကြီး ဒေါက်တာ ဦးအုန်းမြင့်အားလည်း အထူး ကျေးဇူးတင်မိပါသည်။
အမေတစ်ယောက်မှာ ကျွန်မတို့ ခေါ်လာစဉ်အခါကတည်းကပေါင်ကျိုးပြီးလမ်းမလျှောက်နိုင်ရုံမက ခြေထောက်ပင် ဆန့်မရတော့ဘဲ ညည်းညူနေသော ကာလမှာ သုံး လကျော် ခဲ့ပြီဟု ဆိုပါသည်။ အသက် ၇၃ နှစ် ရှိပြီဖြစ်သော ထိုအမေအားလည်း သူ၏ဆန္ဒအတိုင်း ကျိုးနေသော ပေါင်ရိုးအား ခက်ခက်ခဲခဲ ခွဲစိတ်၍ စတီးလ်ရိုးဖြင့် အစားထိုး ကုသပေးသော မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာ စိုင်းဇော်ဝင်းနိုင်နှင့် အဖွဲ့အား အထူး ကျေးဇူးတင်ရပါသည်။
မျက်စိမမြင်သော အမေနှစ်ယောက်ကတော့ဖြင့် မျက်စိ အထူးကု ဆရာဝန်ကြီးများ၏ စမ်းသပ် စစ်ဆေးချက်အရ ခွဲစိတ်ကုသခြင်းဖြင့်လည်း ပြန်လည် မြင်နိုင်စွမ်း ရှိတော့မည် မဟုတ်တော့သဖြင့် သည်အတိုင်းပင် ပြုစုနေရပါသည်။ အမေတစ်ဦးက တုတ်ဖြင့် စမ်းသပ်၍ သွားနိုင်သည့်တိုင် အသက် ၈၅ နှစ်ရှိပြီဖြစ်သည့် အမေတစ်ဦးကတော့ ကျောက်ကပ်နှစ်ဖက်စလုံး အလုပ်မလုပ်တော့ဟု ဆိုသဖြင့် ဘဝတွင် နေရမည့်ကာလ နည်းပါးနေပြီမို့ ကျွန်မတို့ စိတ်လက် မချမ်းမသာဖြစ်ရပါသည်။ သူ့ကို ပိုပြီးဂရုစိုက်ရပါသည်။ ကျွန်မက ခရီးစဉ် ခပ်များများမို့ ကျွန်မ ခရီးသွားခါနီးလျှင် “ဘယ်တော့ပြန်လာမှာလဲ။ မြန်မြန်ပြန်လာနော်” ဟု ပြိုင်တူလိုလို ပြောတတ်သည့် အမေများကို စာရေးရင်း ကျွန်မသတိရနေပါသည်။
ညီမ စုထားကတော့ ကျွန်မထက်အရင်ပြန်နှင့်ပြီမို့ အမေတို့ နည်းနည်းအားရှိသွားမှာ သေချာပါသည်။ ကျွန်တို့ရှိစဉ်ရော ခရီးထွက်နေစဉ်ရော အမေများဘိုးဘွားများကို အလှည့်ကျ တစ်ရံမလပ် ဂရုစိုက်ကြသည့် ကျွန်မတို့ ဆည်းဆာရိပ်အဖွဲ့မှ သူငယ်ချင်းလုပ်ဖေါ်ကိုင်ဘက်များ၊ (ဗော်လံတီယာ) ဘော်လံဒီယာများ၊ ဝန်ထမ်း မိသားစုများ၊ အပတ်စဉ်အလှည့်ကျ ဘိုးဘွားကိုလာရောက်ပြုစုကြသော ဇဗ္ဗူသီရိပရဟိတလူငယ်အဖွဲ့၊ မေတ္တာတံခွန်အဖွဲ့နှင့် ဆည်းဆာရိပ်အပေါ် စိတ်ဝင်တစား အားပေးကူညီ ကြသူများ၊ အလှူရှင်များအား အထူး ကျေးဇူးတင်ရှိပါကြောင်း…..။

သန်းမြင့်အောင်(ခေတ္တပြင်ဦးလွင်)

(မိုးမခ မှတ်ချက် - စာရေးဆရာမ သန်းမြင့်အောင်မှာ နာရေးကူညီမှုအသင်းတွင် တက်ကြွစွာ ဦးဆောင်နေသော ထင်ရှားသည့် စေတနာဝန်ထမ်းတဦး ဖြစ်သည်။ စာရေးဆရာတဦးလည်း ဖြစ်သည်။ သုခရိပ်မြုံ နှင့် ဆည်းဆာရိပ် အပါအ၀င် စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်းများစွာကို တက်ကြွစွာဖြင့် မိမိ၏ အချိန်နှင့် စွမ်းအင်များကို မြှပ်နှံ ဆောင်ရွက်နေသူတဦး ဖြစ်သည်)

= ယခုစာမူကို မြန်မာပြည်တွင်းထုတ်၊ ကလျာမဂ္ဂဇင်း အောက်တိုဘာ ၂၀၁၀ က ပြန်လည်ကူးယူဖော်ပြသည် =

Comments