Egypt Protest threatens Dictators in middle east


 အီဂျစ်လူထု၏ ဆန္ဒပြပွဲ အာဏာရှင်တို့ကို ခြိမ်းခြောက်ပြီ
မိုးမခအထောက်တော် ၀၀၃
ဇန်န၀ါရီ ၂၉ ၊ ၂၀၁၁
ယနေ့မနက် သတင်းရေးနေချိန်တွင် တိုင်းပြည်၏ အထွေထွေအကြပ်အတည်းကို မခံမရပ်နိုင်သော အီဂျစ်ပြည်သူလူထုက ၎င်းတို့၏ အာဏာရှင်အစိုးရကို ဆက်လက်ပြီး ဆန့်ကျင်ကန့်ကွက်ဆန္ဒပြလျက်ရှိရာ လက်နက်ကိုင်စစ်တပ်များ မြို့တော်များအတွင်းသို့ ၀င်ရောက်လာနေပြီဟု ဆိုသည်။
လွန်ခဲ့သည့် ၄ ရက် ကတည်းက အီဂျစ်ပြည်သူလူထုက လမ်းများပေါ်သို့ ထွက်လာပြီး လက်ရှိ အာဏာရှင် မူဘာရက်နှင့် အစိုးရကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲများ ဆင်နွှဲခဲ့ကြသည်။ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများအတွင်း တူနီးရှားနိုင်ငံတွင် ပြည်သူတို့၏ သပိတ်မှောက်မှုဖြင့် လက်ရှိအာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ခဲ့ရာမှ လူထုလှုပ်ရှားမှုများ ပြန့်နှံ့လာခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။ ဆက်သွယ်ရေး ထွန်းကားသော အီဂျစ်ပြည်သူတို့သည် ဆိုရှယ်နက်ဝပ်များဖြစ်သော ဖေ့စ်ဘွတ်၊ တွစ်တာတို့ဖြင့် လူထုအုံကြွမှုများကို ချိတ်ဆက် လှုံဆော်ခဲ့ကြသည်ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုက ကနဦးဆန္ဒပြပွဲများ ဖြစ်ပေါ်နေစဉ်မှာ ၎င်းတို့၏ မဟာမိတ် အီဂျစ်အာဏာရှင် မူဘာရက်ကို ဗြောင်ဝေဖန်ခြင်း၊ သတိပေးခြင်းများကို ရှောင်ရှားခဲ့ကြသော်လည်း ယခု လေးရက်မြောက် ဆန္ဒပြပွဲတွင် လူ ၃၀ နီးပါး သေဆုံးပြီး လူထောင်ချီ၍ ဖမ်းဆီးခံရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း ဖြစ်လာပြီးနောက်ပိုင်း စိုးရိမ်မှုများ ထုတ်ဖော်ပြောလာခဲ့ကြသည်။ ယမန်နေ့က ရုပ်မြင်သံကြားမှတဆင့် မူဘာရက်က နိုင်ငံရေးပြုပြင်မှုများ ပြုလုပ်ရန်အတွက် လက်ရှိအစိုးရအဖွဲ့ကို ဖျက်သိမ်းကြောင်း၊ မိမိက ဆက်လက်ခေါင်းဆောင်မှုပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုနောက် လူထု၏ ဆန္ဒပြပွဲများ အရှိန်မြင့်လာပြီး အီဂျစ်စစ်တပ်များက မြို့ကြီးများအတွင်း ၀င်ရောက် သိမ်းပိုက်ထားလိုက်သည်ကို တွေ့ရသည်။ အကြမ်းဖက်နှိမ်နှင်းမှုများ ကျူးလွန်ခဲ့သော အီဂျစ်ရဲတပ်ဖွဲ့များက စခမ်းများမှ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
 
အာရပ်အိမ်နီးချင်းနိုင်ငံအများစုမှာ အာဏာရှင်နိုင်ငံများဖြစ်သည့်အတွက် အီဂျစ်လူထုအုံကြွမှုကို ရေငုံနေကြသော်လည်း အနောက်နိုင်ငံများက သမ္မတကြီးမူဘာရက်အနေဖြင့် နိုင်ငံရေးပြုပြင်မှုများကို ပေးသည့်ကတိအတိုင်း ဆောင်ရွက်ပေးရန်၊ လူထုအား အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်ခြင်းများ မကျူးလွန်ရန် ၀ိုင်းဝန်း သတိပေးလာကြသည်ကို တွေ့ရသည်။ အီဂျစ်နိုင်ငံသည် သတ်မှတ်ထားသည့်အတိုင်း ရွေးကောက်ပွဲပြုလုပ်ပေးလေ့ရှိသော်လည်း အာဏာရှင် မူဘာရက်နှင့် ၎င်းပါတီသာ အမြဲအနိုင်ရသည့်အတွက် ပြည်သူလူထုက ယုံကြည်ထောက်ခံမှု လုံးဝမရှိဟု ဆန္ဒပြသူတို့က ဆိုသည်။ ယခုတိုင်းပြည်၏ အထွေထွေအကြပ်အတည်းကိုလည်း အာဏာရှင်များက ဖြေရှင်းနိုင်ခြင်း မရှိသည့်အတွက် မူဘာရက်ကို ရာထူးက နှုတ်ထွက်ရန် ဆက်လက် ဆန္̔ဒပြနေခြင်း ဖြစ်သည်။
 
အီဂျစ်ပြည်သူလူထုနှင့်အတူ ဆန္ဒပြပွဲသို့ လာရောက်ပူးပေါင်းသူ အတိုက်အခံခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အယ်ဘာရာဒေးကို ရဲတပ်ဖွဲ့က အကျယ်ချူပ် ထိန်းသိမ်းထားသည်။
 

Comments