Mar Mar Aye - 365

“ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်” အမှတ် (၃၆၅)
အဆိုတော် ဖြစ်ချင်တဲ့ ဌေးဌေးမြင့်
မာမာအေး
ဇန်န၀ါရီ ၃၀၊ ၂၀၁၁

မူရင်း အသံလွှင့် ဆောင်းပါးကို ဤနေရာ www.bbc.co.uk/burmese တွင် နားဆင်ပါ

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် -
မာအေးချစ်တဲ့ သောတရှင် တေးဂီတ ဝါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးသွားတဲ့ မာအေးရဲ့ အစီအစဉ်တွေဟာ ကိုယ်နဲ့ အသံလွှင့်ဖို့ လွဲသွားတဲ့ “ချစ်သူ့ပြောသံ” သီချင်း ကြောင့် နွယ်ပြီး ပြောပြခဲ့တာတွေပါဘဲ၊ မာအေးရဲ့ ချစ်ပရိတ်သတ်တွေဟာလဲ ကံကောင်းတယ်။ ပြောပြချင်တဲ့သီချင်းသံ အမှန်တွေ ရောက်လာတတ်လို့ ပြောမိတဲ့အတိုင်း ဌေးဌေးမြင့် အသံကလေးနဲ့ ဆိုထားတဲ့ “ချစ်သူ့ပြောသံ” ရပြီရှင့်---။ သူ့သီချင်းလေး သူ့အသံလေး ကြားဖြစ်အောင် နားထောင်ပါအုံး၊ နောက်ဆုံး တပိုဒ်လောက်ပါဘဲ၊ အချိန် မရနိုင်တာကိုတော့ ခွင့်လွှတ်ပေါ့။

*(ချစ်သူပြောသံ --ဌေးဌေးမြင့်)
ငွေလရောင်နဲ့ကုမုဒြာပေါင်းပါမှ ပွင့်မြတ်ချပ်လွှာ ပွင့်လာနိုင် မေနဲ့မောင့်ဘဝ သည်နှယ် သည်သို့သာ မေတ္တာသဘော သစ္စာနှောလို့ ချစ်ခြင်းခိုင် မောင့်မေတ္တာလရောင်ရိပ် ချွေးသိပ်အပမ်းဖြေနိုင် အေးရိပ်စခန်း မြေတိုင် အစဉ်ဘ၀သစ္စာမပြယ်ပါနိုင် xxxx ကြင်သမျှအချစ်မှာ ကုဋေကုဋာတိုင် ရင်မှာမေတ္တာစွေကာ --- ခွဲမရပါနိုင် သဲမြညှာခိုင်xxxxx

ဒီသီချင်းလေးကြားတော့ သူငယ်ချင်းတွေ ခေါင်းနင်းဆင်းလိုနေခဲ့သူတွေနဲ့ ဂီတတောမှာ သောခဲ့တာတွေ မောခဲ့တာတွေ သတိရစရာလေးတွေ ပေါ်လာတာပေါ့၊ “မိဌေးလေးနဲ့ ချိုးကလေး”တို့ကလဲ တကယ့်ချစ်သူတွေဖြစ်၊ ယူလည်း ယူဖြစ်သွားခဲ့ပါတယ်၊ ကျောင်းဆရာ ကိုကျော်ညွန့်နဲ့ ချိုး ခင်မောင်ကြီးတို့ အကြောင်း တစွန်းတစ ပြောပြီးပြီဆိုတော့ မိဌေးလို့ဘဲ မာအေးတို့ ခေါ်ခဲ့ကြတဲ့ ဌေးဌေးမြင့်လေးအကြောင်း နည်းနည်း ပြောရမှာပေါ့။

သူ့မိဘတွေကိုတော့ မြင်ဖူးပေမယ့် နာမည်တွေကျတော့ မာအေးရဲ့ ဝသီအတိုင်း မမေးမိခဲ့ဘူးရှင့်။ သူဟာ ရန်ကုန် ပန်တျာကျောင်း အက သင်တန်းဆင်းကလေးပါ၊ မာအေးက တိုးနိုင်ဓါတ်ပြားကုမ္ပဏီနဲ့ အလုပ် လုပ်တဲ့အခါမှာ စတွေ့ခဲ့ရပါတယ်။ ဓါတ်ပြားကုမ္ပဏီပိုင်ရှင် အမေဒေါ်သန်းရင်က သမီးလိုမွေး စင်တင်ပေးထားတဲ့ ခလေးဘဲ၊ မိမော်လွင်တပုဒ်ပဲ ဓါတ်ပြားသွင်းပြီးတဲ့ အချိန်ပါ။ မာအေးဆိုခဲ့တဲ့ “အတုအယောင်”သီချင်းလည်း သူ ဓါတ်ပြားသွင်းခွင့်ရခဲ့ပါတယ်၊ ဗမာသံဗမာဟန် အဆိုကောင်းတဲ့ တေးသံရှင်ထဲမှာ တယောက် အပါအဝင်ပါဘဲ၊ “ပန်တျာကြည်လင်နဲ့ ပန်တျာတင်တင်မြင့်” တို့ကို အမေဒေါ်သန်းရင်က ဇာတ်အဖွဲ့ ထောင်ပြီး စင်တင်ပေးတဲ့အခါ အတွေ့အကြုံရဘို့ရာ မိဌေးကိုလည်း ထည့်လိုက်ပါတယ်၊ ပန်တျာကျောင်းထွက်မို့ ဝါသနာရှိလို့ သူကြိုးစားရင် အောင်မြင်မယ့် အခွင့်အရေး ရရှိပေမယ့် ကာလပေါ်အဆိုမျိုးဘဲ ဆိုချင်တယ်ရယ်လို့ အဖွဲ့က ထွက်ပါတယ်။ ခပ်ငယ်ငယ်မှာဘဲ ချိုးရဲ့ အိမ်ရှင်မ ဖြစ်သွားပြီး ပျော်လို့ပါဘဲ။

ကဲ - ရှားရှားပါးပါး ခင်မောင်ကြီးရဲ့ “တက္ကသိုလ်မှာဝေတဲ့နှင်း” ဆိုတဲ့ သီချင်းလည်း ရောက်လာပြီ။ မာအေးက ဒီဖက်မှာ အထောက်အထား ပြစရာတွေ ရှာရခက်တဲ့အကြောင်း ပြောမိထားလို့ ထင်ပါရဲ့ ၊ ဂီတဝါသနာတူ စုဆောင်းထားတဲ့သူတွေက အီးမေး(လ်)နဲ့ ပို့ပေးလို့ပါ၊ နားဆင်ကြည့်ပါဦး၊ မာအေး အဖို့ကတော့ ဗျိုင်း လည်တိုင်လိုရှည်၊ ဆိုနေရင် မျက်တောင် တဖြတ်ဖြတ် ဖြစ်တတ်တဲ့ ချိုးအကောင်ကိုဘဲ မြင်ယောင်ယောင်ဘဲလေ။

(တက္ကသိုလ်မှာ ဝေတဲ့နှင်း- ခင်မောင်ကြီး)
သံသယတောလယ် မောတယ်အချစ်ရယ် ပန်းချီကဗျာထက်လှတဲ့ သီလာ တက္ကရဲ့ ကျွန်းညိုမြ၀ယ် မိုးမြေနိမ့်အောင် မာယာဆောင်သို့ မြူနှင်းတို့ဝေတဲ့ကာလ ချမ်းမြမြ ဟေမာန်ဝယ် လှပုံလေးလည်း တမျိုးရယ် တစိမ့်စိမ့်လေးလည်းအေးတယ် တသိမ့်သိမ့် တွေးစရာလေးတွေ ရှိနေသည်မို့ တက္ကသိုလ်မှာဝေတဲ့နှင်းရယ် နှင်းကလေးတွေမှ ဟုတ်ရဲ့လား---- နှင်းကလေးတွေမှ ဟုတ်ပါရဲ့လားကွယ်

ရေဒီယိုရွှေခေတ်တုံးက နှစ်ခြိုက်ကြတဲ့ ဗမာသံ ဆွေးယောင်ယောင် သီချင်းတွေထဲမှာ ခင်မောင်ကြီးရဲ့တက္ကသိုလ်မှာ ဝေတဲ့နှင်းကလည်း တပုဒ် ပါဝင်တာပေါ့ရှင်၊ သူက ဝါသနာရှင်ပါ။ မာအေးတို့ အုပ်စုကြားမှာ ဝင်ဆိုရမှာတောင် ကြောက်တတ်ပါတယ်၊ စိတ်ငယ်လို့ ချောင်း ခဏခဏဟန့်တော့ လည်ချောင်းနာတာသာ အဖတ်တင်တဲ့ ချိုးကလေးပေါ့၊ မိဌေးလေးကိုလည်း အလိုလိုက်ပါ့ ၊ တချက်မှ မျက်နှာ မညှိုးစေရဆိုတာ မျက်စေ့နဲ့ အမြင်ပါဘဲ၊ တပူးတွဲတွဲ နေရင်းနေရင်း ခလေးမဟာ အဝေးနှင်လေသတဲ့---။ ကိုယ်ရပြီးသား ပရိသတ်ရဲ့အားကို မသုံးစားတတ်တဲ့ ခလေးမဟာ အနုပညာ လမ်းခြား အနောက်ဖက်တေးသွား သူ့အသံ သူ့ဟန်နဲ့ နည်းနည်းမှ လားလားမှ မကိုက်တဲ့ ဆီကိုရောက်၊ နာမည်လည်းပျောက် လူလည်းပျောက် ဖြစ်သွားရှာတယ်၊ နှမျောစရာပါဘဲ။

ဥက္ကလာပသား မာအေးတို့ သူငယ်ချင်းသုံးဦး ရူးလောက်တဲ့ ကံကြမ္မာအလှည့် တည့်တည့်ကြီး ၀င်တိုး၊ ချစ်ကျိုး နည်းတာချင်းလည်း တူခဲ့တယ်၊ ချစ်သူခွာပြေး ဟို အဝေးနယ် ဆိုတဲ့ မာအေးရဲ့ ပိတောက်လမ်း သီချင်းထဲက စာတန်းလေး အတိုင်းဘဲလို့ ပြောရမှာပေါ့။ ဘာဘဲဖြစ်ဖြစ်လေ မာအေးတို့ဖက်ကတော့ ကျောင်းဆရာ ဆိုတဲ့ ချစ်သူ့ကိုယ်စား သီချင်းထဲကလို သောတရှင်တို့အတွက် တေးတွေ ဆက်နေကြမှာ ဖြစ်ကြောင်းပါရှင်။

( ချစ်သူ့ကိုယ်စား -- ကိုကျော်ညွန့်)
စိတ်တွေ ချောက်ခြား ညအမှောင်များဝယ် မှေး---မှေး မှိတ်လို့ရယ် တွေး --တွေးသိပ်ဖို့ တကယ် လေသာပြူတင်းမှကွယ် လရောင်ရိပ် ကိုယ့်ဝိညာဉ်ပါတကယ် မေ့အပါးဝယ် ခိုနားပါ့မယ်
မေရယ် မေရယ် ဝမ်းနည်းစရာ ကြုံလို့ရယ် ပါးပြင်မို့မို့ မျက်ရည်စို့ရင် တကယ် --ပုဝါစလေးဟာမေရယ် ကိုယ့်ရဲ့ လက်ဖ၀ါး နုပါကွယ် ချစ်သူ အငိုတိတ်အောင် ယုယ လို့ဘဲ ပေးလိမ့်မယ်--
အေးချမ်းတဲ့ ဆောင်းခါများမယ် နှင်းမှုံကြားမှကွယ် နေပူရှိန်ဟာ တကယ် ကိုယ့်ရဲ့ ရင်ငွေ့ပါကွယ် ပူအိုက်တဲ့ ရာသီများမယ် မေ့အပါးဝယ် လေပြေလေညှင်း အဖြစ် ကိုယ်ရောက်လာခဲ့မယ်၊ ဝမ်းပမ်းတသာ ပန်းကလေးများ မေနမ်းမိရင်ကွယ် ကိုယ့်ပါးပြင် ဖြစ်ပါ့မယ် မေရယ်---

Comments

Unknown said…
I would like to have the whole lyric of the song "Chit-thu-ko-Zar" sung by Ko Kyaw Nyunt.
I am a regular listener of Dr Mar Mar Aye articles " Pyaw -Sa-Yar -Thwae-Lae-tha-Pone -Gyi -Shee-Thay -Tae" on BBC .

thank you Daw Mar Mar Aye.

Ney Myo aung, USA