Maung Mic Khe Sein - The old game theories for Maung Ba Chit

မောင်ဘချစ်အတွက် ဂိမ်းအဟောင်းများ
မောင်မိုက်ခဲစိန်
ဇန်န၀ါရီ ၃၀၊ ၂၀၁၁
လွန်ခဲ့တဲ့ ဒီဇင်ဘာမှာတုန်းက မိုးမခမှာ သရော်စာပြောင်အရေးကောင်းသူ မောင်ဘချစ်တယောက် အာဏာရှင်ဂိမ်းသီအိုရီ နိဒါန်းကို ရေးသွားတယ်။ သည်နေရာမှာ ပြန်ဖတ်နိုင်ပါတယ်။ နောက်ပိုင်း သူပဲ ဆက်ပြီး စာကိုယ်တွေ၊ အခန်းဆက်တွေများ ရေးလေမလား ရယ်လို့ စောင့်ရင်းနဲ့ နှစ်သာ ကူးသွားတယ်၊ မောင်ဘချစ်လည်း စာမရေးဖြစ်တော့ဘူး။ လွှတ်တော်ကြီး တက်ဖို့ကလည်း နီးလာပြီ၊ တိုင်းပြည်အရေးမှာလည်း ပြောဟယ် ဆိုဟယ် တွေ တားဟယ် မြစ်ဟယ် ကန့်သတ်တာတွေ ဖြစ်လာနေတယ်။ တခါးတွေမှာ မပွင့်စေချင်တာတွေက ပွင့်ပြီး ပွင့်စေချင်တာတွေက ပိတ်နေတုန်းပဲ။ သည်တော့ မောင်ဘချစ် ရေးခဲ့သလို အာဏာရှင်သက်ဇိုးရှည်စေတဲ့ ဂိမ်းသီအိုရီတွေ စဉ်းစားမိသမျှချရေးလိုက်တယ်။
         အာဏာရှင်အောက်မှာ နေသားကျနေတော့ ကျနော်တို့ရဲ့ အမူအရာ၊ အတွေးအခေါ်တွေက အတော်ခေါက်ရိုးကျိုးတယ်။ အဲသည် ဂိမ်းအဟောင်းတွေမှာ ကျနော်တို့က အတော်ကို အကျင့်ရနေတယ်။ ထင်ရှားတဲ့ ဥပမာတခုကတော့ ငါတို့က ဦးဆောင်သူ မလုပ်ပါဘူး၊ နောက်ကနေပဲ လိုတာတွေ လုပ်ပေးပါ့မယ်လို့ ပြောတဲ့ အကျင့်ဆိုး။ ရှေ့ကနေ ဦးဆောင်နိုင်ရင် မရှက်မကြောက် လုပ်ပေါ့။ အဲသည်လိုလည်း မဟုတ်၊ နောက်ကနေ ကြိုးကိုင်နေသလို၊ ကြိုးဆွဲနေသလို၊ နောက်လိုက်တဦးလိုပဲ လိုတာတွေ လိုက်လုပ်နေသလိုနဲ့ နေကြတာတွေ ရှိတယ်။ မဆလခေတ်က အာဏာရှင်တွေကို အမြင်ကတ်တာနဲ့ ရှေ့ထွက် မလုပ်တာလည်း ဖြစ်နိုင်သလို၊ ရှေ့ထွက်လွန်းလို့ အတီးခံရမှာကို စိုးတာလဲ ဖြစ်နိုင်တယ်။ နောက်ပြီးတော့ တကယ်ဦးဆောင်ချင်လို့ ထွက်လုပ်တဲ့သူတွေ ရှိလာပြန်တော့လည်း အဲသလို နောက်က လိုတာလုပ်ပေးမယ် ဆိုတဲ့သူတွေက ဟိုလိုလို ဒီလိုလို ဖြစ်နေတာတွေကလည်း အကျင့်ဆိုးပဲ။ ဒါက ကျနော်တို့ဆီမှာ ကစားနေကျ ဂိမ်းဟောင်းတခု။
         နောက် အကျင့်ပါနေတဲ့ ဂိမ်းအဟောင်းတခုက လူရှေ့သူရှေ့မှာ ပွင့်ပွင့်လင်းလင်း ပြောဆို ငြင်းခုံတာ၊ ပြေလည်အောင် ဖြေရှင်းတာကို မလုပ်ဘဲ နောက်ကွယ်မှာ စကားတင်းဆိုတာကလည်း တခုဖြစ်တယ်။ အဲ နောက်တခုကတော့ တဦးဦးကို မီးထိုးပြီးတော့ တဖက်လှည့်နဲ့ ၀ါဒဖြန့်တာ သွေးထိုးတာတွေ လုပ်တာမျိုးတွေ ဖြစ်တယ်။ မြန်မာပြည်က သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေက ရှေ့ကနေ နေ့စဉ်လုပ်ပြနေကြတော့ ကျနော်တို့လည်း သူတို့ကို ကြည့်ပြီး အတုခိုးမှားတယ် ပြောရမယ် ထင်တယ်။
         ကျနော်တို့မှာ သွေးခွဲခံရတာက အကျင့်ကို ပါနေသလို ဖြစ်နေတာလည်း ဂိမ်းအဟောင်းတခုလို့ စာရင်းတို့ထားချင်ပါတယ် ခင်ဗျ။ လူမျိုးရေးအရ သွေးခွဲခံတာ၊ ဘာသာရေးအရ သွေးခွဲခံတာ၊ လူတန်းစားတွေ အဆင့်အတန်းတွေအရ သွေးခွဲခံရတာကို အတော်ကို နှစ်ချိုက်လေ့ရှိပါတယ်။
“ခင်ဗျားတို့တတွေက အတော်ဟုတ်နေတာ၊ ဟိုလူမျိုးတွေက ဒါမျိုးကျ မရဘူး” ဆိုရင် ကျေနပ်နေပြန်ရော။ “ဗုဒ္ဓဘာသာဝင်တွေက တော်သေးတယ်၊ ခရစ်ယာန်တွေ၊ မွတ်ဆလင်တွေက သိပ်ဆိုးတာ …” လို့ ပြောတာမျိုးကို လက်ခံမိတာ။ “ပညာတတ်တွေက နားလည်မှုရှိပါတယ်။ လူဆင်းရဲတွေက စည်းရုံးလို့ မရဘူး” တို့နဲ့ ပြောရင် နားယောင်သွားတွေကို ကျနော်တို့တတွေက အကျင့်ပါနေလေ့ရှိတော့ သွေးတွေ ကွဲနေမိကြတာပေါ့။
နောက် ကျနော်တို့မှာ အာဏာရှင်နဲ့ နေထိုင်နေကျဖြစ်တော့ တော်ရုံတန်ရုံ အမှန်တရားကို စကားကပ်လိုက်ရင်၊ ပါးလှည့်နားရိုက် ပြောလိုက်ရင် ဘာပြန်ပြော၊ ဘယ်လို စောဒကတက်ရမှန်း မသိပဲ လက်ခံနေမိတာမျိုးတွေ ရှိတယ်လေ။ ဒေါ်စုက တိုင်းပြည်ကောင်းစားစေချင်ရင် စီးပွားဖွင့်လှစ်လိုက်တာကို ခွင့်ပြုသင့်တာပေါ့ လို့ ဆိုတာမျိုး၊ ဗိုလ်သန်းရွှေတို့က တိုင်းပြည်ကြီးကို စည်းကမ်းရှိသော ဒီမိုကရေစီပေးနေတာ အခုလို ခရီးရောက်နေတာကို နားမလည်ကြပါလား လို့ ပြောလိုက်ရင် ဘာပြန်ပြောရမှန်းမသိ ခေါင်းတငြိမ့်ငြိမ့်နေတာမျိုးတွေ ရှိနေတုန်းပဲ မဟုတ်လား။
တခုချင်းစီ လျှောက်ရေးမနေတော့ပါဘူး။ စာရင်းပြုစုထားသလောက် အာဏာရှင်ဘွတ်ဖိနပ်အောက်က ရုန်းမထွက်နိုင်တဲ့ အကျင့်ဆိုးတွေလေးတွေကို အတိုချူံးပြီး ရေးထားလိုက်ပါမယ်။ ကျနော်တို့တတွေ ရင်းနှီးပြီးသားဆိုတော့ သိပ်ပြီး ရှင်းပြစရာ လိုမယ် မထင်ဘူးလေ။
ကိုယ်တိုင်က စပြီး မလုပ်ဘဲနဲ့ အခေါ်အပြောကို စောင့်ဆိုင်းနေတာ၊ အခိုင်းကို စောင့်နေတာ …
သဘောချင်း တူနေသော်လည်း ပူးပေါင်း ညှိနှိုင်းပြီး မလုပ်ဘဲနဲ့ ခွဲခြား ကန့်သတ်ပြီးတော့ လုပ်ဖို့ အားသန်တာ …
ဒါတွေ ဒါတွေကြောင့် ကိုယ်တို့က တိုင်းရေး ပြည်ရေး ဘာရေး ညာရေးတွေ မလုပ်တော့တာပေါ့ ဆိုပြီး ဆင်ခြေတွေ အကြိမ်ကြိမ်ပေးပြီး ထိုင်နေတာ၊ ထိုင်နေကြောင်းကိုလည်း ဂုဏ်ယူပြီးပြောတာ။ မဆလခေတ်က နိုင်ငံရေးမလုပ်တော့ဘူးဆိုတဲ့ လူကြီးတွေအနားသွားရင် ကြားရလေ့ရှိတဲ့ စကားပေါ့လေ။
အတိတ်မှာပဲ နေပြီးတော့ အဲသည်တုန်းက အကြောင်းတွေပဲ ပြောနေတာ … လက်ရှိ အပြောင်းအလဲ အခြေအနေတွေနဲ့ ကင်းကွာနေသော်လည်း အတိတ်ကို မစွန့်လွှတ်သေးတာကြောင့် လက်တွေ့မှာ အလုပ်က မဖြစ်တော့။ စစ်အာဏာရှင်တွေကိုယ်တိုင်ကလည်း ဘုရင့်နောင်တွေ၊ အလောင်းဘုရားတွေနဲ့ မှိုင်းတိုက်လို့ မပြီးနိုင်တာလည်း မဆန်းပါဘူး။
အပြစ်တင်တာ။ အပြစ်တင်တဲ့ ကစားနည်းနဲ့ ပျော်ပိုက်နေတာ။ ငါ့ကြောင့် မဟုတ်ဘူး။ သူတို့ကြောင့်လို အမြဲပြောနေတာ။ စစ်အစိုးရကလည်း ရှေ့က ပြောလေ့ရှိတယ်လေ။ အဖျက်အမှောင့် အကြမ်းဖက်သမားတွေကြောင့်၊ ပုဆိန်ရိုးတွေကြောင့်၊ အနောက်အုပ်စု သွေးထိုးလို့ တိုင်းပြည်က ပျက်နေရတာ ဆိုတော့ … စစ်အာဏာရှင်တွေကြောင့် ကာလနာတိုက်တာက အပြစ်မဟုတ်တော့ဘူးလေ။ ကျနော်တို့လည်း အပြစ်တင်တာ အပြစ်မြင်တာတွေ အကျင့်ပါကုန်ရော။ ဒီမိုကရေစီနဲ့ ကျနော်က ထိုက်တန်နေပြီးသားပါ။ ဘေးအိမ်က ကောင်တွေ ညံ့လွန်းလို့ မရသေးတာ ဆိုတာမျိုးလေ။
ကိုယ်က စပြီး လုပ်ထည့်လိုက်ဖို့ မစဉ်းစားမိတော့ဘဲ မီးစင်ကြည့်ကတဲ့ အကျင့်ကြီးကလည်း စွဲပြီးရင်း စွဲရင်းပဲ။ တုန့်ပြန်တဲ့ အကျင့်စွဲနေတာမျိုးပေါ့နော်။ အမှားလုပ်မိမှာကို မှားမှာကို ကြောက်အောင် လုပ်ထားတော့ ဘာမှ မလုပ်တော့ဘူး။ အလုပ်ခံရနေတာ့မှ တုန့်ပြန်တာ၊ စိတ်ဆိုး မာန်ဆိုး အော်ကြီး ဟစ်ကျယ် ပေါက်ကွဲပစ်လိုက်တာကို ကျနော်တို့က ကြိုက်နေမိတယ်။ မြန်မာရုပ်ရှင်တွေ ကိုရီးယားကားတွေ ကြည့်လေ။ အော်ကြီး ဟစ်ကျယ် ရန်ဖြစ်မယ်။ ယောက္ခမနဲ့ သားမက် ချွေးမဆိုတာ ကမ္ဘာ့ရန် တသက်လုံး မပြီးတော့ဘူး။ ပေါက်ကွဲနေတော့တာပဲ။ သိသိကြီးနဲ့ အရင် ခံလိုက်ဦးမယ် ဆိုတဲ့ သဘော ဖြစ်နေသလိုပဲ။
နောက်တခု စဉ်းစာမိပြန်တာက ကျနော်တို့မှာ တဦးကို တဦး ခြောက်တာ၊ ကြောက်အောင်လုပ်တာက အကျင့်ပါနေတယ်။ မလုပ်နဲ့ အဆင်ပြေမှာ မဟုတ်ဘူး။ မလွယ်ဘူး။ မကြားဖူးဘူး။ သူများတွေ ကြိုက်မှာ မဟုတ်ဘူး။ အစဉ်အလာအရ ဒါမျိုး မလုပ်ကြဘူး။ ကျနော်တို့ ကျမတို့ ဒါမျိုး အတွေ့အကြုံမရှိဘူး ဆိုတာတွေက ကျနော်တို့ နေ့တဓူုဝ စကားတွေထဲမှာ အတော်ကို ပျော်ဝင်နေတာ တွေ့ရတယ်။ သံသယတွေ အရမ်းများတာပဲ။ ဒါတွေကို ထုတ်ဖော်ဖြေရှင်း ပြေပျောက်အောင် မလုပ်ဘဲနဲ့ အဲဒါတွေ မွေးမြူပြီးတော့ အသက်ရှင်နေထိုင်တာကို နှစ်ချိုက်နေမိသလားတောင် မသိပါဘူးဗျာ။
အများနဲ့ လုပ်တဲ့ အတူတကွ နေထိုင်တဲ့ အကျင့်သီလ အပြုအမူတွေ ကျနော်တို့ ပိုမို လုပ်ကြရမယ် ထင်တယ်။ အချင်းချင်းလည်း အကောင်းပိုမြင်ကြသင့်တယ် ထင်ပါတယ်။ တကိုယ်တော် သူရဲကောင်းတွေ၊ ကိုယ်တို့ကတော့ နည်းနည်းနဲ့ ကျဲကျဲသမားတွေလို့ တလွဲဂုဏ်ယူနေမိတာတွေ၊ အများနဲ့ လုပ်ပြန်တော့လည်း အလုပ်ဖြစ်အောင် လုပ်နိုင်ဖို့ စိတ်မလျှော့ပဲ ကြိုးစားနေတာမျိုးတွေ လိုမယ် ထင်ပါတယ်။
ကျနော်တို့တတွေ ဘ၀တလျောက်လုံးမှာ အာဏာရှင်စိတ်တိုင်းကျ ဂိမ်းအဟောင်းတွေနဲ့ ကစားနေခဲ့တာ များပြီ။ မောင်ဘချစ်ကလည်း ဆက်မရေးတော့ မိုက်ခဲစိန်တို့ကပဲ အမိုက်ခံပြီး ရေးလိုက်တယ်။ အာဏာရှင်တွေ အမြဲနိုင်နေတာ မဟုတ်ပါဘူး။ ကျနော်တို့တွေဖက်က အရှုံးပေးရတာကို အကျင့်ပါနေတာ။ မိမိကိုယ်ကို မိမိ ရှက်ပြီး သည်စာရေးလိုက်တယ်။ နောက် စဉ်းစားမိတဲ့ ဂိမ်းအဟောင်းတွေ ရေးအုံးမယ်။
အပြောပဲ များပြီး အလုပ်မပြနိုင်တာလည်း ဂိမ်းအဟောင်းတခုပဲဗျာ …။

Comments