My academy Sein - Joke on you Academy ...

အကယ်ဒမီဟာသများ
မိုင်အကယ်ဒမီစိန်
ဇန်န၀ါရီ ၃၀၊ ၂၀၁၁
၂၀၁၁အကယ်ဒမီပေးပွဲက ဟာသများကိုတော့ မြန်မာ့ရုပ်မြင်သံကြားကနေ ပြည်သူလူထုများကို မကြည့်မနေရ ကြည့်ခိုင်းလို့ ကြည့်လိုက်ရပါတယ်။ တခြားကြည့်စရာလည်း မရှိဆိုတော့ ဒါကိုပဲ အိပ်ချင်ပြေလေးဆိုပြီး ကြည့်ကာမှ ဟာသများနဲ့တိုးနေလို့ မျက်လုံးများတောင် ကျယ်သွားရကြောင်းပါ
အကယ်ဒမီလင်ပန်းကိုင်မလေးများဟာဖြင့် စင်ပေါ်မှာ ခြေတစ်လှမ်း ဒေါ်လာတစ်သန်းနဲ့ လှမ်းနေကြတာဟာ အင်မတန်မှ ရယ်ချင်လျက် လက်တို့ ဖြစ်ရပါတယ်။ အစီအစဉ်များအရ ကပ်ကြေးညှပ်မယ့်သူများ၊ ကြေငြာပေးသူများနဲ့ အကယ်ဒမီဆုရှင်များက စင်ပေါ်မှာနေရာယူနေပြီးကာမှ စင်တော်က စင်မမများရဲ့ ခြေလှမ်းများက ကာယကံရှင်များရှေ့အရောက် လှမ်းတာကို စောင့်စားနေကြရပုံများကတော့ တော်တော်လေးကို အရုပ်ဆိုး အကျဉ်းတန်လှကြောင်းပါ။
အဲသည်မော်ဒန်မလေးများကိုကြည့်နေရတာနဲ့တင် အူနှိပ်ပြီး ရယ်နေရပါတယ်။ သူတို့ခြေလှမ်း မြန်မြန်မလျှောက်ရဘူးလို့ ဆိုထားလို့လား ခင်ဗျ။ ဒါဆိုလည်း စကတည်းက တိုင်ပင်ကိုက်အောင် လုပ်ထားပါတော့လား။ ကျေးဇူးတင်စကားပြောမယ့် အကယ်ဒမီဆုရှင်များခင်မျာ သူ့ကို မိုက်ခွက်လာပေးမယ့် မော်ဒယ်လေးလမ်းလျောက်တာကို စိတ်ရှည်လက်ရှည် စောင့်နေရပါတယ်။ မော်ဒယ်အလှလျှောက်စင်နဲ့ အကယ်ဒမီစင်နဲ့ များ မှားပြီး ရောက်လာလေသလား ခင်ဗျား …။
နေတိုး အကယ်ဒမီရမယ် ဆိုတာ အမှန်ပြောရရင် မိုင်အကယ်ဒမီ အနေနဲ့ ကြိုတင်ပြီး ရိပ်မိထားပါတယ်။ ကြိုပြီး မပြောတာကတော့ ကိုယ်ကြိုပြောထားလိုက်မိလို့ မရမှာ စိုးရိမ်လို့ပါပဲ။ နေတိုးဟာ သူရိုက်ထားတဲ့ အငြိမ့်ဟာသများနဲ့ပတ်သက်ပြီး အစိုးရကို ဆော်ထားတာများ ပါလို့ အကယ်ဒမီမရနိုင်ကြောင်း နံမယ်ထွက်ထားတာပါ။ သို့သော်လည်း အစိုးရက တခါတရံမှာ သူတို့ နံမယ်ကောင်းရဖို့၊ သဘောထားကြီးကြောင်း ပြချင်တဲ့အတွက်ကြောင့် အဲသည်လိုမျိုး ပေးလေ့ ပေးထရှိပါတယ်။ ဒိလိုဥပမာများ ကိုယ့်ကိုယ့်ဖာသာ စဉ်းစားကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်။ ဒါကြောင့် နေတိုးရလိုက်တဲ့အတွက် ပြည်သူတွေရဲ့ရင်ထဲမှာ နည်းနည်းတော့ မြူးသွားရတယ်ပေါ့။ ဒါကိုက နိုင်ငံရေးလှည့်ကွက်တခုပါပဲ ခင်ဗျား
အကယ်ဒမီများ ရသွားတဲ့ “မိုးညအိပ်မက်မြူ” ကားဟာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ နံမယ်ကြီးဝတ္တုကြီး ဖြစ်ပါတယ်။ ဒိဝတ္တုထဲက ဇာတ်ကောင်များဖြစ်တဲ့ မမထား၊ မမရီနဲ့ အငြိမ့်သမလေး စတဲ့ မင်းသမီး သုံးလက်ဟာဖြင့်ရင် အင်မတန်မှကို သဘာရင့် ၀ါရင့်တန်းများဖြင့်သာ သင့်တော်တဲ့ ဇာတ်ရုပ်များဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို တက်သစ်စများနဲ့ ရိုက်ကူးလိုက်တာကိုတော့ဖြင့် မိုင်အကယ်ဒမီတစ်ယောက်ထဲတင် မကပါဘူး။ ဒီအရင်က ကြည့်ခဲ့ဖူးတဲ့ မိုးညအိပ်မက်မြူ ရုပ်ရှင်ပရိသတ်ဟောင်းများကတော့ တော်တော်လေး အစာမကြေဖြစ်သွားရကြောင်းပါ။
နေတိုးရဲ့ဇာတ်ရုပ်များကိုတော့ အရင်ရုပ်ရှင်ပရိသတ်များက အားမလိုအားမရဖြစ်ကြကြောင်း တွေ ကြားမိပါတယ်။ ဒါကိုတော့ မိုင်အကယ်ဒမီအနေနဲ့ မဝေဖန်တတ်ပါဘူး။ ရုပ်ရှင်ထဲက မမထားရဲ့အမေအဖြစ် သရုပ်ဆောင်တဲ့ ခင်သီတာထွန်းကိုတော့ ကြည့်သူတိုင်းဟာ အိုဗာအိုက်တင်ကြီးဖြစ်နေလို့ စိတ်ပျက်မိကြပါတယ်။ ခင်သီတာထွန်းဟာ အမှန်အားဖြင့် သူ ငယ်စဉ် သူ့ကာရိုက်တာအရ ပြောရရင် အေးဆေးသော တည်ငြိမ်သော ရိုးသားသော ဟန်အမူအယာများဟာ လုပ်ပြီး သရုပ်ဆောင်ပြစရာမလိုလောက်အောင် ပြည့်စုံတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ အဲသည်မင်းသမီးက အခုအိုဗာအိုက်တင်နဲ့ ဆိုတော့ သူ့ကိုကြည့်ရတာ ထားရဲ့မိခင်ရင်းပုံတောင် မပေါက်ဘဲ မိဒွေးပုံစံ ပေါက်သွားပါတယ်။ ဒီလိုဇာတ်ရုပ်မျိုးကို အင်မတန် ပိုင်နိုင်သော ဒေါ်သီတာခင်ထွေး၊ နွဲ့နွဲ့စန်းတို့သာဆိုရင် အိုဗာအိုင်တင်ကို ကောင်းကောင်းကြီး သရုပ်ဆောင်ပြတတ်မှာ သေချာပါတယ်။ ဒါရိုက်တာအနေနဲ့လည်း ခင်သီတာထွန်းအခန်းများကို သူကိုယ်တိုင် ပရိသတ်နေရာကနေ ကြည့်ရင် ထင်ထင်ရှားရှားမြင်မှာပါ။ ဒါကို ဒီအတိုင်းလွှတ်ပေးလိုက်တာဟာ မပြောရဲလို့ဘဲလား။ ဒါမှမဟုတ် ၀ါရင့်မင်းသမီးတစ်လက်ဖြစ်လို့ ပိုင်မှာပဲလို့ တွက်ဆထားလို့လား မသိပါဘူး။
အခုတင်ပြလိုက်တာတွေကတော့ ပရိသတ်များဆီက စကားများကို ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါတယ်။ ဒါမျိုးကို ပြည်တွင်းဂျာနယ်တွေထဲလည်း ဘယ်သူမှ ရေးမှာ မဟုတ်ပါဘူး။ ပရိသတ်များဆီက အသံကိုတော့ ကြားသင့်တယ်ထင်ပြီး ရေးလိုက်တာပါပဲ
အဲ… အကယ်ဒမီပေးပွဲလည်းပြီးလို့ လူကြီးမင်းများနဲ့ ဂါရ၀ပြုကြနဲ့ ဟုတ်လို့ပါပဲ။ သို့သော် လူကြီးမင်းများလည်း ပြန်ပါရော … အလိုလေး … အကယ်ဒမီစင်ကြီး တခုလုံးဟာ တခါတည်းကို ပတ်စာခွာ ဖျာသိမ်း တဟုန်ထိုး သိမ်းဆည်းကြတော့တာပါပဲ။
ဆရာမရှိ တပည့် သောင်းကျန်း ဆိုလား…။ အကယ်ဒမီစင်မြင့်က မီးကို ပိတ်တော့တာပါပဲခင်ဗျာ။ အကယ်ဒမီဆုရှင်များ ဓါတ်ပုံရိုက်ကြတာကိုလည်း မကျေမနပ်နဲ့ မီးကို ဖွင့်လိုက် ပိတ်လိုက် လုပ်တယ်ခင်ဗျ။ အစကတော့ မီးများပျက်သွားတယ် ထင်တာ။ မဟုတ်ဘူးခင်ဗျ။ သူတို့က ပွဲကို သိမ်းချင်နေကြပြီ။ စကတည်းက “အဖြစ်” လုပ်ပြတာကိုး။ ပွဲပြီးပြီလည်းဆိုရော မင်္ဂလာဆောင်အခန်းအနားပြီးလို့ စာပွဲထိုးတွေ၊ မင်္ဂလာဆောင်မိသားစုတွေ တက်သုတ်ရိုက် သိမ်းကြ ဆည်းကြ သလိုမျိုး ပါခင်ဗျာ။ ဒါဟာလည်း အင်မတန်ရုပ်ပျက်တဲ့ ကိစ္စပဲ ဆိုပါတော့လေ။ ဒါကို ကြည့်ခြင်းအားဖြင့် အကယ်ဒမီပေးပွဲကို စေတနာနဲ့ လုပ်တာ မဟုတ်ဘူး၊ အဖြစ် လုပ်ပြတာ ဖြစ်တယ်။ အများအမြင်မှာ အကယ်ဒမီပွဲကို အောင်မြင်စွာကျင်ပပြီးစီးကြောင်း ကြေငြာချင်ရုံသက်သက် လုပ်ပြလိုက်တယ်ဆိုတာ ရှင်းနေတာပါပဲ။ ဒါကို အနုပညာသည်များက စစ်ပါရမီဖြည့်နေကြတယ် ဆိုတာ စဉ်းစားရင်ပေါ်ပါတယ်။
လာပါလိမ့်ဦးမယ်။ အဖြစ်လွှတ်တော်ကြီး။ အကယ်ဒမီအမတ်မင်းကြီးတွေလည်း လွှတ်တော်ထဲ မောင်းသွင်းပြီး သတိ၊ သက်သာ၊ အေးစေ၊ ပြီးတာနဲ့ တန်းဖြုတ်။ မြန်မြန် ပြန်ထွက်ကြ။ နောက် ၄ နှစ် ၅ နှစ်နေမှ ပြန်လာခဲ့ကြ ဆိုတာမျိုး လုပ်ကြဦးမှာ မြင်ယောင်မိပါရဲ့။ အဲသည်ကျတော့လည်း အကယ်ဒမီကြိုတင်မဲ အမတ်မင်းကြီးများက လွှတ်တော်လျှောက်လမ်းမှာ ခုတင်က မော်ဒယ်မလေးများလို အချိန်ဆွဲပြီးတော့ လမ်းလျှောက်နေကြရုံသာ ရှိတော့တာပေါ့လေ။ သွပ် သွပ် သွပ် …။

Comments